သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ဌာနေ ပြန်ပို့နိုင်ရေး ဘင်္ဂလားဒေ့ရှ် ကုလသမဂ္ဂ အကူအညီတောင်း


သူတို့နိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဌာန ပြန်ပို့ဖို့နဲ့ မြန်မာနိုင်ငံက နောက်ထပ် တရားမဝင် ဝင်ရောက်မှုတွေ မဖြစ်ပေါ်စေရေးအတွက် သူတို့ကို အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူ မိုနီ (Dipu Moni) က မြန်မာနိုင်ငံကလူတွေ ဆက်တိုက်ဆိုသလို သူတို့နိုင်ငံထဲ တရားမဝင် ဝင်ရောက်နေတာကြောင့် နဂိုကတည်းက လူနေထူထပ်လှတဲ့ သူတို့နိုင်ငံက ရှားပါးတဲ့ မြေယာတွေ၊ သစ်တောတွေနဲ့ အခြား အရင်းအမြစ်တွေကို ထိခိုက်စေတယ်လို့ UNHCR ကိုယ်စားလှယ် ရေမွန်ဟောလ် (Raymond Hall) နဲ့ မနေ့တုန်းက တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်အစိုးရအနေနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှုပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ မိမိတို့ဌာနေနဲ့ ဝေးနေရတဲ့ ဆင်းရဲဒုက္ခတွေ အဆုံးသတ်နိုင်ရေး မြန်မာပြည်ကို ပြန်ပြီး ဝင်ခွင့်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

၁၉၇၀ နောက်ပိုင်းကစလို့ မြန်မာနိုင်ငံကနေ တဖွဲဖွဲ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ အခုလောလောဆယ် ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ထဲက မြန်မာနိုင်ငံနယ်စပ် ဒုက္ခသည်စခန်းတွေမှာပဲ ၂၈,၀၀၀ ထက်မနည်း နေထိုင်နေကြပြီး နောက်ထပ် ၄၀၀,၀၀၀ လောက်ဟာ စခန်းတွေရဲ့ အပြင်ဘက်မှာ ပျံ့နှံ့ နေထိုင်နေကြတာ ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်လောက်မှာ ရိုဟင်ဂျာလူမျိုးပေါင်း ၂၅၀,၀၀၀ လောက်အထိ ရှိခဲ့ပြီး အများစုကို နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂါလီစကားပြောပြီး အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူနည်းစုအဖြစ် မြန်မာစစ်အစိုးရက မသတ်မှတ်ထားပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG