သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အမှု အယူခံဝင်မည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တားဆီးကန့်သတ်မိန့်ကို ဖောက်ဖျက် တဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တာကို ဆက်ပြီး အယူခံတင်သွင်းသွားမယ်လို့ အကျိုးဆောင် ရှေ့နေတဦးက ပြောလိုက်ပါတယ်။ ဘယ်လိုပဲ လျှော့ပေါ့ သက်သာပေးခဲ့သည်ဖြစ်စေ အပြစ်ရှိတယ်လို့ ဆုံးဖြတ်တာကိုက မှားနေတယ်လို့ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၇၅ ခုနှစ်၊ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ် ၂၂ ကို ဖောက်ဖျက်တယ်ဆိုပြီး ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးကနေ သြဂုတ်လ ၁၁ ရက်နေ့က ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ဒီဥပဒေဟာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေပေါ်မှာ အခြေတည်လာ တာဖြစ်ပြီး အခုလက်ရှိ စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းမှာ ဒီအခြေခံဥပဒေဟာ အသက် မရှိ တော့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်ကနေ အမှုစစစ်ကတည်းက တောက်လျှောက် ခုခံ ချေပခဲ့ကြပါ တယ်။ ဒါပေမဲ့ လည်း တကယ်တမ်း စီရင်ချက်ချတဲ့အခါမှာတော့ အခြေခံဥပဒေကိစ္စဟာ အဓိကမကျဘူး၊ အဓိကကျတာက တားဆီးမိန့်ကို ဖောက်ဖျက်သလား၊ မဖောက်ဖျက်ဘူးလားဆိုတာဖြစ်တယ်၊ တားဆီးမိန့်ကို ဖောက်ဖျက်တာ တွေ့ရှိရတဲ့ အတွက် အပြစ်ရှိ တယ်ဆိုပြီးတော့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအမှုဟာ ဥပဒေကြောင်းအရကို အပြစ်ရှိတယ်ဆိုပြီး ဆုံးဖြတ်လို့မရတာကြောင့် ဒါကို အယူခံဝင်သွားမှာပါလို့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းကပြောပါတယ်။

“ဥပဒေလမ်းကြောင်းကတော့ တရားရုံးက ချမှတ်တဲ့ အမိန့်အပေါ်မှာ ကျွန်တော်တို့ လုံး၀ သဘောမတူဘူး၊ မကျေနပ်ဘူး။ ကျွန်တော်တို့ အယူခံဝင်မှာပါ။ convict လုပ်တာကို မကျေလည်တာ။ ကျွန်တော်တို့ convict ကို မလုပ်နိုင်ဘူး။ ဒီအမှုတွဲ မှတ်တမ်းများအရ။ မလုပ်နိုင်တာကို လုပ်တယ်၊ အဲဒါကို အယူခံ ဝင်မှာ။”

ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်ရှိတဲ့အတွက် ထောင်ဒဏ်သုံးနှစ်ကျခံစေဆိုပြီး တရားရုံးကစီရင်ချက်ချပြီးကာမှ မြန်မာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သြဂုတ်လ ၁၀ ရက်နေ့စွဲနဲ့ ကြိုပြီးပေးပို့ထားတဲ့ ညွှန်ကြားချက်ကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက တရားခွင်မှာ လာဖတ်ပြခဲ့ပါတယ်။ ဒီညွှန်ကြားချက်မှာ ပြစ်ဒဏ်ဘယ်လောက်ပဲ ချမှတ်သည်ဖြစ်စေ၊ ထက်ဝက်လျှော့၊ အဲဒီထက်ဝက်ကိုလည်း ဆိုင်းငံ့ထား၊ နေအိမ်မှာ ပူးတွဲပါကန့်သတ်ချက်တွေနဲ့အညီ ပြန်နေထိုင်၊ အဲဒီကာလ အတွင်း စည်းကမ်းချက်တွေနဲ့အညီ ကောင်းမွန်စွာနေထိုင်မယ်ဆိုရင် ဆိုင်းငံ့ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမယ် ဆိုပြီးတော့ ပါရှိပါတယ်။

ထောင်ချပြီးကာမှ ထောင်ထဲမထည့်ဘဲ အိမ်ပြန်ပို့တာဟာ စစ်ကောင်စီဥက္ကဋ္ဌက စာနာထောက်ထား ညှာတာတာပါဆိုပေမဲ့ ဒါဟာ တရားဥပဒေအထက်ကနေ လုပ်ဆောင်မှုဖြစ်တယ်ဆိုပြီး ဝေဖန်တာတွေက ရှိပါတယ်။ ဒါ့အပြင် စီရင်ချက် မချခင် ကတည်းက ဒီညွှန်ကြားချက်ကို ပေးပို့ထားတာဖြစ်ပြီး သုံးနှုန်းထားတဲ့ဝေါဟာရတွေအရ အပြစ်ရှိကြောင်း ကြိုဆုံးဖြတ်ထား ပြီးသားလို ဖြစ်နေတယ်လို့လည်း ထောက်ပြကြပါတယ်။ ဦးဉာဏ်ဝင်းက သူလည်း အလားတူ သတိထားမိတယ်လို့ ပြောပါ တယ်။

“ဒီနေ့ သတင်းစာထဲမှာ ပါတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြည်ထဲရေးဝန်ကြီးကို ပေးတဲ့စာ ၂စောင်၊ ပြည်ထဲရေးဝန်ကြီး က နောက်ထပ် ထုတ်ပြန်တဲ့ အမိန့်မပါဘူး။ ဒါပေမဲ့ ဒီနေ့သတင်းစာကို ကြည့်လိုက်တော့ ပြည်ထဲရေးဝန်ကြီး စာကလည်း ၁၀ရက်နေ့ ရက်စွဲ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စာကလည်း ၁၀ရက်နေ့ ရက်စွဲ၊ စာ ၂စောင်လုံးကိုကြည့်လိုက်တော့လည်း အပေါ်နားမှာပါတယ်။ ပြစ်ဒဏ်ချမှတ်ခဲ့ပါက ဆိုတဲ့ စကားလုံး တလုံး ခံထားတယ်။ ဒါပေမဲ့ အဲဒီစာပိုဒ်ရဲ့ အောက်စာပိုဒ်တွေ ကို ဆက်ဖတ်လိုက်တော့ အဲဒီမှာ ကင်းလွတ်ခွင့်တွေ တခါတည်း လုပ်ထားပေးလိုက်တယ်။ ဒီတော့ ကြိုတင်ပြီးတော့ မကျ သေးတဲ့ အမှုကို permission တို့ suspend တို့ လုပ်ထားတာကို ကျွန်တော်တွေ့ရပါတယ်။”

ဒါ့အပြင် အမိန့်ထဲမှာ ရည်ညွှန်းထားတဲ့ ကျင့်ထုံး ဥပဒေပုဒ် ၄၀၁ ထဲမှာ နေအိမ်မှာ ပြန်နေထိုင်ခွင့်ပြုတာနဲ့ သက်ဆိုင်တာ တွေ မပါ တဲ့အတွက် ဘယ်ဥပဒေနဲ့ လုပ်တယ်ဆိုတာကို သူတို့လည်း မသိသေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
သတ်မှတ် စည်းကမ်းချက်တွေနဲ့အညီ နေထိုင်ခွင့် ပြုလိုက်တယ်ဆိုတာမို့ ဘယ်လိုစည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်ထား သလဲ ဆိုတာကိုတော့ ဦးဉာဏ်ဝင်းက သူ မှတ်သားရလိုက်သလောက် ပြန်ပြောပြပါတယ်။

“သူက ဒီအိမ်မှာပဲ နေရမယ်။ မထွက်ရဘူး။ သတ်မှတ်တဲ့ ဆရာဝန်နဲ့ ဆေးကုသခွင့်ရှိတယ်။ nurse အဖွဲ့နဲ့လည်း ဆေးကုခွင့် ရှိတယ်။ အဲဒီမှာ လိုအပ်လို့ရှိရင်၊ တောင်းဆိုရင် တခြားဆေးမှူး၊ ဆရာဝန်နဲ့လည်း ကုသခွင့် သူတို့ ဆောင်ရွက်ပေးမယ်။ ပြည်တွင်းသတင်းမှာလည်း မြဝတီ၊ မြန်မာ့အသံ ကြည့်ရှုခွင့်ရှိတယ်။ ပြင်ပကို စာနဲ့ စာရေးသား ဆက်သွယ်ခွင့်ရှိတယ်။ ဧည့်သည် တွေ့ခွင့် ရှိတယ်။ ဒါပေမဲ့ အစိုးရရဲ့ ခွင့်ပြုချက်ရှိတဲ့သူနဲ့ပဲ။ အဲဒါတွေပါတယ်။”

မေလ ၁၄ ရက်နေ့ကနေ စပြီးစစ်ဆေးခဲ့တဲ့ ကမ္ဘာပေါ်မှာ စောင့်အကြည့်အခံရဆုံး တရားစစ်ဆေးမှုတခုကတော့ မနေ့ကပဲ အဆုံး သတ်သွားခဲ့ပါပြီ။ ဒါပေမဲ့ အမှုစဖြစ်ကတည်းက ပေါ်ထွက်နေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသံတွေကတော့ ရပ်မသွားတဲ့အပြင် ပိုပြီးတော့ ကျယ်လောင် ပြင်းထန်လာနေပါတယ်။

အပြစ်ရှိတယ်ဆိုပြီး ထောင်ဒဏ်ချမှတ်၊ ပြီးကာမှ တရားစွဲခဲ့ရတာကို စိတ်မချမ်းမြေ့တာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ အာဃာတမရှိရေး၊ ဒီမိုကရေစီလမ်းကြောင်း ချောမွေ့စေရေး စတာတွေနဲ့ စာနာထောက်ထားလိုတဲ့ အတွက် အိမ်မှာပြန်နေပါ၊ စည်းကမ်းတော့မဖောက်ပါနဲ့ဆိုပြီး ထောင်အချုပ်ကနေ အိမ်အချုပ် ပြန်ပို့ခဲ့တာဖြင့် စစ်မှန်တဲ့ စေတနာမဟုတ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ရှေ့တိုးတက်တဲ့ လုပ်ရပ် မဟုတ်ဘဲ နောက်ပြန် ဆုတ်ယုတ်တဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ပြည်တွင်းပြည်ပက ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာ ကနေ ဝေဖန် ပြစ်တင်ကြကြောင်းပါခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG