မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ကန့်သတ်တားမြစ်မိန့် ဖောက်ဖျက်တယ် ဆိုပြီး ရုံးတင် တရားစွဲဆိုထားတဲ့ အမှုမှာ အဓိကလူလို့ ဆိုရမယ့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယမ် ယက်တော (John William Yettaw) ကို တနင်္လာနေ့ညပိုင်းက ရန်ကုန်ဆေးရုံကြီးမှာ တင်လိုက်ရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့ကနေ စုံစမ်းမေးမြန်းထားတဲ့ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
မစ္စတာယက်တော ဆေးရုံတင်ရတဲ့ သတင်းကို ရန်ကုန်မြို့၊ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ရစ်ချတ် မေ (Richard Mei) က အီးမေးကနေတဆင့် ဗွီအိုအေကို အတည်ပြုပေးခဲ့ပါတယ်။ ဘာအကြောင်းကြောင့် ဆေးရုံတင်ရတယ် ဆိုတာကို မစ္စတာ ရစ်ချတ် မေက တိတိကျကျ မပြောထားဘဲ မစ္စတာယက်တောမှာ ရှိနှင့်ပြီးသား ကျန်းမာရေး အခြေအနေ နဲ့ ဆက်စပ်ပြီး ဆေးရုံတင်လိုက်ရတဲ့ အကြောင်းနဲ့ ဒီကနေ့ မနက်ပိုင်းမှာ သံရုံးကောင်စစ်ဝန်တဦး ဆေးရုံမှာ သွားကြည့်ခဲ့ တယ်လို့ ပြောပါတယ်။
မစ္စတာယက်တောရဲ့ ရှေ့နေဖြစ်သူ ဦးခင်မောင်ဦးကတော့ အမှုအတွက် အပြီးသတ် လျှောက်လဲပြီးတဲ့ နောက်ပိုင်းမှာ စီရင်ချက်ကိုပဲ စောင့်ဆိုင်းနေရတော့တာမို့ သူ့အနေနဲ့ မစ္စတာယက်တောကို တွေ့ခွင့်မရှိတာကြောင့် အခြေအနေကို တိတိကျကျ မသိရဘူးလို့ ပြောပါတယ်။ သူ့မှာရှိတဲ့ မှတ်တမ်းတွေအရ မစ္စတာယက်တောရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တာ ကိုတော့ ပြောပြခဲ့ပါတယ်။
“ကျန်းမာရေး အခြေအနေက ကျနော့် Record ထဲမှာ၊ ကျနော့်အမှုတွဲမှာ သူ့မှာ နှလုံးရောဂါရှိတယ်၊ ဝက်ရူးပြန် ရောဂါ ရှိတယ်၊ ဆီးချိုရှိတယ်လို့လည်း ပြောတယ်။ သုံးချက်ပါ၊ ဒါ မှတ်တမ်းအရ ကျနော် တင်ထားတာ။”
မစ္စတာယက်တောဟာ အသက် ၅၄ နှစ်အရွယ် မော်မွန် (Mormon) ဘာသာဝင်တဦးဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ မစ်ဇိုရီပြည်နယ်မှာ နေထိုင်ခဲ့သူပါ။ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်သမားတွေ လုပ်ကြံသတ်ဖြတ်လိမ့်မယ်ဆိုတာ သတိပေးဖို့အတွက် ဘုရားသခင်က သူ့ကို စေလွှတ်ခဲ့တာလို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ အင်းလျားကန်ကို ဖြတ်ပြီး ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ ရေကူးဝင်ရောက်ခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို နှစ်ညတာ လက်ခံထား ခဲ့တဲ့အတွက် နေအိမ်အကျယ်ချုပ် ကန့်သတ်တားမြစ်မိန့်ကို ချိုးဖောက်တယ်ဆိုပြီး အကျယ်ချုပ်သက်တမ်း ပြည့်ခါနီးလေး မှာပဲ အခုအမှု ပေါ်ပေါက်ခဲ့ရတာပါ။
ဒီစွဲချက်နဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူနဲ့အတူနေသူ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမ၊ မစ္စတာယက်တောတို့ကို နှစ်လ ကျော်ကြာ ရုံးတင် စစ်ဆေးခဲ့ပြီးတဲ့နောက် လာမယ့် သြဂုတ်လ ၁၁ ရက်နေ့မှာ စီရင်ချက်ချမယ်လို့ တရားသူကြီးက ရုံးချိန်း ပေးထားပါတယ်။ အစောပိုင်းက ဇူလိုင်လ ၃၁ ရက်နေ့မှာ စီရင်ချက်ချဖို့ ချိန်းဆိုထားခဲ့ပေမယ့် ဥပဒေရေးရာ ပြဿနာတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်ထပ် ပြန်ချိန်းထားတာပါ။
မစ္စတာယက်တောအပေါ် လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ ရေမကူးရဘူးလို့ တားမြစ်ထားတဲ့ အင်လျားကန်အတွင်း ရေကူးခဲ့တဲ့ အတွက် စည်ပင်သာယာ ဥပဒေတွေ အပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် တားမြစ်မိန့် ဖောက်ဖျက်တယ် ဆိုတာမှာ ကြံရာပါအဖြစ်လည်း စွဲတင်ထားပါတယ်။ ဒီပြစ်မှုတွေအတွက် ပြစ်ဒဏ်စီရင်ခံရမယ်ဆိုရင် အမြင့်ဆုံးပြစ်ဒဏ်က ထောင်ဒဏ် ၅ နှစ်ထိ ဖြစ်ပါတယ်။ မစ္စတာယက်တောကတော့ ဘုရားသခင်ရဲ့ စေခိုင်းချက်ကြောင့် သူလာခဲ့တာမို့ အပြစ်မရှိ ဘူးလို့ ယူဆထားပါတယ်။ မစ္စတာယက်တောရဲ့ ရှေ့နေဖြစ်သူ ဦးခင်မောင်ဦးကတော့ အကောင်းမြင် မျှော်လင့်ထားဆဲပါ။
“သူက အမှန်တရားအရဆိုရင် ဝမ်းသာတယ်တဲ့။ ဘယ်သူ့အပေါ်မှာမှ အာဃာတ မရှိဘူးတဲ့။ မျှတမှု ရလိမ့်မယ်လို့ပဲ ကျနော် ရိုးရိုးသားသား မှတ်ယူပါတယ်။”
အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယမ် ယက်တောရဲ့ ရှေ့နေဖြစ်သူ ဦးခင်မောင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။
အကယ်၍ မစ္စတာယက်တောသာ သြဂုတ်လ ၁၁ ရက် ရုံးချိန်းအမီ ကျန်းမာရေး ပြန်ကောင်းမလာရင်တော့ အမှုကို စီရင်ချက်ချနိုင်ဦးမှာ မဟုတ်ဘူးလို့ ဥပဒေရေးရာ အသိုင်းအဝိုင်းက ပြောပါတယ်။
ဒီအမှုအကြောင်းပြချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ဝင်းထဲမှာ ဆက်လက်ဖမ်းဆီးထားပြီး ရုံးတင် စစ်ဆေး နေခဲ့တဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ကန့်ကွက်ခဲ့ကြပြီးတော့ ပြန်လွှတ်ပေးဖို့ကိုလည်း အစဉ်တစိုက် တောင်းဆိုနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမယ်ဆိုရင် မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာရဲ့ သဘောထားတွေ ပြောင်းလာနိုင်တယ် ဆိုတာမျိုး ပြောခဲ့ကြသလို ပြစ်ဒဏ်ချမှတ်လိုက်မယ် ဆိုရင်လည်း ပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။ ဒါ့ကြောင့်လည်း ဇူလိုင်လ ၃၁ ရက်နေ့မှာ စီရင်ချက် မချခဲ့ဘဲ သြဂုတ်လ ၁၁ ရက်နေ့ထိ ရွှေ့ဆိုင်းခဲ့တာဟာ နိုင်ငံတကာရဲ့ ဖိအားကို မြန်မာအာဏာပိုင်တွေ ထည့်သွင်း စဉ်းစား တာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။
မစ္စတာယက်တော အခုလို ကျန်းမာရေး အခြေအနေအရ ဆေးရုံတင်ထားရချိန်မှာ အမေရိကန် ပြည်ထောင်စုမှာ ရှိနေတဲ့ သူ့မိသားစုက တွေ့ခွင့် တောင်းမတောင်း၊ တွေ့ခွင့် တောင်းခဲ့ရင်လည်း တွေ့ခွင့်ရမရ ဆိုတာတွေကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။