သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စီးပွားရေး ပြန်လည်ဦးမော့


အခုတလော အမေရိကန်စီးပွားရေး အခြေအနေ ပြန်ပြီး တိုးတက်လာတဲ့ လက္ခဏာတွေ တွေ့လာရတယ်လို့ သမ္မတ အိုဘားမား အစိုးရ က ဂုဏ်ယူစွာ ပြောပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအခြေခံ ခိုင်မာဖို့တော့ လုပ်စရာတွေ ပိုလို့ လိုအပ်တယ်လို့ ပြောပါတယ်။ ငွေကြေးစနစ်ပြိုပျက်မှု အန္တရာယ်ဆိုးကြီးဟာ အခု ကျော်လွန်လို့သွားပါပြီ။ ဒါပေမဲ့လို့ အမေရိကန်ပြည်ထောင်စုမှာ တင်ရှိနေတဲ့ ကြီးမားတဲ့ အကြွေးတွေကိုတော့ ချုံ့ပစ်ဖို့ လုပ်ရလိမ့်မယ်လို့ ဘဏ္ဍာရေးဝန်ကြီး Timothy Geithner က ပြောလိုက်တာပါ။ ကိုသားညွန့်ဦးက အပြည့်အစုံ ပြောပြပေးပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းက အမေရိကန်စီးပွားရေးမှာ သတင်းကောင်းတွေ အတော်များများ ထွက်ခဲ့ပါတယ်။ အိမ်ဈေးတွေ တတ်လာပါတယ်။ အိမ်အရောင်းအဝယ်လည်း တက်လာပါတယ်။ ကုန် ထုတ်လုပ်ရေးပိုင်းလည်း တက်လာပါတယ်။ အလုပ် လက်မဲ့ဖြစ်မှုနှုန်းလည်း ကျဆင်းလာပါတယ်။ ဒါကြောင့် ဒီလို တိုးတက်မှုအခြေနေတွေကို ကြည့်ရင် အရင် မျှော်လင့် မျှော်မှန်းထားတာတွေထက် စီးပွားရေးကျုံ့မှု နည်းလာတယ်ဆိုတာ ပြတာပဲလို့ ဗီအိုအေ သတင်းထောက် Michael Bowman က သတင်းရေးသားပေးပို့ခဲ့ပါတယ်။

ဒီသတင်းတွေကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Geithner က ကြိုဆိုလိုက်ပါတယ်။
“စီးပွားရေးကျဆင်းမှုအခြေအနေကနေ ပြန်ကောင်းလာပြီဆိုတဲ့ လက္စဏာပါ။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက အခြေအနေတွေ ကို ပြန်ကြည့် စဉ်းစားကြည့်လိုက်ပါ။ စီးပွားရေးအခြေအနေက ဘယ်လို ထိမ်းမရ ကျဆင်းနေခဲ့ပါတယ်။ ငွေကြေးစနစ် ကလည်း လုံးဝပြိုပျက်လုနီးပါးပါပဲ။ အခြေအနေတွေ တည်ငြိမ်လာအောင်၊ ငွေကြေးစနစ် ပြန်လည်ကောင်းမွန်လာအောင်နဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေ လျော့ပါးသွားအောင် အစိုးရရဲ့ အရေးယူဆောင်ရွက်ချက်တွေဟာ အလွန်တရာကို ထိရောက်ခဲ့ပါတယ်။”

ဘဏ္ဍာရေးဝန်ကြီး Timothy Geithner ABC ရုပ်သံရဲ့ This Week အစီအစဉ်မှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားအတော်များများဟာ စီးပွားရေး ဒဏ်ရာဒဏ်ချက်တွေကိုတော့ ခံစားနေရဆဲပဲလို့တော့ ထည့်သွင်း ပြောသွားပါတယ်။

“ တိုင်းပြည်မှာ အလုပ်လက်မဲ့နှုန်းက အတော်လေး ကြီးနေတုန်းပါ။ အမေရိကန်တွေအနေနဲ့ သူတို့အနာဂတ်ကို ယုံကြည် လာဖို့ လုပ်ပေးရပါလိမ့်မယ်။”

တည်တည်တံ့တံ့နဲ့ စီးပွားရေး ပြန်လည်ဦးမော့လာဖို့ဆိုရင် လုပ်မယ့် အချက်တခုကတော့ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ် လိုငွေကို လျှော့ချပြီး၊ အမေရိကန်ရဲ့ ပြည်ပကြွေးမှီတွေကို နောက်ထပ်မဖြစ်အောင် ရပ်ဆိုင်းဖို့ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး Geithner က ပြောပါတယ်။

“ ဒီလိုငွေတွေ ကျဆင်းသွားအောင် လုပ်လိုတဲ့ ဆန္ဒရှိလာကြဖို့ အမေရိကန်ပြည်သူတွေကို ကျနော်တို့ မစည်းရုံးနိုင်ဘူး ဆိုရင်တော့ စီးပွားရေး ပုံမှန်ဖြစ်လာအောင်နဲ့ ခိုင်ခိုင်ခံ့ခံ့ အားကောင်းကောင်းနဲ့ စီးပွားရေးပြန်ခေါင်းမော့လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”

အမေရိကန်ပြည်ထောင်စုအတွင်း အကုန်အကျများတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ပြုပြင်ပြောင်းလဲရေးအစီအစဉ်ဟာ အမေရိကန်ပြည်သူတွေ ဝင်ငွေကို ထိန်းပေးဖို့ လုပ်ဆောင်စရာတွေထဲက တခုဖြစ်တယ်လို့လည်း ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။ အမေရိကန်စီးပွားရေး ပြန်ကောင်းလာတဲ့ အချိန်မှာ နိုင်ငံတော်လိုငွေကို လျော့ချနိုင်ဖို့ အခွန်အတုတ်တွေ တိုးမြင့်ဖို့ စဉ်းစားချက်ကိုလည်း အစိုးရဖက် ထည့်တွက်ထားပါတယ်။

စီးပွားရေးကျဆင်းမှုကို သမ္မတ အိုဘားမားအစိုးရက အရေးယူ ကိုင်တွယ်ခဲ့ရာမှာမှာတော့ အခုနှစ်အစောပိုင်းမှာ ဒေါ်လာ ဘီလီယံ ၈၀၀ ဖိုး စီးပွားရေး ကျားကန်မှုအစီအစဉ် တရပ်လုပ်ခဲ့တာပါ ပါတယ်။ အစိုးရဖက်က စီးပွားရေးဦးမော့လာအောင် အခုလို ကြိုးပမ်းနေရာမှာ ပုဂ္ဂလိက ကဏ္ဍကို အထူးအလေးပေးခဲ့ပြီး၊ ပုဂလိက ကဏ္ဍဟာ အမေရိကန်စီးပွားရေးကို ပြန်လည်ဦးထောင်နိုင်အောင် ဦးဆောင်နိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့လည်း ရီပတ်ပလစ်ပါတီဖက်ကတော့ သမ္မတ အိုဘားမားအစိုးရအဖွဲ့ဟာ အစိုးရအုပ်ချုပ်ရေးပိုင်းကို ကြီးမားအောင် လုပ်ပြီး ဒီအတွက် ပုဂ္ဂလိကတွေနဲ့ သာမန်နိုင်ငံသားတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ စွပ်စွဲထားပါတယ်။ Indiana ပြည်နယ် လွှတ်တော်အမတ် Mike Pence က တနင်္ဂနွေနေ့မှာ Fox သတင်းဌာနကို ပြောသွားတဲ့အထဲ တွေ့ရမှာပါ။

“စီးပွားရေးကျားကန်ပေးမှု အစီအစဉ် အတည်ပြု ပြဌာန်းပြီးကတည်းကစလို အလုပ်အကိုင်ပေါင်း နှစ်သန်း ဆုံးရှုံးသွားပါ တယ်။ စီးပွားရေးမှာ အခု ကျနော်တို့ မြင်တွေ့နေရတာက ပင်ကိုယ်အားဖြင့် ရှိနေတဲ့ အမေရိကန်စီးပွားရေးနဲ့ အမေရိကန် ပြည်သူတွေရဲ့ ထုသားပေသား ကျမှုတွေပါ။ ကျနော်တို့ လုပ်သင့်တာကတော့ အမြဲတမ်း အလုပ်ဖြစ်မဲ့ စီးပွားရေး ကျားကန် ပေးမှုအစီအစဉ်နဲ့ ပြန်လည် နာလန်ထရေး အစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားဖို့ပါ။ ဝါရှင်တန်ဒီစီက အစိုးရအသုံးစရိတ်တွေကို ကန့်သတ်ဖို့၊ အလုပ်သမားမိသားစုတွေ အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လယ်သမား မိသားစုတွေကို အခွန်အတုတ်တွေ သက်သာခံစားခွင့်ရစေဖို့ပါ။”

အခု အမေရိကန်စီးပွားရေးကျဆင်းမှုဟာ ၁၈လကျော်ကြာခဲ့ပါတယ်။ ဒါဟာဆိုရင် ဒုတိယကမ္ဘာစစ်ပြီးကတည်းကဆိုရင် စီးပွားရေးကျဒဏ်ကို အရှည်ကြာဆုံး ခံလိုက်ရတာပါ။ အခု စီးပွားရေးပြန်ပြီး ဦးမော့လာတယ်ဆိုတာတောင်မှ အလုပ်လက်မဲ့ နှုန်းဟာ လာမယ့် လအတန်ကြာအထိ ဆက်ပြီး မြင့်မားနေဦးမယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG