သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစုစုနွေး ခန္တီးထောင် ပြောင်းရွှေ့ခံရ


အကျဉ်းကျနေတဲ့ လူ့အခွင့်အရေး ခုခံကာကွယ်သူ မစုစုနွေးကို ကလေးမြို့ အကျဉ်းထောင်ကနေ ခန္တီးထောင်ကို ပြောင်းရွှေ့လိုက်တဲ့အကြောင်း မိသားစုတွေက ပြောပါတယ်။ သူ့ရဲ့မိသားစုကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

အခုရက်ပိုင်းအတွင်း ကလေးထောင်ကနေ ခန္တီးထောင်ကို ပို့လိုက်တာဖြစ်ကြောင်း မစုစုနွေးရဲ့ အစ်မဖြစ်သူ မဌေးဌေးကြည်က အခုလိုပြောပါတယ်။

“၆ ရက်နေ့က ပြောင်းလိုက်တယ်။ ခန္တီးထောင်ကို ပြောင်းလိုက်တယ်။ ဘာအကြောင်းကြောင့်မှ စုံစမ်းလို့ မရသေးဘူး။ သူတို့ဆီ ဖုန်းဆက်တာ မရဘူး။ အခုဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်သွယ်လို့ အဲဒီထောင် ရောက်တယ်လို့ ကြားရတာ။”

ထောင်ပြောင်းရွှေ့တာ မိသားစုကို အကြောင်းကြားပေးခြင်း မရှိကြောင်း၊ ခန္တီးထောင်ကို ရောက်ပြီဆိုတာကိုပဲ သူတို့မိသားစုအနေနဲ့ စုံစမ်းသိရှိရတာ ဖြစ်ကြောင်းကိုလည်း အစ်မဖြစ်သူက ဆက်ပြောပြပါတယ်။

“အခုလို ပြောင်းတယ်ဆိုတာလည်း ကလေးအာဏာပိုင်တွေက ကျမကို ဆက်သွယ်မှုလည်း မရှိဘူး။ အခုဟာ ပြောင်းတယ်ဆိုတဲ့ အသိနဲ့ပဲ ကျမ လှမ်းဆက်သွယ်ကြည့်တယ်။ ဆက်သွယ်တော့လည်း သူတို့က သူတို့မှာ ပြောပိုင်ခွင့်မရှိလို့ ပြောလို့မရပါဘူးလို့ပဲ ပြောတယ်။ အခုဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဲဒီလိုပဲ လိုက်စုံစမ်းပြီးတော့ ရောက်မရောက်ကိုပဲ စုံစမ်းကြည့်ခဲ့ရတာ။”

မိသားစုအနေနဲ့ ကလေးအကျဉ်းထောင်ကနေ ခန္တီးထောင်ကို ပြောင်းလိုက်တဲ့အပေါ်မှာ ဝေးလံခေါင်သီတဲ့ နေရာတွေ ဖြစ်တဲ့အတွက်လည်း ပိုပြီးတော့ ခက်ခဲမှုတွေ ရှိနိုင်တယ်ဆိုပြီး ဆက်ပြောသွားပါတယ်။

“ခန္တီးထောင်က ပိုပြီး ခက်ခဲမယ်လို့ ပြောတာပဲ။ တခါမှတော့ မရောက်ဖူးသေးဘူး။ အခု ကလေးထောင်က သွားရေးလာရေး နည်းနည်းခက်ပေမယ့် ဟိုမှာ မြို့ခံလေးတွေနဲ့ အဆင်ပြေပြီးတော့ တွေ့ရဘာညာပေါ့။ အခု ဟိုရောက်တယ်ဆိုတော့ ကျမမှာ ၂၃ ရက်က တွေ့ပြီး ပြန်လာတော့ ရက်ကလည်း နည်းသေးတယ်ဆိုတော့၊ သူ ဟိုပြောင်းတယ်ဆိုကတည်းက ဟိုမှာ ဘယ်လိုနေတယ်၊ ဘယ်လိုထိုင်တယ်ဆိုတာ ကျမမှာ ခက်ခက်ခဲခဲထဲက လိုက်ရဦးမယ်။”

အစ်မဖြစ်သူ ပြောပြတာကတော့ မစုစုနွေးရဲ့ ကျန်းမာရေးက စိုးရိမ်စရာရှိနေပြီး တတ်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ ကုသမှုကို မခံရဘူးလို့လည်း ဆိုပါတယ်။

“သွေးပေါင် ဘာညာကတော့ တကယ့် သမားတော်ကြီးတွေနဲ့ ပြခွင့်မရတာရယ်၊ ဆေးမှူးအဆင့်လောက်နဲ့ပဲ ပြရတော့ သွေးပေါင်က ကျလိုက် တက်လိုက်နဲ့၊ အဲဒါပဲ ပြောလိုက်တယ်။ စိတ်မချမ်းသာတော့ သိပ်တော့ လန်းလန်းဆန်းဆန်း မရှိဘူး။ သူ့ရောဂါက မွေးရာပါ နှလုံးကြီးတာလေ။ သူ စိတ်တွေဘာတွေ မကောင်းလို့ စိတ်ညစ်တဲ့အခါ နှလုံးက ရောင်လာတာတို့၊ ဒေါသထွက်တဲ့အချိန်ဆို နှလုံးရောင်ပြီးတော့ သတိတွေ ဘာတွေ လစ်သွားတတ်တယ်။ သတိလစ်ချင်လည်း သူက သူများတကာလို တောင့်တောင့် ဖြောင့်ဖြောင့် မဟုတ်ဘူး၊ အိပ်နေသလိုလေး ဖြစ်တော့ လူက သိချင်မှလည်း သိတာ။ တယောက်တည်းထားရင် ပိုတောင် မသိရဘူး။ အဲဒါကို စိတ်ပူတာ။

“ညီမလေးရဲ့ ကျန်းမာရေး အခြေအနေကြောင့် အင်းစိန်၊ ရန်ကုန်မှာ ဆရာဝန်နဲ့လည်း နီးစပ်တဲ့နေရာ၊ မိသားစုနဲ့လည်း နီးစပ်တဲ့နေရာ၊ သူနဲ့သင့်တော်တဲ့ မြို့လည်း ဖြစ်ရမယ်ဆိုပြီး ကျမ အဲလိုတွေ ရေးတင်ထားပါတယ်။ ကလေးမြို့ ထောင်အာဏာပိုင်တွေဆီပဲ မစု လက်မှတ်ထိုးပြီးတော့ တင်ထားခဲ့တယ်။ ရန်ကုန် ပြည်ထဲရေးကိုလည်း စာတိုက်ကနေ စာပို့ပြီး တင်ထားပါတယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် ဒေသက ကြမ်းတမ်း၊ ရာသီဥတုကလည်း အေးတော့ သူ့ရဲ့ နှလုံးနဲ့ ဘယ်လိုမှ မလိုက်ဖက်၊ ကျမတို့ ဒီက သွားရေးလာရေးလည်း တော်တော်လေး ဝေးနေတော့ သူဖြစ်လို့ ကျမကို အကြောင်းကြားရင်တောင် ချက်ချင်း သွားလို့ မရတာရယ်၊ မတရားအေးလို့ရှိရင် နှလုံးတွေ ဘာတွေ အောင့်လာပြီးတော့ ရှော့ဖြစ်ပြီး သတိလစ်သွားတာတို့ ဘာတို့ အဲဒါတွေ စိုးရိမ်ပြီးတော့ အကုန်လုံး စာထဲမှာ ရေးတင်ထားပါတယ်။”

အခုအခါမှာတော့ မိသားစုအနေနဲ့ ငွေကြေး အခက်အခဲတွေကြောင့် ထောင်ဝင်စာတွေ့ဖို့ အတော် ရုန်းကန်ရဦးမှာ ဖြစ်တဲ့အကြောင်းကိုလည်း ပြောပြသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG