သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရ ထောင်ဒဏ် ၃ နှစ် စီရင်ချက်ချ


နေအိမ်အကျယ်ချုပ် တားဆီးကန့်သတ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး တရားစွဲဆို ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ နောက်ပိုင်းမှာတော့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်နဲ့ နေအိမ်မှာ ကန့်သတ်ချက်တွေနဲ့အညီ ပြန်နေဖို့ ညွှန်ကြားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဒီတရားခွင်ကို ဘန်ကောက်မြို့ကနေ အနီးကပ် စောင့်ကြည့်နေတဲ့ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ် စွပ်စွဲထားတဲ့ ပြစ်မှုတွေကို ကျူးလွန်ကြောင်း ထင်ရှားတယ်ဆိုပြီး တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ အဲဒီလို ပြစ်ဒဏ်ချမှတ်လိုက်တဲ့ အကြောင်းကို ပြစ်ဒဏ်ချမှတ်ပြီး နာရီပိုင်းအတွင်းမှာပဲ နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားကနေ အခုလို ကြေညာခဲ့ပါတယ်။

“တရားခံ ဒေါ်အောင်ဆန်းစုကြည်အား ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ကျခံစေရန်လည်းကောင်း၊ တရားခံ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမခေါ် အငယ်လေးနှင့် မစ္စတာ ဂျွန် ဝီလီယံ ယက်တော (Mr. John William Yettaw) တို့အား ယင်းဥပဒေပုဒ်မ ၂၂/ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၀၉ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီ ကျခံစေရန်လည်းကောင်း၊ ပြစ်ဒဏ်အသီးသီး ချမှတ်သည်။”

ပြစ်ဒဏ်ချမှတ်ပြီးကာမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ရောက်လာပြီး သြဂုတ်လ ၁၀ ရက် ဇူလိုင်လနေ့စွဲနဲ့ ပေးပို့ထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်ကို လာဖတ်ပြခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေကြီးဖြစ်သူ ဦးကြည်ဝင်းက ပြောပါတယ်။

“စီရင်ချက်ချလိုက်တော့ အားလုံး မတ်တပ်ရပ်ကြပေါ့ဗျာ၊ တရားသူကြီး ၂ ယောက်ကလည်း ပြန်ပြီးတော့ သူတို့ နောက်ကအခန်း ပြန်ဝင်တာပေါ့။ ကျနော်တို့ကလည်း အစီအစဉ် မသိဘူးဗျ။ ဒေါ်စုကလည်း ရဲတွေက စောင့်နေတယ်ပေါ့ဗျာ၊ စောင့်နေတော့ အဲဒီသွားမလို့ နှုတ်ဆက်မယ်။ အဲဒီလို အခိုက်အတန့်မှာ ပြည်ထဲရေးဝန်ကြီးက လာပြီးတော့ စောစောက အမိန့်တွေကို ဖတ်ပြမှာကိုးဗျ။ နအဖအမိန့်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်တို့ရော ပြန်ပြီးတော့ သူတို့ကို လာပြီး Request လုပ်လို့ သူတို့နေရာမှာ သူတို့ ပြန်ထိုင်တယ်။ အဲဒီမှာ ပြည်ထဲရေးဝန်ကြီးက နအဖရဲ့ အမိန့်ကစပြီး အမိန့် အသီးသီး အသီးသီး ဖတ်ပြသွားတယ်။ ဖတ်ပြသွားပြီး တဝက်လျှော့လိုက်တယ်၊ တဝက်ကတော့ ဆိုင်းငံ့မိန့်၊ အဲဒီလို အမိန့်ချတာတွေ ဘာတွေ နားထောင်ခဲ့ရတယ်။”

အခုလို တရားရုံးကနေ ပြစ်ဒဏ်စီရင်ပြီးကာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ ပြစ်ဒဏ်ကို ထက်ဝက်လျှော့၊ ကျန်တဲ့ပြစ်ဒဏ် ထက်ဝက်ကိုလည်း ဆိုင်းငံ့ပြီး ကန့်သတ်ချက် စည်းကမ်းတွေနဲ့အညီ နေအိမ်မှာ ကောင်းမွန်စွာပြန်နေ၊ ကန့်သတ်ကာလအတွင်း နောက်ထပ် ဘာချိုးဖောက်မှုမှ မရှိဘူးဆိုရင် လွတ်ငြိမ်းချမ်းသာစေလို့ သတ်မှတ်ပေးခဲ့ပေမယ့်လည်း တရားရုံးရဲ့ စီရင်ချက် အပေါ်မှာတော့ ရှေ့နေကြီး ဦးကြည်ဝင်းက ဘဝင်မကျပါဘူး။ သူတို့ဘက်ကနေ ချေပထားတဲ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ မရှိတော့ဘူး ဆိုတာဟာ အဓိကပြဿနာ မဟုတ်ဘူးလို့ တရားရုံးက သုံးသပ်စီရင်ခဲ့တယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။

“ဘယ်ဟာ အဓိက ပြဋ္ဌာန်းလဲဆိုတော့ တားဆီးမိန့်ကို ဖောက်ဖျက်သလား၊ မဖောက်ဖျက်ဘူးလား ဆိုတာသာလျှင် အဓိက၊ အဲဒီလို သွားတာကိုးဗျ။ ဒီတားဆီးမိန့်က ဘယ်က ပေါက်ဖွားလာလဲ၊ ကန့်သတ်မိန့်၊ ကန့်သတ်မိန့် ချပြီးမှ တားဆီးမိန့် လာမယ်။ အဲဒီ ကန့်သတ်မိန့်ကလည်း ဘယ်ကလာလဲ။ ၇၄ ဖွဲ့စည်းပုံက။ အဲဒီဟာနဲ့ သူက ဆွဲ ဝိုက်ပြီးတော့မှ ဖောက်ဖျက်တယ်တဲ့။ ဒါကြောင့် ၃ နှစ်ဆိုပြီး ချလိုက်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေကြီးတဦးဖြစ်သူ ဦးကြည်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကနေ အခုလို ပြစ်ဒဏ်ကို ထက်ဝက်လျှော့တာ၊ ဆိုင်းငံ့တာ၊ နေအိမ်အကျယ်ချုပ် ပြန်ထားတာမျိုးတွေ မျှော်လင့်မထားတာကြောင့် စီရင်ချက်ကို အယူခံဝင်မယ်၊ မဝင်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်တိုင်ပင်ဖို့ လိုအပ်သေးတယ်လို့လည်း ဦးကြည်ဝင်းက ပြောပါတယ်။

ဒီကနေ့ တရားခွင်ကို ရန်ကုန်အခြေစိုက် သံရုံးတွေအပြင် ထိုင်းနိုင်ငံအခြေစိုက် သံရုံးတချို့က သံအမတ်တွေ၊ သံမှူးတွေ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်က ဌာနကိုယ်စားလှယ် စုစုပေါင်း ၅၁ ယောက်နဲ့ ပြည်တွင်းပြည်ပ သတင်းထောက် ၂၅ ယောက်ကို တက်ရောက်လေ့လာခွင့် ပြုခဲ့တယ်လို့ မြန်မာ့ရုပ်မြင်သံကြားကနေ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG