သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ အရေးယူမှု ထပ်တိုးမည်


မနေ့က ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုထင်ရှားရှိကြောင်းနဲ့ ၃ နှစ် နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ပေးလိုက်တဲ့အပေါ်မှာ မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံတွေ၊ ဥရောပသမဂ္ဂ နိုင်ငံတွေ စတဲ့ ကမ္ဘာတဝန်း အစိုးရခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ကဲ့ရဲ့ရှုတ်ချတဲ့အကြောင်း ကြေညာချက်တွေ ထုတ်ပြန်၊ သတင်းထောက်တွေကို စကားပြောခဲ့ကြပါတယ်။ အခုလို နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေကို နော်ရှိုးက စုစည်းတင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချပြီးတဲ့နောက် မကြာခင်မှာပဲ မလေးရှားအစိုးရက အာဆီယံအသင်း အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပဖို့ တောင်းဆိုလိုက်ပါတယ်။ အရှေ့တောင်အာရှ အသင်းကြီး အာဆီယံကို စတင်တည်ထောင်ခဲ့တဲ့ နိုင်ငံ ၅ နိုင်ငံထဲမှာ ပါဝင်တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက် ချလိုက်တာကို ရှုတ်ချလိုက်ပြီး ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရသူ အက်ဒ် မာလာယာ (Ed Malaya) က ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ဖမ်းဆီးထားတာဟာ မြန်မာ့အရေး နောက်ပြန်ဆုတ်သွားခြင်း ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပြီး မြန်မာစစ်အစိုးရ အနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ တိုက်တွန်းလိုက်ပါတယ်။

တခါ အမေရိကန်သမ္မတ အိမ်ဖြူတော်ကနေ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်တာဟာ လူ့အခွင့်အရေး စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်တာဖြစ်ပြီး မြန်မာစစ်အစိုးရ အနေနဲ့ အာဆီယံ ပဋိညာဉ်ကို ဆန့်ကျင်ရာ ရောက်တဲ့အပြင် လုံခြုံရေးကောင်စီရဲ့ တိုက်တွန်းချက်တွေကိုလည်း လျစ်လျူရှုတာပဲ ဖြစ်တယ်လို့ ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံသား ဂျွန် ယက်တော (John Yettaw) ကို ၇ နှစ် ထောင်ဒဏ်ချမှတ်တာဟာ သူ့ရဲ့ပြစ်မှုနဲ့ မမျှတာကြောင့် စိုးရိမ်မကင်း ဖြစ်ရတယ်လို့လည်း သမ္မတအိုဘားမားက ပြောထားပါတယ်။

အခုလောလောဆယ် အာဖရိကကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း တရားရုံးရဲ့ စီရင်ချက်ကို ကြားကြားချင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အစကတည်းက ရုံးတင်စစ်ဆေးဖို့ကို လုံး၀ မထိုက်တန်ဘူးလို့ ပြောခဲ့ပါတယ်။ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနယ်လ် (Mitch McConnell) က သေချာ စဉ်းစားတွေးခေါ် သုံးသပ်တတ်တဲ့ လူတဦးအနေနဲ့ ဒီစီရင်ချက်ကို မနှစ်မြို့တာကလွဲလို့ တခြားဘယ်နည်းနဲ့မှ တုံ့ပြန်လို့ ရမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဥရောပသမဂ္ဂရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဆွီဒင်နိုင်ငံကလည်း ဥရောပသမဂ္ဂ အီးယူအနေနဲ့ မြန်မာစစ်အစိုးရအပေါ် အခုထက်ပိုပြီး တင်းတင်းကျပ်ကျပ် ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ စိုင်းပြင်းနေတယ်လို့ ဆိုပါတယ်။ ဆွီဒင်ဝန်ကြီးချုပ် ဖရက်ဒရစ်ခ် ရိန်းဖဲလ်ဒ် (Fredrick Reinfeldt) က ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး အခုလို သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဒီလို မသင့်လျော်တဲ့ စီရင်ချက် ချမှတ်လိုက်တာကို ကျနော်တို့အနေနဲ့ ပြစ်တင်ရှုတ်ချပါတယ်။ ဒီ စီရင်ဆုံးဖြတ်ချက် ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့သမျှ ပုဂ္ဂိုလ်တွေ အားလုံးအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သူတို့ကို ဥရောပသမဂ္ဂ နိုင်ငံတွေထဲကိုလည်း လုံး၀ လာရောက်ခွင့်ပေးမှာ မဟုတ်သလို သူတို့ရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ ဥရောပသမဂ္ဂထဲက ဘဏ်တွေမှာ ရှိမယ်ဆိုရင်လည်း အဲဒါတွေကို ထုတ်ယူ သွင်းယူလို့ မရအောင် ပိတ်ဆို့လိုက်မှာ ဖြစ်ပါတယ်။”

အခုလို ဥရောပသမဂ္ဂရဲ့ အသစ်သော နည်းလမ်းတွေနဲ့ ဒဏ်ခတ်မယ့်အထဲမှာ မြန်မာစစ်အစိုးရပိုင် စီးပွားရေးလုပ်ငန်း ကုမ္ပဏီတချို့လည်း ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ကိုယ်တိုင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး တရားရုံးရဲ့ အတုအယောင် ရုံးတင်စစ်ဆေးမှုကနေ အခုလို စီရင်ချက် ချလိုက်တာကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်အစိုးရဟာ ကမ္ဘာကို ဆက်ပြီး အံတုနေမှာ သေချာပေါက်ပဲလို့ တုံ့ပြန်ထားပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) နဲ့ တယ်လီဖုန်းကတဆင့် စကားပြောခဲ့ပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ ဆက်ပြီး ဆွေးနွေးမှုတွေ၊ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။ ဗြိတိန်အစိုးရဘက်ကတော့ မြန်မာစစ်အစိုးရကို လက်နက်တင်သွင်း ရောင်းချမှုကို လုံး၀ ပိတ်ပင်တားမြစ်ဖို့ တိုက်တွန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဒေါ်အောင်ဆန်းစုကြည် ပြစ်မှုထင်ရှားရှိကြောင်း ဆုံးဖြတ်ပြီး ပြစ်ဒဏ်ချလိုက်တာကို ရှုတ်ချလိုက်ပါတယ်။ ဒါ့အပြင် စစ်အစိုးရအနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ရှေးရှုဖို့ စဉ်းစားမယ်ဆိုရင် အချိန်ရှိသေးတယ်၊ စစ်အစိုးရအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်ဆောင်ရွက်မယ်ဆိုရင် ဩစတြေးလျ အပါအဝင် နိုင်ငံတကာက ကူညီဖို့ အသင့်ပဲလို့လည်း ပြောခဲ့ပါတယ်။ မြန်မာစစ်အစိုးရအပေါ် ထားရှိတဲ့ ငွေကြေးအရ ပိတ်ဆို့ဒဏ်ခတ်ထားတဲ့မူကို ဆက်ထားသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီနောက်ပိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ ကာဆီးကာဆီး လုပ်လေ့ရှိတဲ့ တောင်အာဖရိက အစိုးရက ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်ချမှတ်ခြင်း ခံရတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ တောင်အာဖရိက အစိုးရရဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒု-ဝန်ကြီး အီဘရာဟင်မ် အီဘရာဟင်မ် (Ebrahim Ebrahim) က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ဖို့၊ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိဖို့ အခွင့်အရေးတွေ အားလုံး ဆုံးရှုံးသွားပြီ၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG