သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်အားပြအကျပ်ကိုင်မှု မွန်ပြည်သစ်ပါတီ လက်ခံမည်မဟုတ်


မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တိုင်းရင်းသား အားလုံး တန်းတူအခွင့်အရေးတွေ ရရှိမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်တယ်လို့ မွန်ခေါင်းဆောင်တွေက မွန်တော်လှန်ရေးနေ့မှာ ပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ (၆၂) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကိုတော့ ကြာအင်းဆိတ်ကြီး မြို့နယ် ဘုရားသုံးဆူ မြို့နားက ပါတီဌာနချုပ်နားမှာ ဗုဒ္ဓဟူး နေ့တုန်းက ပြုလုပ်ခဲ့ရာမှာ စစ်အစိုးရ တိုက်တွန်းနေတဲ့ နယ်ကြားစောင့်တပ်အသွင် ပြောင်းလဲရေးကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။ အကြောင်းစုံကို စံခရဘူရီ မြို့ အခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွမ်းအိမ် က သတင်းပေးပို့ထားပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ (၆၂) ကြိမ်မြောက် တော်လှန်ရေးနေ့ဟာ လက်ရှိတည်ဆဲ ဖြစ်နေတဲ့ အပစ်အခတ်ရပ်စဲရေးကနေ ရှေ့ကို ဘယ်လို ဆက်သွားမလဲဆိုတဲ့ မရေမရာ ပြဿနာကြီးတရပ်နဲ့ လွှမ်းမိုးနေခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ သြဂုတ်လ ၁ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ စစ်အစိုးရက တောင်းဆိုထားတဲ့ နယ်ခြားစောင့် တပ်ဖွဲ့အသွင် ပြောင်းလဲရေးကိစ္စ ဒါမှမဟုတ် ဌာနေ ပြည်သူ့စစ်အသွင် ပြောင်းလဲရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ လက်မခံနိုင်ကြောင်း ပါတီကနေ ထုတ်ပြန်ကြေညာထားပါတယ်။

အလားတူပဲ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထွန်းမွန် ကလည်း နိုင်ငံရေးပြဿနာကို သုံးပွင့်ဆိုင် ဆွေးနွေးပြီး ဒီမိုကရေစီ အခွင့်အရေးနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ရရှိမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်မယ်လို့ (၆၂) ကြိမ်မြောက် မွန် တော်လှန်ရေးနေ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

မွန်ပြည်သစ်ပါတီ အနေနဲ့ စစ်အစိုးရက တိုက်တွန်းထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့အသွင် လက်မခံနိုင်ဘူး ဆိုရင် နည်း အမျိုးမျိုးနဲ့ အကျပ်ကိုင်ခံရမယ့်အပေါ်ကို ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တဦးဖြစ်တဲ့ နိုင်အောင်မင်း က အခုလို ပြောပြခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ နိုင်ငံရေးကိစ္စမှာ သူတို့လိုချင်တဲ့ပုံစံ၊ နယ်ခြားစောင့်တပ် နဲ့ ပြည်သူ့စစ်ဖွဲ့စည်းရေး ကိစ္စကို ကျနော်တို့ အနေနဲ့ လက်ခံနိုင်မယ့် အနေအထားတော့ မရှိဘူးပေါ့လေ။ ဒါပေမယ့် လက်မခံနိုင်တဲ့ အနေအထားမှာ ကျနော်တို့ ရှေ့ဆက် အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ကျနော်တို့ရဲ့ လိုလားချက် ဖြစ်စေချင်တဲ့ဆန္ဒ၊ တောင်းဆိုချက် အဲဒါတော့ ရှိတယ်။ တကယ်လို့ အဲဒီအတိုင်း ရှေ့ဆက် ဆွေးနွေးမှု မရှိဘဲနဲ့ ကျနော်တို့ကို တနည်းနည်းနဲ့ စီးပွားရေးအရ ဖြစ်ဖြစ်၊ နိုင်ငံရေးအရ ဖြစ်ဖြစ်၊ နောက်ဆုံး စစ်ရေးအရ ကျနော်တို့ စခန်းချတဲ့ နေရာကို သူတို့က စစ်ရေးအရ အင်အားပြပြီး ခြိမ်းခြောက်တဲ့ သဘောတွေ ဖြစ်လာရင်လည်း ဖြစ်လာတဲ့အပေါ်မှာ ကျနော်တို့က ကြည့်ပြီးတော့ ဖြေရှင်းသွားရမှာပေါ့။”

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်တုန်းက မြန်မာစစ်အစိုးရဘက်က အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း ကနေ ဥက္ကဌ နိုင်ထွန်းမွန် အပါအဝင် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်တွေကို တွေ့ဆုံပြီးတော့ နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲဖို့ တိုက်တွန်းချက်အပေါ်မှာ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူပြီး မွန်ပြည်သစ်ပါတီရဲ့ ရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ စစ်အစိုးရနဲ့ အပြစ်အခတ် ရပ်စဲခဲ့တဲ့အဖွဲ့ ဖြစ်ပေမယ့်လည်း စစ်အစိုးရ အလိုကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထောက်ခံခြင်းမရှိဘဲ အမျိုးသားညီလာခံကနေ လေ့လာသူအဖြစ်က နှုတ်ထွက်ခဲ့တာမိုလို့ စစ်အစိုးရအနေနဲ့ ယုံကြည်မှုမရှိတဲ့ အပစ်ရပ်အဖွဲ့အဖြစ် သဘောထားနေတာ ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူတချို့က သုံးသပ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG