သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြံမြေပိုင်ဆိုင်မှု ကိစ္စအတွက် ရှေ့နေတွေ မနက်ဖြန် ဒေါ်စုနဲ့တွေ့မည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ တားမြစ်ချက်ကို ချိုးဖောက်တယ် ဆိုပြီး မြန်မာအာဏာပိုင်တွေက မေလကတည်းက ရုံးတင်တရားစွဲနေတာမို့ အင်းစိန်ထောင်ထဲမှာ အခုထိ အထိန်းသိမ်းခံနေရတဲ့ အချိန်မှာပဲ နေအိမ်ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အမှုတခု နောက်ထပ် ပေါ်လာပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်း တစိတ်တပိုင်းကို ရောင်းချပြီးပြီဆိုပြီး သတင်းစာထဲမှာ ကြော်ငြာ ထည့်ခဲ့ရာကနေ စလိုက်တဲ့အမှုပါ။ နေအိမ်အမှုအတွက် စီစဉ်လုပ်ဆောင်စရာတွေ တိုင်ပင်ဆွေးနွေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အကျိုးဆောင်ရှေ့နေတွေနဲ့ မနက်ဖြန်မှာ တွေ့ဆုံဖို့ ရှိပါတယ်။ အပြည့်အစုံကို ဘန်ကောက်မြို့ကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက စုံစမ်းပြီး တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်တားမြစ်မိန့်ကို ချိုးဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ တရားစွဲဆိုခံရပြီး အင်းစိန် ထောင်ဝင်းထဲကို ပြောင်းရွှေ့ချုပ်နှောင်ခံရတဲ့အချိန်အထိ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်မှာရှိတဲ့ အိမ်ခြံဝန်းထဲမှာ နေအိမ်အကျယ်ချုပ်ဘဝနဲ့ နေထိုင်နေခဲ့တာပါ။ ဒီအိမ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင်ဖြစ်သူ ကွယ်လွန်သူ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး၊ သီရိသုဓမ္မမဟာသိင်္ဂီ ဘွဲ့တံဆိပ်တော်ရ သံအမတ်ကြီးဟောင်း ဒေါ်ခင်ကြည် ကွယ်လွန်ချိန်အထိ နေထိုင်သွားခဲ့တဲ့အိမ်ပါ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် မကွယ်လွန်ခင်က ဒီခြံဝင်းတစိတ်တပိုင်းကို အမွေပေးခဲ့တယ်ဆိုပြီး ဆွေမျိုးတော်စပ်သူဆိုတဲ့လူက လက်ပြောင်းရောင်းချပြီးပြီလို့ ကြေညာခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ဥပဒေကြောင်းအရ လုပ်စရာ ရှိတာတွေ လုပ်ဖို့ မနက်ဖြန်မှာ တိုင်ပင်ဆွေးနွေးကြမယ်လို့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ တွေ့ခွင့်ရပါတယ်။ ကျနော်တို့ မနက်ဖြန် ညနေပိုင်း တွေ့ပါမယ်။ အဓိက ကိစ္စကတော့ ၂၄ ရက်နေ့က သတင်းစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု သူ့ခြံ မြေကွက်ထဲက အစိတ်အပိုင်းတချို့ကို ဝယ်တယ် ဆိုပြီးတော့ ကြော်ငြာတယ်လေ။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က inspection လည်း ယူရမှာပေါ့လေ။ နောက် ကိုယ်စားလှယ်စာတွေလည်း ယူရမယ်။ စာရွက်စာတမ်းတွေ ဘယ်မှာရနိုင်သလဲဆိုတာတွေ၊ အဲဒါတွေပါ။ အကုန်လုံးကို တွေ့ဆုံမေးမြန်းဖို့ပါ။”

ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာရှိနေစဉ်တုန်းကတော့ ဒီ အရောင်းအဝယ်ကိစ္စ မပေါ်ပေါက်ခဲ့ဘဲ သူ့ကို အမှုတခုနဲ့ တရားစွဲတာဟာ အင်းစိန်ထောင်ဝင်းထဲ ရွှေ့ပြောင်းခဲ့ပြီးနောက်မှာမှ ပေါ်လာတာကြောင့် ဒါဟာ သွေးရိုးသားရိုး မဖြစ်နိုင် ဘူးလို့ သုံးသပ်ကြတာတွေက ရှိပါတယ်။ ဦးဉာဏ်ဝင်းက ဒီအချက်ကို တိတိကျကျမပြောနိုင်ပေမဲ့ ဒီကိစ္စမှာ ထူးခြားမှု ရှိနေ တယ် လို့ ပြောပါတယ်။

“အချိန်ကိုက်ပြီးတော့ ဖြစ်နေတဲ့အတွက်တော့ ပယောဂ ပါသလားဆိုတာ စဉ်းစားစရာတော့ ဖြစ်နေတာပေါ့။ ဘာမှတော့ တိတိကျကျတော့ မသိဘူး။ ထူးခြားတာက ဝယ်တဲ့သူက နာမည်မပြောဘူး၊ မေးလို့လည်း မပြောဘူး။ ကြော်ငြာမှာလည်း မပါဘူး။”

အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း ခြံဝန်းထဲက မြေတစိတ်တပိုင်းကို ရောင်းချပြီးပြီမို့ ကန့်ကွက်လိုက ကန့်ကွက်နိုင်တယ် ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က သတင်းစာတွေထဲမှာ ကြေညာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အကျိုး ဆောင်ရှေ့နေတွေကနေတဆင့် ကန့်ကွက်ကြောင်း တဘက်ရှေ့နေတွေဆီကို အကြောင်းကြားခဲ့ပါတယ်။ ကန့်ကွက်သူတွေထဲမှာ မြေကိုရောင်းလိုက်တယ်ဆိုတဲ့ ဦးခင်မောင်အေးရဲ့ ဇနီးဟောင်းလည်း ပါဝင်ပြီး ၂၇ ရက်နေ့က ကြေးမုံသတင်းစာမှာ ကန့်ကွက်စာ ထည့်ခဲ့တာတွေ့ရတယ်လို့ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောထားပါတယ်။ ရောင်းလိုက်တယ်ဆိုသူနဲ့ ဝယ်လိုက်တယ်ဆိုသူတွေ ဘက်ကနေ အခုလက်ရှိအချိန်မှာ ဒီမြေကွက်နဲ့ ပတ်သက်ပြီး ဘာတွေလုပ်နေတယ်ဆိုတာ သေသေချာချာ မသိရသေးဘူးလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“သူတို့ ကြော်ငြာတဲ့အတိုင်းဆိုရင်တော့ စရံ ပေးထားတယ်လို့ ပြောတယ်။ ဒါပေမယ့်လို့ ဒီမြေက အတိုင်းအတာ ဘာညာသာ ပြောတာ၊ ဒီခြံထဲမှာလည်း ဘာမှ အမှတ်အသား မရှိဘူး။ ခြံကြီးက သူ့နဂို အတိုင်းပဲလေ။ အဲဒီတော့ သူတို့ ဘယ်လို သဘော တူညီချက်တွေနဲ့ ဝယ်တယ်ရောင်းတယ်တော့ ကျနော်တို့လည်း မသိဘူးခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မောင်နှမအရင်းတော်စပ်တဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးကလည်း လက်ရှိ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေရင်း ဒီအိမ်ကို ပိုင်ဆိုင်လိုမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲခဲ့ဖူးပါတယ်။ နေအိမ် အကျယ်ချုပ် ဘဝနဲ့ နေခဲ့ရတဲ့ ကာလတလျှောက် အဲဒီအမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေခဲ့ရပြီး ခုချိန်ထိ လည်း မပြီးပြတ်သေးကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG