သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဖမ်းဆီးခံ အမေရိကန်သတင်းထောက် ၂ ဦး ဌာနေပြန်ရောက်


မြောက်ကိုရီးယားမှာ ၅ လနီးပါး ဖမ်းဆီးခံခဲ့ရပြီး အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် က စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့တဲ့နောက် ပြန်လွတ်လာတဲ့ အမေရိကန် သတင်းထောက် ၂ ယောက် ဌာနေကို ပြန်ရောက်လာပါပြီ။ သမ္မတဟောင်း ဘေကလင်တန် နဲ့အတူ လော်ရာလင်း (Laura Ling) နဲ့ ယူနာလီး (Euna Lee) တို့နှစ်ဦးဟာ ကယ်လီဖိုးနီးယားပြည်နယ် ဘားဘန့်က် (Burbank) ကို ဒီကနေ့ပဲ လေကြောင်းကနေ ပြန်ရောက်လာကြတာပါ။

သမ္မတ ကလင်တန် ဟာ ပြုံယမ်းကို သွားရောက်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီး (Kim Jong Il) နဲ့ တွေ့ဆုံ ညှိနှိုင်းပြီးတော့ အခုလို သူတို့နှစ်ဦး ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်က ဆင်းလာတဲ့ သမ္မတဟောင်းနဲ့ သတင်းထောက်နှစ်ဦးကို လေယာဉ်ပေါ်က ဆင်းဆင်ချင်းဆိုသလို ဝိုင်းဝန်းပြီး ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။ သမ္မတ အိမ်ဖြူတော်ကလည်း ဒီလို ပြန်လွတ်လာတဲ့အပေါ် အလွန်ပဲ ဝမ်းမြောက်ရတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

သူတို့နှစ်ဦးကိုတော့ လွန်ခဲ့တဲ့ မတ်လက မြောက်ကိုရီးယားက ဖမ်းဆီးခဲ့တာပါ။ နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံ နယ်စပ်က တဆင့် မြောက်ကိုရီးယားထဲကို တရားမဝင် ဝင်ရောက်ခဲ့တဲ့အတွက် ဒါဟာ အစိုးရကို ဆန့်ကျင်တာဖြစ်တယ် ဆိုပြီး အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခဲ့တာပါ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီး ကတော့ သမ္မတ ကလင်တန်နဲ့ တွေ့ဆုံပြီး သူတို့တွေရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ရိုးသားတဲ့ တောင်းပန်မှုမျိုး ရခဲ့လို့ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့တာလို့ အစိုးရပိုင် သတင်းတွေက ဖော်ပြပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်၊ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ပေးခဲ့တဲ့ သမ္မတဟောင်း ကလင်တန် ရဲ့ ဇနီးလည်း ဖြစ်တဲ့ ဟီလာရီ ကလင်တန် ကတော့ သူ့ခင်ပွန်းအနေနဲ့ သတင်းထောက်နှစ်ဦးနဲ့ ပတ်သက်လို့ တောင်းပန်တိုးလျှိုးမှုတွေ လုပ်ခဲ့တယ်လို့ ပြောဆိုတာတွေဟာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG