သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျွန်ယက်တော ဒေါ်စုခြံထဲ ဝင်ရောက်မှု လုံခြုံရေးတာဝန်ခံ ၂၀ ကျော်ကို အပြစ်ပေး


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစွဲဆိုတဲ့အထိ ရင်ဆိုင်နေရတဲ့ အမှုမှာ အဓိက ပတ်သက်နေသူလို့ ဆိုရမယ့် အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်တော တိတ်တဆိတ် ရေကူးဝင်ရောက် လာခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ လုံခြုံရေးအာဏာပိုင်တွေကို အရေးယူထားပြီလို့ မြန်မာစစ်အစိုးရရဲ့ ရဲချုပ် ခင်ရီ က ဒီကနေ့လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ဒါဟာဆိုရင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရခိုက် အာဏာပိုင်တွေကို အရေးယူလိုက်ပြီဆိုပြီး ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းထဲကို အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်တော တိတ်တဆိတ် ရေကူးဝင်ရောက်လာတဲ့ ကိစ္စနဲ့ပတ်သက်လို့ လုံခြုံရေး အာဏာပိုင် ၂၀ ကျော်ကို အရေးယူထားတယ်လို့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ က ရန်ကုန်မြို့က သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တာပါ။ ပြီးခဲ့တဲ့နှစ်ထဲ ပထမအကြိမ် ဝင်ရောက်မှု ဖြစ်စဉ်က လုံခြုံရေး တာဝန်ယူထားသူတွေထဲက တချို့ကို ရာထူးချတာတွေ၊ တချို့ကို ထောင်ဒဏ်ပြစ်ဒဏ်တွေတောင် ချမှတ်ထားတယ်လို့ ဆိုပေမယ့် ဒါဟာဆိုရင် တိတ်တဆိတ် ရေကူးဝင်ရောက်လာသူကို လက်ခံတာကြောင့် ကန့်သတ်တားဆီးမိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစွဲဆို ကြားနာနေတဲ့ တရားခွင်တလျှောက် ဒါနဲ့ ပတ်သက်လို့ ဘာတခုမှ မသိရဘဲ အခုမှ ပထမဆုံး ကြားရတာဖြစ်တယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ကျနော်တို့ မသိဘူး။ မသိလို့ တရားရုံးရှေ့မှာ တာဝန်ရှိတဲ့သူတွေ သက်သေလာခံတော့ ဒီကိစ္စတွေကို ကျနော်တို့ မေးပါတယ်။ သူတို့ကလည်း မဖြေနိုင်ပါဘူး။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာမှ အရေးယူရင်တော့ မပြောတတ်ဘူး။ ကျနော်တို့က အဲဒီတုန်းက ၂၀၀၈ ခုနှစ် Inquiry ဘယ်သူလုပ်တာလဲ။ ဘယ်အဖွဲ့အစည်း လုပ်တာလဲ ကျနော်တို့မေးတယ်။ မဖြေနိုင်ဘူး။ Inquiry ရှိတယ်ပဲ ပြောတယ်။ အရေးယူဆောင်ရွက်တာ ရှိသလားဆိုတော့လည်း မဖြေနိုင်ကြပါဘူး။ ကျနော်တို့ကတော့ ရုံးရှိမှတ်တမ်းအရ ဒီလောက်ပဲ သိပါတယ်။”

ဒီလိုပဲ မစ္စတာ ယက်ထော နဲ့ အတူ ပြီးခဲ့တဲ့နှစ်အတွင်းက မြန်မာနိုင်ငံကို လိုက်ပါသွားသူ အမျိုးသမီးကို မေးမြန်းမှုတွေလည်း လုပ်နေပါတယ်လို့လည်း ရဲချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ တကယ်တော့ နေအိမ်အကျယ်ချုပ် ကျနေစဉ် မဖိတ်ခေါ်ဘဲ ရောက်လာသူ တဦးအတွက် ဒေါ်အောင်ဆန်းစုကြည် အရေးယူခံ နေရတာဟာ မျှတမှု မရှိဘူး၊ လုံခြုံရေး တာဝန်ယူထားသူတွေကိုတော့ ဘာမှ မလုပ်ဘူးဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေတာပါ။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ရန်ကုန် အင်းစိန်ထောင်တွင်း ကြားနာစစ်ဆေးမှုကာလအတွင်း ပြောထားပြီးသားလို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“တရားရေးကတော့ သူ့ရုံးရှေ့ရောက်လာတဲ့အမှုကို စစ်မှာ။ အဲဒီတော့ တရားစွဲတင်တဲ့ အဖွဲ့အစည်းအနေနဲ့ပဲ ဒီကိစ္စဟာ၊ ဒီလို ချိုးဖောက်ဝင်ရောက် လာတဲ့ကိစ္စဟာ အဓိက လုံခြုံရေးက တာဝန်ယူရမယ်ဗျာ။ အဲတော့ လုံခြုံရေးက တာဝန်ယူတာ မတွေ့ရဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲတဲ့အပေါ်မှာကြည့်ပြီးတော့ ဒေါ်စုကလည်း အဲဒါကို ဒါဟာ ဘက်လိုက် ဆောင်ရွက်မှုလို့ အစောကြီးကတည်းက ရုံးကိုလည်း တင်ပြထားပြီးပြီ။”

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပါ။ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းအတွင်းကို ရေကူးဝင်ရောက်ခဲ့တဲ့ မစ္စတာ ယက်တော နဲ့ပတ်သက်လို့ ပြောဆိုရာမှာတော့ သူဟာ ကျန်းမာရေးချို့တဲ့နေဆဲ ဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးမှာပဲ ဆေးဝါးကုသမှု ခံနေရဆဲဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို အခြေအနေကြောင့် လာမယ့်အင်္ဂါနေ့မှာ စီရင်ချက်ချမှတ်ဖို့ ချိန်းဆိုထားတာတွေ အပြောင်းအလဲ ရှိမယ်မရှိဘူး ဆိုတာကတော့ တရားရုံးကသာ ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်ဆိုပြီး ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ က ပြောခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစွဲဆိုတဲ့အထိ ရင်ဆိုင်နေရတဲ့ အမှုမှာ အဓိက ပတ်သက်နေသူလို့ ဆိုရမယ့် အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်တော တိတ်တဆိတ် ရေကူးဝင်ရောက် လာခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ လုံခြုံရေးအာဏာပိုင်တွေကို အရေးယူထားပြီလို့ မြန်မာစစ်အစိုးရရဲ့ ရဲချုပ် ခင်ရီ က ဒီကနေ့လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG