သြဂုတ် ၁၂၊ ၂၀၀၉။ မွေးကင်းစ ကလေးငယ်တွေဟာ စားဖို့သောက်ဖို့ နွေးနွေးထွေးထွေးရှိ့ဖို့နဲ့ စိုစွတ်မှုကို မကြိုက်တာ ဒါတွေပဲ အသိရှိတယ်လို့ လူအတော်များများက ယုံကြည်ခဲ့ကြပါတယ်။ ကလေးတွေဟာ အသက် ၅နှစ်မတိုင်ခင် ဘာကိုမှာ လေ့လာသင်ယူနိုင်စွမ်းမရှိဘူးလို့ ယူဆမှုတွေလည်းရှိပါတယ်။ တကယ်တော့ ဒီအယူအဆမှားယွင်းနေကြောင်း လေ့လာချက်တွေမှာ တွေ့ရပါတယ်။
ပတ်ဝန်းကျင်အခြေအနေဟာ ကလေးငယ်တွေအပေါ် အတော်လေး သြဇာသက်ရောက်တယ်လို့ သုတေသီတွေက မှတ်ချက်ပြုပါတယ်။ ကလေးငယ် နှစ်သက်လိုလားမှုတခုခု မိခင်ဖြစ်သူက လုပ်ပေးမယ်ဆိုရင် အဲဒီကလေးက ပြုံးရယ်ပြတတ်ပါတယ်။ မိခင်ဖြစ်သူ ဒါမှမဟုတ် သူ့ကို ထိန်းကျောင်းပေးသူ ပြန်ပြီး နှစ်သက်ကျေနပ်သွားအောင် ပြုံးပြခြင်းဟာ အကောင်းဆုံးပဲလို့ ကလေးငယ်က လေ့လာထားပါတယ်။ ဒါဟာ အခြားလူတွေနဲ့ သူဘယ်လို ဆက်သွယ် ဆက်ဆံနိုင်မလဲဆိုတာ ကလေးငယ်တွေ သင်ယူနိုင်ခြင်းပါပဲ တဲ့။
ကလေးငယ် တနှစ်သားအရွယ်ဟာ နောက်ပိုင်းဖွံဖြိုးမှုအားလုံးအတွက် အရေးကြီးတဲ့ အခြေခံကောင်းဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။ ကလေးငယ် သုံးနှစ်အရွယ်အတွင်း အချိန်ကာလဟာ ဘာသာစကားနဲ့ စကားပြောဖွံဖြိုးမှုအတွက် အရေးပါဆုံးအချိန်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အဲဒီအချိန်ဟာ ဦးနှောက်ဖွံဖြိုးနေတဲ့ အချိန်ဖြစ်ပါတယ်။ ငယ်စဉ်အခါ အသေအချာ ဂရုစိုက်ရတဲ့ ကလေးငယ်တွေဟာ အခြားကလေးငယ်တွေထက် ပိုပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်တယ်ဆိုတာကိုလည်း သုတေသီတွေက လေ့လာတွေ့ရှိထားပါတယ်။
ကလေးငယ်တွေ ဉာဏ်ရည်ဖွံဖြိုးမှုအတွက် အခြေခံကောင်းတွေ သုတေသီတွေ လေ့လာထားတာကို မအေးသန္တာကျော်နဲ့အတူ ကိုသားညွန့်ဦးက ပြောပြထားပါတယ်။