ဒီကနေ့ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်နဲ့ အီရတ်နိုင်ငံ မြောက်ပိုင်းမှာ ဗုံးတွေ ဆက်တိုက်ကွဲခဲ့လို့ စုစုပေါင်း လူအနည်းဆုံး ၄၆ ဦး သေဆုံးခဲ့ရတယ်လို့ အီရတ်အစိုးရ အရာရှိတွေက ပြောပါတယ်။
အီရတ်နိုင်ငံ မြောက်ပိုင်း ဆွန်နီ မွတ်ဆလင်တို့ ကြီးစိုးရာ မိုဆူးလ်မြို့အနီးမှာရှိတဲ့ ရှီးယိုက်ဘာသာဝင်တို့ရဲ့ ရွာတရွာမှာ ဗုံးတွေ ဆက်တိုက် ပေါက်ကွဲခဲ့လို့ အနည်းဆုံး လူ ၂၈ ဦးသေဆုံးပြီး ၁၅၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ လူနေအိမ် ၃၅ အိမ်လောက် ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဘဂ္ဂဒက်မြို့မှာတော့ ဗုံး ၃ လုံး ကွဲခဲ့လို့ အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး ၉၄ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
အရင်နှစ်အတွင်း အီရတ်နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျဆင်းခဲ့တယ် ဆိုပေမယ့် အခုနောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးမြင့် ဖြစ်ပွားလာတာကြောင့် ဒီကိစ္စဟာ နိုင်ငံတကာ အတွက်ရော အီရတ်အစိုးရအတွက်ပါ စိုးရိမ်မကင်း ဖြစ်နေရပါတယ်။