သုံးရလွယ်ကူစေသည့် Link များ

အပစ်ရပ် ကိုးကန့်အဖွဲ့ တင်းမာမှု ဖြေရှင်းရေး စစ်အစိုးရနဲ့ တွေ့ဆုံဖို့ ငြင်းဆို


နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးကို လက်မခံတဲ့ အပစ်အခတ်ရပ် အဖွဲ့တွေကို မြန်မာစစ်အစိုးရက နည်းမျိုးစုံနဲ့ ဖိအားပေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အချိန်မှာပဲ ပြီးခဲ့တဲ့ စနေနေ့က ကိုးကန့် ဌာနချုပ်မှာ စစ်အစိုးရ တပ်ဖွဲ့တွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ နောက်ဆက်တွဲ အခြေအနေတွေကို စုံစမ်းမေးမြန်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ကိုးကန့်အဖွဲ့လို့ လူသိများတဲ့ MNDAA မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ ဌာနချုပ်မှာ ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ပတ်သက်လို့ မနေ့က ဖြေရှင်းဖို့ ရောက်လာတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကို ကိုးကန့်ခေါင်းဆောင်တွေက လက်ခံတွေ့ဆုံခြင်း မရှိဘူးလို့ သိရပါတယ်။

တင်းမာမှုဖြစ်ရတဲ့ အကြောင်းကတော့ ပြီးခဲ့တဲ့ စနေနေ့က ကိုးကန့်ဌာနချုပ်၊ လောက်ကိုင်မြို့မှာရှိတဲ့ ခဲယမ်းမီးကျောက် ဂိုဒေါင်တချို့ကို မူယစ်ဆေးဝါး ရှာဖွေဖို့ ဝင်ရောက်လာတဲ့ မူးယစ်နဲ့ စစ်တပ် ပူးပေါင်းအဖွဲ့ကို တားဆီးမှုကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ကိုးကန့်ဥက္ကဋ္ဌ ဖုန်ကြားရှင်ကိုယ်တိုင် ဝင်ရောက် ဖြေရှင်းခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်တဲ့ အဆင့်ထိတော့ မရောက်ခဲ့ဘူးလို့ သိရပါတယ်။

မနေ့က ဌာနချုပ် လောက်ကိုင်ကို ရောက်လာတဲ့ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်ကို ကိုးကန့်ခေါင်းဆောင်တွေ လက်ခံတွေ့ဆုံခြင်း မရှိတာနဲ့ ပတ်သက်ပြီး အဲဒီအဖွဲ့နဲ့ နီးစပ်တဲ့ တရုတ်-မြန်မာ နယ်စပ်က နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက အခုလိုပြောပါတယ်။

“တိုင်းမှူးဆင်းလာတာပေါ့ဗျာ၊ နောက် တရုတ်ပြည်ထဲကို လူ ၁၀,၀၀၀ လောက် ဝင်သွားတဲ့အထဲက တဝက်ကျော်ကျော်လောက် ပြန်ဝင်လာတယ်၊ မနေ့က။ တိုင်းမှူးလာတာတော့၊ သူပြောတဲ့သဘောက တောင်းပန်မလို့ လာတာပေါ့၊ ဒီကိစ္စက အောက်ခြေက လုပ်တဲ့ကိစ္စ ဆိုတာမျိုးပေါ့။ ဒါပေမယ့် ဖုန်ကြားရှင်နဲ့ သူ့သားတွေကတော့ အတွေ့မခံဘူး၊ တိုင်းမှူးကို”

အခုတင်းမာမှုကြောင့် ယူနန်ပြည်နယ်၊ လိန်ချမ် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသခွဲ၊ နမ်ချမ်မြို့နယ်ကို ကိုးကန့်ဒေသခံတွေ အများအပြား တိမ်းရှောင်သွားကြပေမယ့် တချို့တဝက် ပြန်လာကြပြီလို့ သူကပြောပါတယ်။

“မြို့ပြကြီးတခုလို ဖြစ်နေတဲ့ ဒေသထဲမှာ ဖြစ်တာပေါ့။ ပြီးတော့ တရုတ်ပြည်ကလည်း များတယ်၊ ဒေသခံ တရုတ်အမျိုးသားတွေကလည်း ဟိုဘက်၊ ဒီဘက်မှာ ဆွေတွေမျိုးတွေ ဖြစ်နေတော့ ပြေးကြလွှားကြတာပေါ့။ ကျနော်ထင်တာတော့ တရားဝင် အားလုံး ဝုန်းဝုန်းနဲ့ ဝင်တာတော့ မဖြစ်နိုင်ဘူးဗျ၊ အဲလောက်အများကြီးကို။ ပြီးတော့ နယ်စပ်ကလည်း ကျဉ်းကျဉ်းလေး၊ မြေကြီးပဲခြားတာ။ ချောင်းသေးသေးလေးကလည်း လူလုပ်တဲ့ချောင်း မဟုတ်ဘူး၊ လမ်းလျှောက်လို့ရတဲ့ ချောင်းလေး။ ကျနော်မှတ်မိတယ်၊ အဲဒါကိုကျော်ပြီးတော့ အဲဒါကလည်း ဗမာပြည်နယ်ထဲမှာပဲ ရှိသေးတယ်၊ ကျော်ပြီး နည်းနည်း လမ်းလျှောက်လိုက်ရင် သူက ဟိုဘက်ဒီဘက် ဘယ်လိုမှ ခွဲခြားလို့ မရဘူး၊ ကျနော်တို့တုန်းကတော့ ဘာမှ အတားအဆီး မရှိဘူး၊ သွားလို့ရတယ်။”

အခုလို နယ်စပ်ဖြတ်ကျော်မှုတွေ ရှိပေမယ့် တရုတ်တပ်ဖွဲ့တွေကို အသင့်အနေထား တပ်လှန့်မထားဘူးလို့ သိရပါတယ်။

တရုတ်အစိုးရက မြန်မာစစ်အစိုးရအပေါ် ထားတဲ့ မူဝါဒနဲ့ ပတ်သက်လို့ လေ့လာနေသူ ဦးညိုအုံးမြင့်က ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခတွေကို တရုတ်ဘက်က လိုလားဟန်မတူဘူးလို့ ပြောပါတယ်။

“ဒီ နအဖကနေပြီးတော့ တရုတ်အစိုးရရဲ့ အင်မတန်မှ စိုးရိမ်ကြောင့်ကြမှုရှိတဲ့ နယ်စပ်တွေမှာ သေနတ်ဖောက်မှုကို ထပ်ပြီး ဖိအားပေးတယ်လို့ ထင်ပါတယ်။ နောက်တခုက တရုတ်အစိုးရအနေနဲ့ နယ်စပ်တွေမှာ ရှိနေတဲ့ လက်နက်ကိုင် ငြိမ်းအဖွဲ့တွေနဲ့ ဒီလို အပစ်အခတ် ရပ်စဲရေးကနေ ဒီလို ပျက်ပြယ်အောင်လုပ်မယ့် ကိစ္စမှန်သမျှကို သူ့အနေနဲ့ သတိကြီးကြီးနဲ့ တားဆီးမယ်လို့ ထင်ပါတယ်။ လိုအပ်မယ်ဆိုရင် နအဖအပေါ် ဖိအားတစုံတရာ ပေးသွားမယ်လို့ ကျနော်ထင်ပါတယ်။”

၂၀၀၃ ခုနှစ်မှာ ကိုးကန့်ဒေသကို မူးယစ်ဆေးဝါး ကင်းမဲ့ဇုန်အဖြစ် MNDAA က ကြေညာခဲ့ပါတယ်။ ဒီအဖွဲ့ဟာ KIO၊ မိုင်းလား၊ ဝအဖွဲ့၊ မွန်ပြည်သစ်နဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တို့ နည်းတူ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းပယ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG