သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆိုတော်ရုပ်ရှင်မင်းသား ဇော်ဝမ်းကွယ်လွန်


သင်္ကြန်ဆိုရင် သူမပါရင်မပြီးလို့ နာမည်ကြီးတဲ့ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ဇော်ဝမ်းဟာ အသည်းရောဂါနဲ့ သြဂုတ်လ ၁၂ရက် မနေ့ ညပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

“ကိုးနာရီကလေ ဆုံးသွားတာပါ။ အင်းစိန်က ဆေးခန်းမှာပဲ။” မင်းသား ဇော်ဝမ်းရဲ့ ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့ စေလိုရာစေ ဇာတ်ကားမှာ အတူ သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဆွေဇင်ထိုက် ပြောသွားတာပါ။

ကွယ်လွန်ချိန်မှာ မင်းသား ဇော်ဝမ်းဟာ အသက် ၆၄နှစ်ရှိပါပြီ။ မန္တလေးမြို့မှာ ၁၉၄၅ခုနှစ်က မွေးဖွားခဲ့တဲ့ မင်းသား ဇော်ဝမ်းရဲ့ ဖခင်ကတော့ တိုင်းချစ် ဦးသိန်းဖေဖြစ်ပြီး အစ်ကိုကတော့ အကယ်ဒမီရိုက်ရှင်ဒါရိုက်တာ မောင်တင်ဦး ဖြစ်ပါ တယ်။ သူ့ရဲ့ အနုပညာ လုပ်ငန်းတွေကို အတူတူလုပ်ခဲ့ဖူးတဲ့ အမေရိကန် နိုင်ငံရောက် ဒါရိုက်တာ အကယ်ဒမီ ဝင်းဖေကို မင်းသားဇော်ဝမ်းနဲ့ ပတ်သက်ပြီး ဘာတွေများ အမှတ်တရ ပြောစရာရှိပါသလဲလို့ ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်းတဲ့အခါမှာတော့

“သူမင်းသား မဖြစ်ခင် မှတ်မှတ်ရရ ကျွန်တော့်ကို ကျွန်တော်ဟာ ရုပ်ရှင်မင်းသားဖြစ်နိုင်ပါ့မလားလို့ သူက မေးတယ်။ ကျွန်တော်က သူ့ကို သေသေချာချာ ကြည့်ပြီးတော့ မင်း ရုပ်ရှင်မင်းသား မဖြစ်နိုင်ဘူးလို့ ပြောလိုက်ပါတယ်။ နောက် သိပ်မကြာခင် လပိုင်းအတောအတွင်းမှာကိုပဲ သူက အောင်မြင်တဲ့ ရုပ်ရှင် ပညာသည် ဖြစ်လာတယ်။ ဖြစ်လာတော့ သူကလည်း ကျွန်တော့်ကို မဖြစ်ဘူးပြောတာ အခု ဘယ့်နှယ့်တုန်းဆိုတော့။ ကျွန်တော်ကလည်း ပြောတယ်။ ငါ မင်း ရုပ်ရှင်မင်သား မဖြစ်ဘူးလို့ ပြောသားပဲ။ မဟုတ်ဘူး သူက ကျွန်တော်ဖြစ်ပြီ။ ကျွန်တော်က မဟုတ်ဘူး ရုပ်ရှင်သရုပ်ဆောင် ပညာသည် ဖြစ်လာတာပါလို့ ပြောလိုက်တဲ့အတွက် သူပြန်ပြီးတော့ အင်းတဲ့ ကြံဖန်ပြီးတော့ ခင်ဗျား လွတ်အောင် ပြောတတ် သားပဲတဲ့။ ဒါလေးနဲ့ ကျွန်တော်တို့ စကြပါတယ်။ နောက်ပြောချင်တာက သူဟာ အဆိုအတွက်ပဲဖြစ်ဖြစ်၊ သရုပ်သရုပ်ဆောင် ပညာမှာပဲဖြစ်ဖြစ် သူ့ သီခြား၊ သူ့ဟန်၊ သူ့မူနဲ့သူ အဲဒီလို ရှိတဲ့ ပညာသည် တယောက်ဖြစ်ပါတယ်။ သူမှာနောက်တခုက အကောင်းနဲ့အဆိုး ဒွန်တွဲထားတာ ရှိတယ်။ အဲဒါဘာလဲဆိုတော့ အကောင်းက သူ့ကို ဘာပြောပြော သူက ဘာမှ ပြန်ပြီး တော့ မပြောဘူး၊ သူက ပြန်ပြီးတော့ ရင်မဆိုင်ဘူး။ ဒါဟာ အကောင်းလို့ ပြောချင်ပြောပေါ့နော်။ အဆိုးက ဘာပြောပြော သူက နားထောင်ချင်မှ နားထောင်တာ။ ပြန်မပြော နားမထောင်ဆိုတဲ့ သဘောတရားပေါ့ဗျာ။ ဒါဟာ ဇော်ဝမ်းပါပဲ။ ကိုဇော်ဝမ်းနဲ့ ပတ်သက်လို့ ကိုဇော်ဝမ်းဟာ အလွန်ပျော်တတ်တဲ့သူ။ သူ့ဘဝမှာ အပျော်တွေ အများကြီးနဲ့ သူကြိုက်သလို၊ သူနှစ်သက်သလို၊ သူပျော်သလို နေသွားတယ်။”

ဇော်ဝမ်းရဲ့ အနုပညာ ပါရမီဟာ အဆိုပညာဘက်မှာ ပိုများတယ်လို့ ထင်သလား။ သရုပ်ဆောင်ပညာဘက်မှာ ပိုများတယ် လို့ ထင်သလား။ ဘယ်ဟာ ပိုသာတယ်လို့ ထင်ပါသလဲခင်ဗျ။

“သူက အတူတူလောက်ပဲ။ သူက ယုံယုံကြည်ကြည်နဲ့ ပျော်ပျော်ပါးပါးကြီး လုပ်တဲ့သူ။ သူက ရုပ်ရှင်ပညာလည်း သိပ်ဝါသနာ ပါတာ။ ဆိုတော့လည်း အဲဒီလိုပဲ သူယုံယုံကြည်ကြည် ရဲရဲရင့်ရင့်ပဲ ဆိုပစ်တာပဲ။ ကြောက်ကြောက်လန့်လန့်နဲ့ အမူအယာ လုပ်တာတို့၊ သီချင်းဆိုတာတို့ ကျွန်တော် တခါမှ မတွေ့ဖူးဘူး။ သဘောသကာယ ကောင်းတဲ့သူ။ အလုပ်လုပ်တဲ့အခါမှာ ပြောလို့ဆိုလို့ တွဲပြီးတော့ လုပ်လို့ ကောင်းတဲ့ ပညာသည် တယောက်ဖြစ်ပါတယ်။”

ဇော်ဝမ်းဟာ သူလုပ်နိုင်သလောက် အနုပညာတွေကို အကုန်လုံးလုပ်သွားနိုင်တဲ့ ပုဂ္ဂိုလ်လို့ ပြောလို့ ရမလားခင်ဗျ။

“ကျွန်တော်လည်း သိပါတယ်။ အများလည်း သိပါတယ်။ ဇော်ဝမ်းဟာ သူလုပ်နိုင်တာရဲ့ တဝက်လောက်ပဲ လုပ်သွားရပါ တယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးကို ပျော်ပျော်ပါးပါးပဲလုပ်သွားရပါတယ်။ ပရိတ်သတ်ကလည်း သူလုပ်သမျှကို အားလုံး ကျေနပ်ကြတာပါပဲ။”

ဒါရိုက်တာ ဝင်းဖေ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG