သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မိတ်ဆွေနိုင်ငံများနဲ့ ဘန်ကီမွန်း တွေ့ဆုံ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ ဘန်ကီမွန်းက Friends of Burma လို့ခေါ်တဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ဝင် သံအမတ်ကြီးတွေနဲ့ နယူးယောက်မြို့က ကုလသမဂ္ဂ ရုံးချုပ်မှာ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲပြီးတဲ့ နောက်မှာလည်း သူတို့ပြောဆိုခဲ့ကြတဲ့အကြောင်းတွေကို သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ အဓိက သူတို့ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ ဆိုတာကို ဒီသတင်းစာရှင်းလင်းပွဲကို စောင့်ကြည့်နေတဲ့ ကိုသားညွှန့်ဦး က အပြည့်စုံ အစီရင်ခံထားပါတယ်။

ဒီဆွေးနွေးပွဲကို ကြည့်ရင်တော့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သူ လုပ်ဆောင်နေတာတွေ ပြောနေတာတွေ အပေါ်မှာ ဒီအဖွဲ့ရဲ့ လက်ခံမှု၊ သဘောတူညီမှုကို ရအောင် လုပ်နေတယ်လို့ ယူဆရမှာပါ။ ဇူလိုင်လ ၃၁ ရက်နေ့တုန်းက မြန်မာသံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့တာကို အစည်းအဝေးမှာ သူ ပြန်ရှင်းပြတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီးတော့ သူ့အနေနဲ့ စိုးရိမ်မကင်းတဲ့အကြောင်း၊ ပြီးတော့ သူ မြန်မာနိုင်ငံသွားစဉ်မှာ တောင်းဆိုခဲ့တာတွေကို အသိပေးတဲ့သဘော အနေနဲ့ သံအမတ်ကြီးကို ပြောခဲ့တယ်ဆိုပြီး ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကနေ တခြား အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားတွေကို သူ တောင်းခံခဲ့တယ်လို့ ပြောပါတယ်။ အစည်းအဝေးမှာတော့ မယ်မယ်ရရ ရလဒ်ရယ်လို့တော့ မရှိပါဘူး။ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံအရေး ဆောင်ရွက်ချက်ဟာ သူ့သဘောချည်းသက်သက် မဟုတ်ဘဲ နိုင်ငံတကာရဲ့ သဘောဆန္ဒ ဖြစ်တယ်ဆိုတာကို ဒီအစည်းအဝေးကနေ အတည်ပြုပေးခဲ့တယ်လို့ ပြောသွားပါတယ်။

“မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ ကုလသမဂ္ဂက ဝင်ရောက်ညှိနှိုင်း ဆောင်ရွက်ပေးနေတဲ့ နေရာမှာ အတွင်းရေးမှူးချုပ်ရဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတကာ အနေနဲ့ ထောက်ခံ အသိအမှတ်ပြုတယ် ဆိုတာကို ဒီအစည်းအဝေးကနေ အတည်ပြုပေးခဲ့တယ်။” - ဆိုတဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသွားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း အခြေအနေတွေကို မြန်မာအစိုးရနဲ့ ပြည်သူတွေ ကျော်လွှားဆောင်ရွက်နိုင်ရေးမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအနေနဲ့ အပြုသဘော ဝင်ရောက်ကူညီပေးဖို့လည်း ရှိတယ်လို့ ပြောသွားပါတယ်။

G-8 အစည်းအဝေး၊ အာဆီယံ အစည်းအဝေး၊ ARF အစရှိတဲ့ နိုင်ငံတကာ ညီလာခံကြီးတွေမှာကို မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တကြီး ဆွေးနွေးခဲ့ကြတာတွေကို ကြည့်မယ်ဆိုရင် နိုင်ငံတကာ အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘယ်လောက် မျှော်လင့်ချက် ထားနေတယ်ဆိုတာ သိသာတဲ့အကြောင်း လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသွားပါတယ်။ ဒါကြောင့်လည်း နောက်လထဲမှာတော့ မြန်မာ့မိတ်ဆွေများအဖွဲ့ အစည်းအဝေးကို သံအမတ်အဆင့် မဟုတ်တော့ဘဲနဲ့ အဆင့်မြင့် အစည်းအဝေးတရပ် ခေါ်ယူဖို့အတွက် သူတို့ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

“လာမယ့် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ အပြင်ဘန်းမှာ မြန်မာ့နိုင်ငံအရေးနဲ့ ပတ်သက်ပြီး အဆင့်မြင့်ခေါင်းဆောင်များ ဒုတိယ အစည်းအဝေး
ကို ကျင်းပဖို့ သဘောတူညီခဲ့ကြတယ်။” - ဆိုပြီးတော့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသွားတာပါ။

အလားတူ အစည်းအဝေးမျိုးကိုလည်း မနှစ်က ဝန်ကြီးအဆင့်ပြုလုပ်ခဲ့တာ ရှိပါတယ်။ ဒီတော့ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာက တောင်းဆိုထားတဲ့ အချက်တွေကိုလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင် ကူးပြောင်းရေးကာလမှာ ချန်လှပ်ထားလို့ မရနိုင်ဘူး၊ ဒီအတွက်ကြောင့် အကောင်အထည်ဖော်ဖို့ လိုမယ် ဆိုပြီးတော့လည်း အတွင်းရေးမှူးချုပ်က ပြောသွားပါတယ်။

အဓိက သူ မြန်မာနိုင်ငံသွားစဉ်မှာ တောင်းဆိုခဲ့တဲ့အချက် သုံးချက် ရှိပါတယ်။ ဒါကတော့ - ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အတိုက်အခံတွေနဲ့ တွေ့ဆုံ ဖြေရှင်းဖို့ နောက်တချက်ကတော့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို အများက လက်ခံနိုင်တဲ့ အခြေအနေ ဖန်တီးပေးဖို့ ဆိုပြီးတော့ အတွင်းရေးမှူးချုပ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုက်ရိုက် ပြောဆိုခဲ့တာပါ။

မြန်မာ့မိတ်ဆွေများအဖွဲ့မှာ ဘယ်နိုင်ငံတွေ ပါပါသလဲ။ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဘယ်လောက် အတိုင်းအတာအထိ လုပ်နိုင်ပါသလဲ။ ဘယ်လောက် အရေးပါပါသလဲ။ -

မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ကစပြီးတော့ ဖွဲ့ခဲ့တာပါ။ အဲဒီတုန်းကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန် လက်ထက်မှာ ဖွဲ့တာပါ။ ဒီ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့မှာ အာရှကဆိုရင် ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နန်၊ အင်ဒိုနီးရှား၊ စင်ကာပူ စတဲ့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေ ပါတယ်။ တခြား အနောက်နိုင်ငံကဆိုရင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စတဲ့ စုစုပေါင်း ၁၄ နိုင်ငံ ပါပါတယ်။

လုံခြုံရေးကောင်စီမှာ မပါတဲ့နိုင်ငံတွေလည်း ပါပါတယ်။ အဲဒီတုန်းကတော့ လုံခြုံရေးကောင်စီထက်ပိုပြီးတော့ အခုလိုမျိုး အဖွဲ့မှာ ဆွေးနွေးမယ်၊ ဆွေးနွေးလို့ရှိရင် ထိရောက်မယ်၊ ဘုံဘဘောတူညီချက်တွေ ရနိုင်မယ်ဆိုပြီး တွက်ဆပြီးတော့ ဖွဲ့စည်းခဲ့တာ ဖြစ်တယ် ဆိုပြီးတော့ လေ့လာသူတွေက ယူဆပါတယ်။ တကယ်တမ်းလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးမယ် ဆိုလို့ရှိရင် ဆွေးနွေးပွဲမတိုင်ခင်မှာ အခုလို မြန်မာ့မိတ်ဆွေနိုင်ငံများကို အရင်ဆုံး ခေါ်လေ့ရှိပါတယ်။ အဲဒီမှာ အဓိက တံခါးပိတ် ဆွေးနွေးပြီးမှပဲ လုံခြုံရေးကောင်စီမှာ တံခါးဖွင့် ဆွေးနွေးတာ များပါတယ်။ အခု အတွင်းရေးမှူးချုပ်ရဲ့ ဒီနှစ်ဆန်းပိုင်း မြန်မာနိုင်ငံကို သွားရောက်ပြီးတဲ့နောက်မှာလည်း မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖြေရှင်းတာထက် မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့မှာ ဆွေးနွေးဖြေရှင်း သွားမယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေဘက်က ပြောဆိုထားတာတွေ ရှိတော့ ဒီအဖွဲ့က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးပါတယ်လို့ ပြောရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG