သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ ကာလ စစ်ထောက်လှမ်းရေးအဖွဲ့ အခန်းကဏ္ဍ


၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီးကာလမှာ မြန်မာ့ဆိုရှယ်လစ်ပါတီ ပြိုကွဲသွားပြီး နိုင်ငံတော်အုပ်ချုပ်မှု ယန္တယားပျက်ခဲ့သလို စစ်ထောက်လှမ်းရေးအဖွဲ့ကြီးလည်း ဘာကိုမှ စနစ်တကျလုပ်ဆောင် ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ပါဘူးလို့ စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှုး ဦးအောင်လင်းထွဋ် က ပြောဆိုပါတယ်။ စက်တင်္ဘာလအတွင်း စစ်တပ်က အာဏာသိမ်းခဲ့တာဟာလည်း ထောက်လှမ်းရေးရဲ့ အကွက်ချလုပ်ဆောင်မှု မဟုတ်ဘဲ စစ်တပ်တခုလုံးအနေနဲ့ အာဏာရှင် ဦးနေဝင်းရဲ့ အမိန့်ကို နာခံပြီး လုပ်ခဲ့ရတာဖြစ်တယ်လို့လည်း သူက ပြောဆိုပါတယ်။ အဲဒီလို လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ဖြစ်ခဲ့ရတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့အတွင်းက အခြေအနေ၊ လုပ်ဆောင်ခဲ့တာတွေကို စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် က ဗွီအိုအေဌာနမှုး ဦးသန်းလွင်ထွန်း အား ထုတ်ဖော်ပြောဆိုထားချက်များကို တင်ပြထားပါတယ်။

ဦးအောင်လင်းထွဋ်။ ။ တကယ်တော့ ပရမ်းပတာပါပဲ။ အခြေအနေကို လုံးဝထိန်းသိမ်းနိုင်တဲ့ အနေအထားမျိုး ကျနော်တို့ မရှိပါဘူး။ အခုအချိန်မှာလည်း စစ်ထောက်လှမ်းရေးပိုင်းမှာရော၊ စစ်တပ်ဖက်ပိုင်းမှာရော ဘယ်သူ့အမိန့်နာခံရမယ့် အနေအထားမျိုး ကျနော်တို့သိတယ်။ ကျနော်တို့ ထင်တာကတော့ ဦးနေဝင်းကတော့ အပြီးအပိုင် ထွက်သွားပြီးလို့ ထင်တာပဲ။ ဒါပေမယ့် စက်တင်္ဘာလ ၁၆ ရက်နေ့ညကျတော့ ကျနော်တို့ နယ်မြေကအဖွဲ့တွေက ခေါ်တယ်။ အဲဒီအချိန်မှာ ရန်ကုန်တိုင်းမှုး ဗိုလ်ချုပ်မျိုးညွှန့်ပါတယ်၊ တပ်မ ၁၁ တပ်မမှုး ဗိုလ်ချုပ်ဝင်းမြင့်၊ တပ်မ ၂၂ တပ်မမှုး ဗိုလ်ချုပ်တင်လှ၊ ဗျူးဟာမှုးတွေဖြစ်တဲ့ ဗိုလ်မှုးကြီးစောလွင်တို့ပါတယ်။ ကျနော်တို့ ထောက်လှမ်းရေးကဆိုရင် ဗိုလ်မှုးကြီး စိန်ထွားတို့၊ ဗိုလ်မှုးကြီးတင်ဝင်း၊ ဗိုလ်မှုးကြီးထွန်းကျော်တို့ ထောက်လှမ်းရေးတပ်က တပ်မှုးတွေအားလုံး နဲ့ ကျနော်တို့လည်း ကပ္ပတိန်အဆင့်မှာ အဲဒီ အစည်းအဝေးမှာ ကျနော်တို့ ပါတယ်။ အဲဒီ အစည်းအဝေးမှာက ဗိုလ်ချုပ်ခင်ညွှန့်၊ အဲဒီအချိန်က ဗိုလ်မှုးကြီးခင်ညွှန့်ပေါ့။ သူက ကျနော်တို့ကို ဘာ command ပေးလဲဆိုတော့ ဒီ စစ်တပ် နဲ့ ထောက်လှမ်းရေးကို အဲဒီညမှာ အားလုံးပေါင်း အတိုက်အခံ လူကြီးတွေ ၃၃ ယောက်၊ ၃၃ ယောက်ဆိုတာ သခင်ဟောင်းတွေပါတယ်။ ဦးနုတို့၊ သခင်တင်မြတို့ ဗိုလ်ရဲထွဋ် တို့ နာမည်ကြီး နိုင်ငံရေးသမားကြီးတွေ၊ ဟောင်းကြီးတွေ ပါတယ်။ ကျနော်ထင်တယ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါတယ်။ ဗိုလ်ချုပ်တင်ဦး အားလုံး ထင်ရှားတဲ့ ပုဂ္ဂိုလ် ၃၃ ယောက်ကို ဖမ်းခိုင်းတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒါ ၁၆ ရက်နေ့ပေါ့။ စက်တင်္ဘာ ၁၆ ရက်နေ့ပေါ့။

ဦးအောင်လင်းထွဋ်။ ။ ဟုတ်ကဲ့ အဲဒါ ၁၆ ရက်နေ့ည။ အဲဒီ အစည်းအဝေးမှာကြမှ ဖမ်းခိုင်းရော။ ဖမ်းခိုင်းတဲ့အခါကြတော့ ကျနော်တို့ လူငယ်တွေကတော့ ဘေးက နားထောင်တဲ့ အဆင့်ပဲ ရှိပါတယ်။ အဲဒီမှာ ဘာဖြစ်လည်းဆိုတော့ ကျန်တဲ့ တပ်မမှုးအဆင့်ရှိတဲ့လူတွေ၊ နောက် ထောက်လှမ်းရေးက ဗိုလ်မှုးကြီးစိန်ထွား တို့က မေးပါတယ်။ ဒီလူတွေကို ဖမ်းတဲ့အခါမှာ မရရအောင် ဖမ်းရမှာလား၊ ဒါမှမဟုတ် ပစ်ခတ်ပြီးတော့မှ ဖမ်းရမှာလား ဆိုပြီး ဗိုလ်မှုးကြီးခင်ညွှန့် ကို မေးတယ်ခင်များ။ ကျနော်တို့ ရှေ့မှာပဲ မေးတယ်။ အဲဒီမေးခွန်းကို ဗိုလ်မှုးကြီးခင်ညွှန့် က မဖြေနိုင်ဘူး။ မဖြေနိုင်တဲ့အခါကြတော့ ခင်များတို့ ခဏနေအုံးဆိုပြီး အပေါ်တက်သွားတယ်။ သူအပေါ်တက်သွားတော့ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ တို့ ရှိလိမ့်မယ် ထင်ပါတယ်။ ကျနော်တို့က အဲဒီအချိန်တုန်းက အပေါ်ထပ် အောက်ထပ်ဆိုတော့ အပေါ်ထပ် တက်သွားတယ်။ အပေါ်ထပ်တက်ပြီးတော့မှ ပြန်လာတယ်၊ ပြန်လာပြီးတဲ့အခါကြမှ ဗိုလ်ချုပ်ခင်ညွှန့် က ဘာပြောသလဲဆိုတော့ မင်းတို့ နားလည်းဖို့က ဒါ အထက်ကနေ ခိုင်းတဲ့အတိုင်း ခိုင်းတဲ့အမိန့်ကို စစ်တပ်ကနေ လုပ်ပေးရတာလို့ ပြောတယ်ခင်များ။ မရရအောင် ဖမ်းရမယ်ဆိုတယ့် သဘော မဟုတ်ဘူး။ ဒါပေမယ့် မင်းတို့ကို လုံခြုံရေးအရ ပြန်ပြီးတိုက်ခိုက်လာမယ် အန္တရာယ်ပြုလာမယ်ဆိုရင် ကိုယ့်ကိုကိုယ် ကာကွယ်တဲ့အနေနဲ့ လုပ်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီလို ပြောပြီး ကျနော်တို့ အဲဒီနေ့က ကျနော်တို့ လိုက်ပြီးတော့ ဖမ်းခိုင်းတယ် ဆိုပါတော့။ ဖမ်းခိုင်းတယ်အခါကြတော့ ဘယ်သူမှလည်း ဖမ်းချင်စိတ်မရှိပါဘူး။ ဖမ်းလို့မရမှန်းလည်း အကုန်လုံး သိကြတယ်။ အဲဒီအချိန်မှာ တခုခု သွားလုပ်ရင် ပိုပြီးတော့ အခြေအနေက ပိုပြီးရှုပ်ထွေးမယ်ဆိုတာ ကျနော်တို့ ဖြစ်လာကြတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီလို အမိန့်ထွက်ပေးမယ့် လက်တွေ့ သွားမဖမ်းကြဘူးလား။

ဦးအောင်လင်းထွဋ်။ ။ လက်တွေ့မသွားဘူးမဟုတ်ဘူး သွားတယ် ကျနော်တို့လည်း သွားတယ်။ ကျနော်ဆိုရင် အလုံဖက်ကို သွားတယ်ဗျ။ အလုံဖက်ကိုသွားတော့ သစ်တုံးတွေကာထားတယ်။ အဲဒီအထဲကိုလည်း ဆက်သွားဖို့ မရတဲ့အခါကြတော့ စစ်ကြောင်းမှုးက ကျနော် နဲ့ တိုင်ပင်တယ်။ စစ်ကြောင်းမှုးက ခင်များတို့ မဝင်တော့နဲ့ ပြန်လှည့်တော့ပြောလို့ ကျနော်တို့ ပြန်လှည့်ပြီး ပြန်လာကြတယ်။ အဲဒီနေ့ကတော့ သခင်တင်မြ နဲ့ ဗိုလ်ရဲထွဋ်တို့ နှစ်ယောက်ကို ကျနော်တို့ ခေါ်လို့ရတယ်။ သူတို့က ဘာလို့ ခေါ်လို့ရသလဲဆိုတော့ ဦးဝီဇယလမ်းပေါ်မှာ နေတဲ့အခါကြတော့ ဦးဝီဇယလမ်းကတော့ အဲဒီအချိန်မှာတော့ ဂျင်းကလိနဲ့ စောင့်တာဘာညာ မရှိဘူးလေ။ ကျန်တဲ့လူတွေကတော့ ရပ်ကွက်တွေအတွင်းမှာ ဖြစ်နေတာကြောင့် ဝင်ရမလွယ်ခဲ့ဘူး။ အဲဒီလို ဖြစ်ခဲ့တယ်။

ဦးသန်းလွင်ထွန်း။ ။ ရှစ်ဆယ့်ရှစ် လှုပ်ရှားမှုကာလအတွင်းမှာပဲ ထောက်လှမ်းရေးအဖွဲ့က ဗိုလ်မှုးဉာဏ်လင်း နဲ့ ဗိုလ်မှုးစည်သူတို့ အဲဒီအချိန်တုန်းက ဗိုလ်ကြီးအဆင့်၊ သူတို့ ဦးစီးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချတဲ့ စာရွက်စာတမ်းတွေ ဝေဖို့ဆိုပြီးတော့ မြို့ထဲမှာ လည့်သွားနေတုန်း သပိတ်အဖွဲ့တွေက ဖမ်းဆီးမိခဲ့တယ့် အဖြစ်အပျက်တခုလည်း ရှိခဲ့တယ်။ အဲဒီအကြောင်းကို နည်းနည်းပြောပြပါလား။ ဒီ လူတွေကလည်း ဦးအောင်လင်းထွဋ်တို့နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လိမ့်မယ်။

ဦးအောင်လင်းထွဋ်။ ။ ဟုတ်ကဲ့ ကျနော် ပြောပြပါမယ်။ ကျနော် သိသလောက်ပေါ့လေ။ ကျနော်လည်း အဲဒီအချိန်မှာ စစ်ရုံးမှာ မရှိပါဘူး။ ကျနော် သိသလောက်ကတော့ အဲဒီအချိန်တုန်းက အဲဒီအမိန့်ကို တိုက်ရိုက်ညွန်ကြားတာက တပ်မတော်ထောက်လှမ်းရေးမှုး ဒုတိယ ညွန်ကြားရေးမှုး သန်းထွန်း၊ နောက်ပိုင်းတော့ ဗိုလ်မှုးချုပ်သန်းထွန်း၊ ကျနော်တို့ ဘဏ္ဍာရေး ဒု-ဝန်ကြီးလုပ်သွားတဲ့ ဗိုလ်မှုးချုပ်သန်းထွန်းပါ။ သူကနေပြီးမှ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်ပြီးတော့ သိက္ခာချဖို့အတွက်ကို ဒီ ကြော်ငြာဆိုင်းဘုတ်တွေကို ကပ်ဖို့အတွက်ကို အထက်က ခိုင်းတယ်ဆိုပြီး ပြောပါတယ်။ အထက်ဆိုတာ ကျနော်ကတော့ အထက်ဆိုတာ ဘယ်အထက်ဆိုတာ မသိဘူး။ အဲဒီအခါမှာ အဲဒီမှာ လုပ်ဖို့ လူရွေးတဲ့အခါကြတော့ အဲဒီမှာ တက်တက်ကြွကြွသွားမယ်ဆိုပြီးသွားတာ ဗိုလ်မှုးဉာဏ်လင်း၊ ဗိုလ်မှုးစည်သူ၊ ဗိုလ်မှုးသက်တင်စိန် တို့ သူတို့က ဗိုလ်ကြီးအဆင့်ပဲ ရှိပါသေးတယ်။ နောက် အောက်ကနေပြီး တပ်ကြပ်ကြီးစာရေး အဖွဲ့တွေ လိုက်သွားကြတာ ရှိကြတယ်။ ရှိပြီးတော့မှ သူတို့က အခြေအနေလည်း အခုနပြောသလို နယ်မြေခံ ထောက်လှမ်းရေးနဲ့လည်း ဌာနချုပ်နဲ့လည်း အဆက်အသွယ်ကလည်း မရှိ အဆက်အသွယ်မယူ ဝေလီဝေလင်းအချိန်မှာ လူရှင်းလောက်ပြီဆိုပြီး ကားနဲ့သွားရင် အဲဒီကားကို လူတွေက ဝိုင်းလိုက်တဲ့အခါကြတော့ လူတွေက ဒီကောင်တွေက ထောက်လှမ်းရေးကဆိုပြီး ဝိုင်းတဲ့အခါမှာ ဗိုလ်ကြီးသက်တင်စိန် နဲ့ ဗိုလ်ကြီးဉာဏ်လင်း က လူအုပ်တွေကြားထဲမှာ နောက်ဆုတ်နောက်ဆုတ်ရင် ရောသွားတော့ လွတ်သွားတယ်။ ဗိုလ်ကြီးစည်သူကတော့ အဲဒီလူအုပ်ကြီးက ကြည့်တဲ့အခါကြတော့ ဗိုလ်ကြီးစည်သူရဲ့ သေနတ်သွားတွေ့အခါကြတော့ ထောက်လှမ်းရေးပဲဆိုပြီး အဲဒီမှာ ဝိုင်းရိုက်ခံရတယ်၊ နောက်ပိုင်း နောက်က ဆရာကြီးတွေ လေးငါးယောက်လားမသိဘူး တခါတည်း ဖမ်းပြီးတော့မှ သရက်တောကျောင်းတိုက်ကို ခေါ်သွားတယ်လို့ ကျနော်တို့ သိရတယ်။ သရက်တောကျောင်းတိုက်မှာလည်း အဲဒီအချိန်တုန်းက သံဃာပေါ့ မှန်ကျောင်းဆရာတော်ကနေ အသက်ကို ကယ်ထားတယ်ဆိုတဲ့ သဘောပါပဲ။ မှန်ကျောင်းဆရာတော်ရဲ့ ကျေးဇူးကြောင့် သူတို့ အသက်မသေပဲ ပြန်ပြီးလွတ်ခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ မြန်မာနိုင်ငံမှာ စက်တင်္ဘာလ ၁၈ ရက်နေ့ အာဏာသိမ်းတယ်ဆိုတာ စနစ်တကျ စီစဉ်အကွက်ချပြီး အာဏာသိမ်းတယ်ဆိုတယ် သဘောမျိုး ပြောကြတာရှိတယ်လေ။ ဘာကြောင့်လည်းဆိုတော့ ဒီ လူထုလှုပ်ရှားမှု အရှိန်အဟုန် ကြွနေတဲ့အချိန်အတွင်းမှာပဲ လူထုလှုပ်ရှားမှုကြားထဲမှာ မင်းမဲ့စရိုက်တွေ ပေါ်လာတယ်။ ဥပမာ အဆိပ်ခတ်သတ်တာတို့၊ ဒါမှမဟုတ် အချင်းချင်းမှာ စွပ်စွဲပြီးတော့ သတ်မှုဖျက်မှုတွေ ပေါ်လာတာတို့ ဒီ ထိန်းလို့သိမ်းလို့ မရတဲ့အခြေအနေ။ ဒီလို ထိန်းလို့သိမ်းလို့ မရတဲ့ အခြေအနေမျိုးဖြစ်အောင် ထောက်လှမ်းရေးကနေ တမင်ဖန်တီးပြီးတော့ ဒါကို လက်ညှိထိုးပြီး တိုင်းပြည်အခြေအနေကို တပ်မတော်က ပြန်လည်ကာကွယ် ထိမ်းသိမ်းရမယ်ဆိုတဲ့ အနေအထားမျိုး ရောက်အောင်လုပ်ပေးခဲ့တယ်ဆိုတဲ့ ယူဆချက်လည်းရှိတော့ ဒါဟာ ထောက်လှမ်းရေးရဲ့ အခန်းကဏ္ဍပေါ့။ အဲဒါနဲ့ ပတ်သက်လိုရော ဦးအောင်လင်းထွဋ် အနေနဲ့ ဘာတွေများ သိထားခဲ့သလဲ။

ဦးအောင်လင်းထွဋ်။ ။ ကျနော်အနေနဲ့ ပြောရရင် ကျနော် ကာကွယ်ပြီးပြောတာမဟုတ်ဘူးဗျ။ ကျနော် အခုန ပြောခဲ့သလိုပဲ ဒီ ထောက်လှမ်းရေးရဲ့ အင်အားက ဂျီးအီဂျီး ကြောက်သလို ထောက်လှမ်းရေးကို ရှောက်ပြောပြီး နာမည်သုံးတာပဲ ရှိတယ်။ တကယ်တော့ ဒီ ထောက်လှမ်းရေးမှာ အဲဒီအချိန်မှာ အဲသလို ဉာဏ်နီဉာဏ်နက်လုပ်ဖို့ ဉာဏ်နီဉာဏ်နက် plan လုပ်မဲ့ လူတော့ ကျနော် မသိဘူးဗျ။ ဒါပေမယ့် တခုပဲ ကျနော် အဲဒီအချိန်မှာ သွားမြင်တာက ဘာဖြစ်လည်းဆိုတော့ အားလုံးသိပါတယ်။ ဒီ ထောင်တွေကို ဖောက်ပေးလိုက်တာ အဲဒါကတော့ ထောင်တွေကို ဖွင့်ပေးတဲ့ဟာကလည်း ကျနော်ထင်တယ် မဆလရဲ့ ပယောဂ ပါလိမ့်မယ် ထင်တယ်။ ထောင်ဖွင့်ပေးတဲ့အခါမှာမှ ဒီလို ဖြစ်တဲ့ ဖြစ်စဉ်တွေက ပိုပြီးတော့မှ များလာတယ်ထင်တယ်။ နောက်တခုကတော့ ကျနော်တို့ အပြစ်တင်တာတော့ မဟုတ်ပါဘူး၊ ကျနော် အလျှင်သင့်လို ပြောရရင်တော့ အဲဒီအချိန်အခါတွင်းမှာ ကျနော်တို့ ဗမာပြည် ကွန်မြူနစ်ပါတီက ကိုသက်ခိုင်တို့ ကိုကျော်မြတို့ ကိုတင်အောင်တို့က ကျနော်တို့ အရေးအခင်းမဖြစ်ခင်မှာ ဗမာပြည်ထဲကို ရောက်နေပြီဆိုတာ ကျနော်တို့ သိတော့သိတယ်။ အကုန်လုံးပေါ့ ပေါင်းစုံလုပ်လို့ရှိရင် ဟိုလိုလို ဒီလိုလိုနဲ့ အခုနပြောသလို ထောက်လှမ်းရေးက လုပ်သလိုလို ဗကပ က လုပ်သလိုလို ဒီထောင်ထွက်က လုပ်သလိုလို အဲဒီအခြေအနေကိုတော့ အခြေအနေမှန် ဘာလည်းဆိုတာ ကျနော်အနေနဲ့ ပြောရခက်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီ အချိန်တုန်းကဆိုလိုရှိရင် အရေးအခင်း ကာလတုန်းက ထောက်လှမ်းရေးဆိုပြီး မိတဲ့သူတွေကြားမှ ဆေးတွေထိုးပြီးတော့ မှိုင်းတိုက်ခံထားရလူတွေ ရှိတယ်၊ သူကိုသူ ဘယ်သူဘယ်ဝါမှန်း မသိပဲ ဆေးထိုးပြီးတော့ ခိုင်းထားလို့ လုပ်ရတာပါဆိုပြီး ပြောတယ်ဆိုတဲ့ သတင်းစကားတွေရှိတယ်။ အဲဒါမျိုးတွေရော ထောက်လှမ်းရေးအနေနဲ့ လုပ်ခဲ့တာ ရှိသလား။

ဦးအောင်လင်းထွဋ်။ ။ အဲဒါမျိုး ကျနော်တို့ အားလုံးအနေနဲ့ မပြောလိုဘူး။ ကျနော့်အပိုင်းအနေနဲ့တော့ မရှိဘူး။ ဘာဖြစ်လိုလည်းဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး ကျနော် ဘုရားမှာနေတုန်းက ကျနော့်ရှေ့မှာ လူတယောက်ကို ဆန္ဒပြတဲ့အဖွဲ့တွေက ဝိုင်းရိုက်နေကြတယ်။ ဝိုင်းရိုက်နေကြတယ်ဆိုတာ ဘာဖြစ်လို့ ရိုက်သလဲဆိုတော့ ထောက်လှမ်းရေးဆိုပြီးတော့ ရိုက်နေကြတယ်ဗျာ။ သူတို့က ဘုရားဂိတ်တွေကနေ ရှာလိုက်တဲ့အခါမှာ အဲဒီလူဆီကနေ ကင်မရာပုံစံမျိုး မီးခြစ်လိုလို ကင်မရာလိုလို ပစ္စည်းလေးတခုကို သွားတွေ့တယ်။ ဒါ ထောက်လှမ်းရေးပဲကွဆိုပြီး သူတို့ ရိုက်နေကြတယ်။ သူတို့ ရိုက်နေတဲ့ နေရာနဲ့ မနီးမဝေးမှာ ကျနော် ရှိနေတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီလူက ဦးအောင်လင်းထွဋ် လူ မဟုတ်ဘူးပေါ့။
ဦးအောင်လင်းထွဋ်။ ။ ကျနော်တို့ လူမဟုတ်ဘူး။ အလကားနေရင်း သူ အရိုက်ခံနေရတာ သနားဖို့ ကောင်းတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီလိုမျိုး လူအုပ်ကြားထဲမှာ တစုံတရာ အထင်မှားအမြင်မှားဖြစ်အောင် ဝင်လုပ်ခဲ့တာ ဘာညာမရှိခဲ့ဘူးပေါ့။

ဦးအောင်လင်းထွဋ်။ ။ ကျနော်တို့ ဒီလို အထင်မှား အမြင်မှား ဒီလိုဖြစ်တာတော့ ကျနော်တို့တော့ လူတွေကို ဒီလို သတ်ချင်လာအောင် ဖျက်ချင်လာအောင်တော့ ကျနော်တို့ အဲလောက်ကြီး လုပ်လို့ မရဘူးထင်တယ်။ လုပ်ဖို့လည်း သိပ်မလွယ်ဘူး။ လူတွေရဲ့ mentality အရလေ အဲဒီလိုဖြစ်အောင်။ ဒါပေမယ့် ဒီအထဲမှာ ဖြစ်တာတော့ ဖြစ်တာပေါ့လေ။ တွေ့တာတော့ တွေ့နေရတာပေါ့။ ခေါင်းဖြတ်တာတို့ အဲဒီအချိန်တုန်းကပေါ့။

ဦးသန်းလွင်ထွန်း။ ။ အခုနောက်ဆုံး ခြုံပြီးတော့ သုံးသပ်ရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အခုလက်ရှိအနေအထားမှာ နိုင်ငံရေးအရဆိုလိုရှိရင်လည်း ပြီးကတဲ့နှစ်တုန်းက ရွှေဝါရောင် တော်လှန်ရေးတွေဖြစ်ခဲ့တယ်၊ နာဂစ်မုန်တိုင်းပြီးကာလမှာဆိုရင်လည်း အခြေအနေက စီးပွားရေး ကြပ်တည်းမှုတွေနဲ့ အခြေအနေတွေက မတည်မငြိမ်ဖြစ်နေတယ်ဆိုတော့ ဒီအခြေအနေမှာ မြန်မာထောက်လှမ်းရေး နဲ့ သတင်းပေးတပ်ဖွဲ့တွေ အခန်းကဏ္ဍက ဘယ်လိုရှိလာနိုင်မလဲ။

ဦးအောင်လင်းထွဋ်။ ။ ဒီအခြေအနေ ဒီကာလကတော့ ဒီမိုကရေစီအင်အားစုတွေအတွက်ရော ဗမာပြည်သူပြည်သားအတွက်ရော အခွင့်အခါ ကျနော်တို့ ကောင်းတဲ့အခြေအနေပါ။ သူတို့ တကယ်တော့ ဘာမှ ထိထိရောက်ရောက်နဲ့ ကျနော်တို့ မသိနိုင်ပါဘူး။ မသိနိုင်ဘူးဆိုတာလည်း အခု ကိုသန်းလွင်ထွန်းတို့ သိတဲ့အတိုင်းပါ။ ဗမာပြည်တွင်းမှာ ဗုံးပဲကွဲကွဲ ဘာပဲဖြစ်ဖြစ် နောက်ဆုံး လူသတ်မှုကြီးဖြစ်ဖြစ် ပေါ်အောင် သူတို့လုပ်နိုင်တဲ့အနေအထား စွမ်းအားမရှိဘူး။ ဒီလို မလုပ်နိုင်တာ ကျနော်တို့ ထောက်လှမ်းရေးရဲ့ ထောက်လှမ်းရေးညံ့လို့ပေါ့။ ထောက်လှမ်းရေးဆိုတဲ့ကောင်တွေက မလုပ်နိုင်တဲ့အတွက် ဒီလိုမျိုးတွေက တောက်လျှောက်ဖြစ်နေတာပါ။ သူတို့ အချင်းချင်းပဲ ခွေနေကြတဲ့ အနေအထားမျိုးဖြစ်တဲ့ အချိန်အခါဖြစ်ပါတယ်။ ဒီ ထောက်လှမ်းရေးအပိုင်းမှာ စစ်ထောက်လှမ်းရေးကလည်း သိပ်ပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားမရှိဘူး။ ရဲ အထူးထောက်လှမ်းရေးကလည်း ဒီ လောက် လူအများကြီးနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူး။ စ သုံးလုံးတို့ ဆိုတာလည်း ထောက်လှမ်းရေးဆိုတာ နာမည်ခံထားတာ နောက်ပိုင်းမှာ ထောက်လှမ်းရေးပြုတ်ပြီးနောက်ပိုင်းမှာ စွမ်းအားရှင်တို့ ကြံ့ခိုင်းဖွံ့ဖြိုးရေးတို့ဆိုပြီးတော့ လုပ်တာဖြစ်လာတယ်။ မြို့တွေရွာတွေမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးစွမ်းအားရှင်တွေထားပြီး သတင်းပေးပေါ့။ ဒါလည်း ဒီအဖွဲ့တွေ စနစ်တကျလေ့ကျင့်ပြီးမှ ထားတဲ့အဖွဲ့တွေမဟုတ်တဲ့အတွက်ကြောင့် အချိန်မရွေး အခုနပြောသလို ကျနော်တို့ အယင်ခေတ်တုန်းက လမ်းစဉ်လူငယ်တို့ ဘာညာကွိကွတွေလို ဘက်ပြောင်းသွားနိုင်တယ် အနေအထား ရှိပါတယ်။ ဒီမိုကရေစီဘက်တော်သားအတွက်ကတော့ အချိန်ကောင်း အချိန်အခါကောင်းပေါ့။

XS
SM
MD
LG