သြဂုတ် ၅၊ ၂၀၀၉။ AIDS ရောဂါ ကူးစက်ပျံနှံမှုတွေမှာ ကြေကွဲစရာအကောင်းဆုံးအခြေအနေကတော့ ရောဂါပိုးရှိတဲ့ မိခင်ဖြစ်သူကတဆင့် ကလေးငယ်ဆီကို ကူးစက်မှုပါ။ ဝင်ငွေနည်းပါး ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ HIV ရောဂါပိုးကို ကလေးငယ် သိန်းနဲ့ချီပြီး မိခင်တွေကတဆင့် ကူးစက်ခံရပါတယ်။ မီးဖွားစဉ်ကတည်းက ကူးစက်ခံရမှုရှိတတ်သလို၊ မိခင်နို့တိုက်ကြွေးရင်းနဲ့ ကူးစက်ခံရတာမျိုးတွေလည်း ရှိပါတယ်။
တကယ်တော့ ကလေးငယ်တွေကို မိခင်နို့တိုက်ကြွေးမှုဟာ ကျန်းမာရေးအရ အသင့်လျော်ဆုံးဖြစ်သလို အကုန်အကျအသက်သာဆုံးနည်းလမ်းလည်းဖြစ်ပါတယ်။ မိခင်နဲ့ ကလေးငယ်အကြား မေတ္တတရားနဲ့ နွေးထွေးမှု ထိစပ်ခွင့်ရတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒါပေမယ့် HIV ပိုး ကူးစက်ခံရတဲ့ မိခင်ဖြစ်သူတွေအတွက်တော့ သွေးကဖြစ်တဲ့ နို့ကတဆင့် ရောဂါပိုး ကလေးဆီကို ကူးစက်သွားမှာ စိုးရိမ်ရတဲ့ အခြေအနေပါ။
ဆရာဝန်တွေဟာ HIV ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို AZT ရောဂါပိုးသတ်ဆေးတိုက်ကြွေးလေ့ရှိပါတယ်။ ဒါဟာမီးဖွားစဉ်အတွင်း ရောဂါပိုး ကလေးငယ်ဆီကို ကူးစက်သွားနိုင်ချေ အခွင့်အလမ်း နည်းသွားစေပါတယ်။ ဒါပေမယ့် အာဖရိကတိုက်မှာတော့ ကလေးငယ်သိန်းနဲ့ချီပြီး မိခင်တွေကတဆင့် ရောဂါပိုး ကူးစက်ခံနေရတုန်းပါ။
HIV ပိုးကူးစက်ခံရသူ မိခင်အနေနဲ့ ကလေးကို မိခင်နို့ စိတ်ချလက်ချ တိုက်ကြွေးနိုင်အောင် ဆေးသုတေသီတွေ လေ့လာစူးစမ်းနေကြပါတယ်။ လေ့လာချက်သစ်တရပ်မှာတော့ မိခင်နို့တိုက်ကြွေးနေချိန် ကလေးငယ်ကို Neviropine ရောဂါပိုးသတ်ဆေး တိုက်ကြွေးတာဟာ ရောဂါမကူးစက်အောင် ထိရောက်တဲ့နည်းလမ်းဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ကြပါတယ်။
ဒီအကြောင်းနဲ့အတူ မြန်မာနိုင်ငံမှာရော HIV ရောဂါပိုးရှိတဲ့ မိခင်တွေကတဆင့် ကလေးတွေကို ရောဂါမကူးအောင် ဘာတွေများ ဆောင်ရွက်နေသလဲဆိုတာ မြန်မာနိုင်ငံဆရာဝန်များအသင်းက ဒေါက်တာမြင့်ဇော်နဲ့ ဆက်သွယ်မေးမြန်းပြီး၊ ဒီအပတ် ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။