လက်နက်ပစ္စည်း တင်ဆောင်ထားတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား ကုန်သင်္ဘောတစီး မကြာမီက မြန်မာပြည်ဖက်ကို ဦးတည်သွားပြီးမှ အုတ်အော်သောင်းနင်း ဖြစ်ကုန်တဲ့အတွက် မြောက်ကိုရီးယားကို ပြန်သွားရပါတယ်။ စစ်အင်အားကြီးမားအောင် ဗမာစစ်အစိုးရ ကြိုးပမ်းနေပုံကို ဖော်ပြလိုက်တာပါပဲ။ မြန်မာနိုင်ငံမှာ အမြဲတမ်း တိုးတက်ကြီးထွားနေတာ လက်နက်ခဲယမ်း ထုတ်လုပ်မှုဖြစ်ပါတယ်။ လက်နက်ခဲယမ်းကို 'ကကထုတ်' လို့ ခေါ်တဲ့ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှု ညွှန်ကြားရေးမှုးရုံးက ချုပ်ကိုင်ပါတယ်။ 'ကကထုတ်' လက်အောက်က 'ကပစ' ခေါ် ကာကွယ်ရေး ပစ္စည်းစက်ရုံတွေကို ပဲခူးတိုင်း-မကွေးတိုင်း နဲ့ ရန်ကုန်မှာ ထားပါတယ်။ 'ကပစ' (၂၀) လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ တရုတ် (China) -ရုရှား (Russia) - စင်္ကာပူ (Singapore) - တောင်ကိုရီးယား (South Korea) နဲ့ မြောက်ကိုရီးယား (North Korea) တို့က 'ကပစ' တွေကို အကူအညီ ပေးကြပါတယ်။
မြန်မာပြည်မှာ ပထမဆုံး ထုတ်လုပ်တယ်လို့ ပြောနိုင်တဲ့ လက်နက်ပစ္စည်းကို 'နေဝင်းစတင်း' လို့ လူသိများပါတယ်။ အီတလီလုပ် TZ-45 စက်သေနတ်အသေးစားရဲ့ ဒီဇိုင်းပုံစံကို မူပိုင်ဝယ်ယူပြီး ရန်ကုန်အင်းယားကန်စောင်းမှာ စတင်ထုတ်လုပ်တာ ဖြစ်ပါတယ်။ နောက်တော့ အနောက်ဂျာမဏီ အစိုးရပိုင် Fritz Werner ကုမ္မဏီ နဲ့ Heckler နဲ့ Koch ကုမ္မဏီတို့ ပူးပေါင်းပြီး Gewehr (3) မောင်းပြန်သေနတ်ကို မြန်မာပြည်မှာ ထုတ်လုပ်ပါတယ်။ G-3 လို့ လူသိများပါတယ်။ သေနတ် နဲ့ ကျည်ဆံထုတ်လုပ်တဲ့ စက်ရုံတွေကို ဧရာဝတီမြစ်ရိုး အနောက်ဖက်မှာ တည်ဆောက်ထားပါတယ်။ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က ဆင်တဲ-ထုံးဘို-ညောင်ခြေထောက် စတဲ့နေရာတွေမှာ 'ကပစ' တွေ တည်ဆောက်ပါတယ်။ နောက်ပိုင်းမှာ မကွေးတိုင်း အထက်မင်းလှ-ဆင်ပေါင်ဝဲ-အောင်လံ-သရက်-စေတုတ္တရာ နဲ့ တောင်တွင်းကြီးအထိ 'ကပစ' တွေ တိုးချဲ့လာပါတယ်။
၁၉၈၈ ပြည်သူ့အုံကြွမှုကြီး ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေက ဗမာစစ်အစိုရကို လက်နက်ပစ္စည်း မရောင်းတော့တဲ့အတွက် လက်နက်ခဲယမ်း ရနိုင်မယ့်နေရာတွေကို အပူတပြင်းရှာဖွေရပါတယ်။ ဒီနေရာမှာ စင်္ကာပူ (Singapore)-တရုတ် (China) - တောင်ကိုရီးယား (South Korea) နဲ့ မြောက်ကိုရီးယား (North Korea) တို့ဟာ ဗမာစစ်အစိုးရရဲ့ ကယ်တင်ရှင်များ ဖြစ်လာပါတယ်။ ဂျာမန်အတက်ပညာရှင်တွေကို တရုတ်နဲ့ကိုရီးယား ပညာရှင်တွေက အစားထိုးလိုက်ပါတယ်။ ဂျာမန်အတတ်ပညာရှင်တွေကို တရုတ်နဲ့ ကိုရီးယားပညာရှင်တွေက အစားထိုးလိုက်ပါတော့တယ်။ လေးလံပြီးပစ်ရခက်တဲ့ G-3 ကို MA အမျိုးအစားရိုင်ဖယ် (rifle) တွေနဲ့ အစားထိုးပါတယ်။ MA အမျိုးအစား လက်နက်ငယ်တွေထုတ်ဖို့ တိုက်ကြီးမြို့နယ် လိမ္မော်ခြံရွာနားမှာ 'ကပစ' (၁၁) ကို တည်ဆောက်ထားတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ စစ်ဦးစီးချုပ်ဖြစ်လာတဲ့ ၁၉၉၂ နှစ် နောက်ပိုင်းမှာ ဒုံးလက်နက်အသုံးပြုရေး စီမံကိန်းကို စတင် အကောင်အထည် ဖော်ကြောင်း သိရပါတယ်။ တာလတ်ပစ်ဒုံး၊တာဝေးပစ်ဒုံး မြေပြင်က မြေပြင်ပစ်ဒုံး မြေပြင်မှဝေဟင်ပစ်ဒုံး စတဲ့ ဒုံးလက်နက်တွေကို ထုတ်လုပ်ဖို့ ရည်ရွယ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းနဲ့ အတတ်ပညာကို တရုတ် (China)၊ ရုရှား (Russia) နဲ့ ကိုရီးယား (Koreas) နှစ်နိုင်ငံက တင်သွင်းပါတယ်။ မြောက်ကိုရီးယားကို အားကိုးတဲ့အကြောင်းရင်းတွေထဲမှာ တရုတ်နဲ့ ရုရှားပစ္စည်း ကိုင်တွယ်ရာမှာ မြောက်ကိုရီးယားက ကျွမ်းကျင်မှု ဒေါ်လာငွေအစား ဆန်နဲ့ ကောက်ပဲသီးနှံကို လက်ခံမှု စတာတွေ ပါဝင်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားကိုတော့ ဒေါ်လာငွေ လက်ငင်းပေးရပါတယ်။
၂၀၀၂ ခုနှစ်က မြန်မာပြည်မှာ အမြောက်ကျည်ဆံထုတ်လုပ်နိုင်ဖို့အတွက် ဒေဝူးကုမ္မဏီ (DAEWOO International)ကို ဗမာစစ်အစိုးရက ဒေါ်လာသန်းပေါင်း (၁၃၀) ဖိုး ကန်ထရိုက် ပေးခဲ့ပါတယ်။ အမြောက်ကျည် (၆) မျိုး ထောင်သောင်းချီပြီး နှစ်စဉ်ထုတ်လုပ်တဲ့ စီမံကိန်းပါပဲ။ အတတ်ပညာ ကျွမ်းကျင်အောင် မြန်မာပြည်မှာ သင်တန်းပေးတာရှိသလို တောင်ကိုရီးယားကို သွားရတာလည်း ရှိပါတယ်။ မြန်မာပြည်ကို လက်နက်ပစ္စည်း မတင်ပို့ဖို့ တောင်ကိုရီးယားအစိုးရ ပိတ်ပင်တားမြစ်ထားတဲ့ကြားက ဒေဝူးကုမ္မဏီက လက်နက်ခိုးရောင်းတာဖြစ်ပေမယ့် ဒဏ်ငွေအနည်းငယ်သာ ဆောင်ခိုင်းတာတွေ့ရပါတယ်။
ရုရှား (Russia)-ယူခရိန်း (Ukraine)- ဆာဗီးယား (Serbia)- အစ္စရေး (Israel) နဲ့ အိန္ဒိယ (India) ကလည်း ဗမာစစ်အစိုးရကို လက်နက်ပစ္စည်းရောင်းပေမယ့် တရုတ်က အများဆုံးဖြစ်ပါတယ်။ ဗမာစစ်အစိုးရ ဝယ်ထားတဲ့ တရုတ်စစ်ပစ္စည်းတန်ဖိုး ဒေါ်လာသန်းလေးထောင်လောက် ရှိနေပြီးလို သိရပါတယ်။ ပြည်သူလူထုကို သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဗမာစစ်အစိုးရကို စစ်ပစ္စည်းမရောင်းဖို့ ဥရောပအဖွဲ့နဲ့ အမေရိကန်က ပိတ်ပင်ထားပါတယ်။ ၂၀၀၇ ဆန္ဒပြပွဲကို သေနတ်နဲ့ ပစ်နှိမ်နင်းတဲ့ ဗမာစစ်အစိုးရကို လက်နက်ပစ္စည်း မရောင်းဖို့ လုံခြုံရေးကောင်စီက ပိတ်ပင်ဖို့ ပန်ကြားတာတွေ ရှိပါတယ်။ ဒါပေမယ့် တရုတ်နဲ့ရုရှားက သဘောမတူလို့ အရေးမယူနိုင်ပါဘူး။
ဗမာစစ်အစိုးရမှာ ပြည်ပရန်မရှိပဲ စစ်လက်နက်ပစ္စည်းမျိုးစုံ ဝယ်ယူထုတ်လုပ်ပြီး စစ်အင်အားကြီးမားအောင် ကြိုးပမ်းနေတာ ဘာရည်ရွယ်ချက်လဲလို့ မေးစရာ ဖြစ်လာပါတယ်။ နည်းမျိုးစုံသုံးပြီး တရုတ်ဆီက ရယူထားတဲ့ စစ်ပစ္စည်းအညံ့စားတွေဟာ ပြည်ပရန်ကာကွယ်နိုင်တဲ့ အဆင့်အတန်းမရှိဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ဥပမာ တရုတ်ဆီက ရထားတဲ့ တိုက်လေယာဉ်တွေဟာ ပြည်ပရန်ကို မကာကွယ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဗမာစစ်တပ်အင်အား တိုးချဲ့နေတာဟာ ဗမာလူထုကို ဖိနှိပ်ပြီး တိုင်းရင်းသားတွေကိုကြီးစိုးဖို့ ရည်ရွယ်သလို ဖြစ်နေပါတယ်။