သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လွှတ်တော်အမတ်ရဲ့ မြန်မာနိုင်ငံခရီး


အမေရိကန် အထက်လွှတ်တော် အာရှနဲ့ ပစိဖိတ်ရေးရာ ကော်မတီဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် (Jim Webb) ဟာ အခုလာမယ့် တနင်္ဂနွေနေ့ကြရင် မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံ တွေကို သွားရောက်ပါလိမ့်မယ်။ ၁၀ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံကို သွားရောက် မယ့် ပထမဆုံး အမေရိကန် လွှတ်တော်အမတ်က ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ အမေရိကန်ရဲ့ အကျိုးစီးပွား မြှင့်တင်နိုင်မယ့် အခွင့်အလမ်း ရှာဖွေဖို့ ရည်ရွယ်တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီလို Senator ဝက်ဘ် သွားရောက်မယ့်ခရီးဟာ သတင်းကောင်း တပုဒ်လို့ ဆိုနိုင်ပါ့မလား၊ ဒီမိုကရေစီ သမားတွေအတွက် မျှော်လင့်ချက် တစုံတရာ ထားနိုင်မယ့် ခရီးစဉ်လားဆိုတာ ဦးကျော်ဇံသာက သုံးသပ် တင်ပြ ထားပါ တယ်။

အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် (Bill Clinton) ရဲ့ ခရီးစဉ်ကြောင့် မြောက်ကိုရီးယားမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရတဲ့ သတင်းစာဆရာမ ၂ ဦး ပြန်လွတ်လာတဲ့အချိန်၊ မြန်မာနိုင်ငံမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအပေါ်မှာ စီရင်ချက်မချခင် အချိန်မီ သွားသလို ဖြစ်နေလေတော့ ဒီမိုကရေစီ သမားတွေအထဲ မှာတော့ ဒီ Senator ဝက်ဘ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး မျှော်လင့်ချက် ထားသူတွေလည်း ရှိကောင်း ရှိပါလိမ့်မယ်။

ဒါပေမဲ့ ဘယ်လိုပဲ မျှော်လင့်မျှော်လင့်၊ ရလဒ်ကောင်း ပေါ်ထွက်လာနိုင်မယ့် အလားအလာ ရှိတယ် ဆိုဦးတော့ လောလောဆယ်တော့ ဒီရလဒ်ကို တွေ့ရမှာ မဟုတ်ပါဘူး။ သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒါဟာ To advance US interest in Burma လို့ ဆိုထားပါတယ်။ အမေရိကန်ရဲ့ အကျိုးစီးပွား မြန်မာနိုင်ငံမှာ ဘာတွေများ ရှိနေသလဲ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်ကြီး တဦးအဖြစ် ထမ်းဆောင်ခဲ့ဘူးတဲ့ ပရစ္စလာ ကလပ်ကတော့ အခုလို အဓိပ္ပာယ် ဖွင့်ပါတယ်။

“Senator ဝက်ဘ် ဆိုလိုတာက မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို သူကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ချင်တယ်၊ နောင်နှစ် မှာ အသွင်ကူးပြောင်းရေးကိစ္စ မြန်မာပြည်မှာ ဖြစ်လာမယ်ဆိုရင် အမေရိကန်တို့ရဲ့ လက်ရှိ ကျင့်သုံးနေတဲ့ မူဝါဒဟာ မှန်ကန်ပါရဲ့လားဆိုတာ သူ စဉ်းစားမိဟန် တူပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းရေးကိစ္စဟာ အမေရိကန်ရဲ့ အကျိုးစီးပွား ဆိုတာကတော့ သေချာပါတယ်။ ဒါ့အပြင် တခြား အကျိုးစီးပွားတော့ မရှိပါဘူး။”

ဒီခရီးစဉ်မှာ သူ့ရဲ့ တွေ့ရှိပြီးတော့ အမေရိကန် အစိုးရကို တင်ပြလာမယ်ဆိုရင် ဒီတင်ပြချက်ဟာ အမေရိကန် အစိုးရရဲ့ ပေါ်လစီပေါ်မှာ ဘယ်လောက်ထိ ထိခိုက်မှု ရှိနိုင်ပါသလဲ။

“ဒါကတော့ ပြောရခက်ပါတယ်။ သိတဲ့အတိုင်းပါပဲ၊ အမေရိကန် အစိုးရရဲ့ မူဝါဒဖြစ်လာဖို့ လူအများအပြားက ပါဝင် တင်ပြ ကြတာပါ။ လူတဦးတယောက်က လုပ်တာ မဟုတ်ပါဘူး။ Senator ဝက်ဘ်အနေနဲ့ အမေရိကန် အစိုးရဟာ မြန်မာအစိုးရနဲ့ နှစ်နိုင်ငံ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နိုင်မယ့် အလားအလာကို စူးစမ်းကြည့်လိမ့်မယ်လို့ ကျမထင်ပါတယ်။”

Senator ဂျင်မ်ဝက်ဘ်ဟာ သူ့ဆန္ဒနဲ့သူ သွားရောက်တဲ့ ကိစ္စသာ ဖြစ်ပါတယ်။ ဘီလ် ကလင်တန်ရဲ့ ခရီးစဉ်ကြောင့် မြောက်ကိုရီးယားက သတင်းစာဆရာမတွေ လွတ်လာတဲ့ ပုံစံမျိုး မျှော်လင့်နိုင်စရာ မရှိဘူးလို့လည်း ပရစ္စလာ ကလပ်က သုံးသပ်ပါတယ်။

“သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်မချခင် တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ စိတ်ဝင်စားပါလိမ့်မယ်၊ တွေ့ဖို့ ကြိုးပမ်း ပါလိမ့်မယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာအောင် လုပ်နိုင်လိမ့်မယ်လို့တော့ လုံး၀ မယူဆနိုင်ပါဘူး။ ဒါဟာ ဘီလ် ကလင်တန်ရဲ့ မြောက်ကိုရီးယား ခရီးစဉ်နဲ့ လုံး၀ မနှိုင်းယှဉ်နိုင်တဲ့ ကိစ္စပါ။”

ဆိုတော့ ဒီခရီးစဉ်က သတင်းကောင်းတပုဒ်လို့ ဆိုနိုင်ပေမယ့် မျှော်လင့်ချက် သိပ်ထားနိုင်မယ့် ခရီးစဉ်တော့ မဟုတ်ပါဘူး။ မြန်မာအာဏာပိုင်တွေဘက်က ဆိုရင်တော့ အမေရိကန် အထက်လွှတ်တော် အမတ်တဦး ရောက်လာတာဟာ သူတို့ အတွက် အကျိုးရှိပါတယ်၊ သူတို့ရဲ့ သဘောထားကို တိုက်ရိုက်တင်ပြခွင့် ရမယ်၊ ဒါ့အပြင် သူဟာ အထက်လွှတ်တော်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ကော်မတီ ဥက္ကဋ္ဌတဦးလည်း ဖြစ်တဲ့အပြင် ပိတ်ဆို့အရေးယူတဲ့ကိစ္စကို မေးခွန်းထုတ်နေတဲ့ သူတဦးလည်း ဖြစ်နေလေတော့ မြန်မာအစိုးရဘက်က ဝမ်းသာအားရ ဂုဏ်ယူဝင့်ကြွားစွာ ကြိုဆိုမယ့် ခရီးစဉ် ဖြစ်နိုင်တယ် လို့ ယူဆနိုင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG