သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အင်ဂိုလာနိုင်ငံရောက်ရှိ


အာဖရိကတိုက်ကို ခရီးလှည့်လည်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ အင်ဂိုလာ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒီနေ့ မြို့တော် လူဝန်ဒါ ကို ရောက်ရှိနေခဲ့ပါတယ်။ အင်ဂိုလာ သမ္မတ Jose Eduardo dos Santos ကို ဝန်ကြီး ကလင်တန် က သွားရောက် တွေ့ဆုံမှာ ဖြစ်ပြီး၊ အင်ဂိုလာရဲ့ ရေနံထုတ်လုပ်မှုနဲ့ စားနပ်ရိက္ခာ ဖူလုံရေး ကိစ္စရပ် တွေနဲ့ ပတ်သက်ပြီး အင်ဂိုလာနိုင်ငံခြားရေးဝန်ကြီး၊ ရေနံ ဝန်ကြီးတို့နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ အင်ဂိုလာဟာ အမေရိကန် ပြည်ထောင်စုကို ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့တို့ကို အဓိက တင်ပို့ ရောင်းချနေတာပါ။ အင်ဂိုလာရဲ့ ရေနံ ထုတ်လုပ်မှု နယ်ပယ်မှာ တရုတ်ရဲ့ သြဇာ မြှင့်တင်နေချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟာ မြို့တော် လူဝန်ဒါကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ အင်ဂိုလာနိုင်ငံရဲ့ ရေနံ ဝယ်ယူမှုမှာ အမေရိကန်နဲ့ တရုတ် ပြိုင်ဘက်တွေဖြစ်နေကြတယ် ဆိုတဲ့ အသုံးအနှုန်းကို အာဖရိကရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Johnnie Carson က ပယ်ချလိုက်ပြီး၊ ဒါဟာ စစ်အေးတိုက်ပွဲ အချိန်ကာလက ဥပမာ ပေးတာမျိုး ဖြစ်နေတယ်လို့ ပြောဆိုပါတယ်။ အင်ဂိုလာဟာ ရေနံထုတ်လုပ်မှု နယ်ပယ် ကွက်ကွက်ကလေးအတွက် အာရုံစိုက်မနေဘဲ၊ စိုက်ပျိုးရေးနယ်ပယ်မှာ ကြီးကြီးမားမားအလေးထား လုပ်ဆောင်သွားကြဖို့ကို လည်း ဝန်ကြီးကလင်တန်က အင်ဂိုလာ ခေါင်းဆောင်တွေကို တွန်းအားပေးသွားမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေး နယ်ပယ်ကသာ လျှင် အာဖရိကတိုက်ရဲ့ သန်းပေါင်းများစွာသော လူဦးရေကို ဆင်းရဲတွင်းက လွတ်မြောက်အောင် လုပ်ပေးနိုင်မယ်လို့ အမေရိကန် ပြည်ထောင်စု အစိုးရ က ယုံကြည်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG