သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရေပိုင်နက်နားက မသင်္ကာဖွယ် မြောက်ကိုရီးယားသင်္ဘော


ဗုဒ္ဓဟူးနေ့က အိန္ဒိယ ရေပိုင်နက်အတွင်း မြန်မာနဲ့ ထိုင်းနိုင်ငံအနီးမှာ ခွင့်ပြုချက်မရဘဲ ကျောက်ချသွားတဲ့ မသင်္ကာဖွယ် မြောက်ကိုရီးယား ကိစ္စ၊ အသေးစိတ် စုံစမ်းစစ်ဆေးနေပြီလို့ အိန္ဒိယ အစိုးရ တာဝန်ခံများက ပြောကြားကြပါတယ်။ ဘင်္ဂလား ပင်လယ်အော်အတွင်းမှာ အဲဒီ မြောက်ကိုရီးယား သင်္ဘောကို အချက်ပြ ဆက်သွယ်ပေမဲ့ မတုံ့ပြန်ခဲ့ဘူး။ ၆နာရီကျော်ကြာ နောက်က လိုက်ပြီး လေထဲကို အမြောက် ၂ချက် ပစ်ဖောက်လိုက်ပြီးတော့မှ ရပ်တန့်နိုင်ခဲ့တယ်လို့ အိန္ဒိယဒေသ ကမ်းခြေစောင့် တပ်မှူးချုပ်က ပြောကြောင်း The Time of India သတင်းစာက ကိုးကားရေးသား ဖော်ပြပါတယ်။ Port Blairs ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီး ကနဦး စစ်ဆေးမှုအရ မြောက်ကိုရီးယား သင်္ဘောဟာ ထိုင်းနိုင်ငံကနေ အီရတ်နိုင်ငံကို သွားနေတာ ဖြစ်ပါတယ်။

ခု သင်္ဘောပေါ်မှာ သကြားတွေကိုသာ တွေ့ရပေမဲ့ မြောက်ကိုရီးယား သင်္ဘောတွေပေါ်မှာ နျူကလီးယားနဲ့ ဒုံးလက်နက် အရင်က တင်ခဲ့ဖူးတယ် စသဖြင့် ရေးသားထားပါတယ်။ မြန်မာပြည်မှာ နျူကလီးယား လက်နက်လုပ်ဖို့ မြောက်ကိုရီးယားက ကူညီနေတယ်ဆိုတဲ့ အရင် သီတင်းပတ်ထဲမှာ သြစတြေးလျက သတင်းများ ထွက်ပေါ်ခဲ့သလို၊ ဇွန်လတုန်းကလည်း မသင်္ကာ ဖွယ်ရာ ပစ္စည်းများ တင်ဆောင်သွားတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား သင်္ဘောတစင်း မြန်မာပြည်ဘက်ကို သွားနေစဉ် အမေရိကန် ရေတပ် ဖျက် သင်္ဘောက နောက်ယောင်ခံလိုက်တော့မှ အဲဒီသင်္ဘောဟာ မြောက်ကိုရီးယားဘက်ကို ပြန်သွားခဲ့ ဖူးပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG