သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အမတ် မြန်မာနိုင်ငံရောက်


ဒီမိုကရက်တစ်ပါတီဝင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) ဟာ ဒီကနေ့မှာ မြန်မာနိုင်ငံကို ရောက်သွားပါပြီ။ သူ့ရဲ့ မြန်မာနိုင်ငံ သုံးရက်ကြာ ခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံမယ်ဆိုတဲ့ သတင်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ်။ အပြည့်အစုံကို ဘန်ကောက်မြို့ကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်း က ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။

မစ္စတာ ဂျင်မ် ဝက်ဘ်ဟာ သာမန် အထက်လွှတ်တော် အမတ်တဦး သက်သက်မဟုတ်ဘဲ အထက်လွှတ်တော် နိုင်ငံခြား ရေးရာကော်မတီ၊ အရှေ့အာရှနဲပစိဖိတ်ရေး ကော်မတီခွဲရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ ဒီကော်မတီခွဲဟာ အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ ပစိဖိတ်ကမ်းရိုးတန်းနိုင်ငံတွေ၊ သမုဒ္ဒရာတွင်းနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုကြား ဆက်ဆံရေး ကို စောင့်ကြပ် ကြည့်ရှုရပါတယ်။ ဒါ့အပြင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN လို၊ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ APEC လို အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့လည်း စောင့်ကြပ်ကြည့်ရှုရပါတယ်။

မြန်မာနိုင်ငံဟာ ASEAN အဖွဲ့ဝင်နိုင်ငံတခုဖြစ်သလို မကြာသေးခင်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်လိုက်တာ၊ မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေ၊ ဆယ်စုနှစ် တခုကျော်အတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာတဲ့ အမေရိကန် ထိပ်တန်းနိုင်ငံရေးသမား စတဲ့အချက်တွေကြောင့် မစ္စတာဝက်ဘ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ အများ က စိတ်ဝင်တစား စောင့်ကြည့်ကြရတဲ့ ခရီးစဉ်ဖြစ်နေပါတယ်။

ဒီခရီးစဉ်အတွင်းမှာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ မစ္စတာဝက်ဘ် ရဲ့ တရားဝင် အင်တာနက်စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားပါတယ်။

မြန်မာနိုင်ငံက အဓိကနိုင်ငံရေးပါတီကြီးဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတော့ အရေးကြီးပုဂ္ဂိုလ်တယောက်နဲ့ တွေ့ဖို့ ရှိတယ်ဆိုပြီး ဒီကနေ့မှာ နေပြည်တော်ကိုလာဖို့ အာဏာပိုင်တွေက ဖိတ်ကြားထားတဲ့အကြောင်း NLD သတင်းနဲ့ ပြန်ကြားရေး အဖွဲ့ဝင်တဦးဖြစ်သူ ဦးအုန်းကြိုင်က ပြောပါတယ်။

“ကျနော် သိတာပြောရရင် ဂျင်မ်ဝက်ဘ် နဲ့ တွေ့တာမတွေ့တာ agenda ကို ကျနော် မသိဘူးခင်ဗျ။ မနေ့ကတုန်းက ကျနော်တို့ ဥက္ကဋ္ဌအိမ်ကို သက်ဆိုင်ရာက သွားပြီးတော့ ဖိတ်စာ ၄ စောင် ပို့ပါတယ်။ နံမည်တွေနဲ့ပါ။ တယောက်ကတော့ ဦးသန်းထွန်း၊ နောက်တယောက်က ဦးလှဖေ၊ နောက်တယောက်က ဦးစိုးမြင့်၊ နောက်တယောက်က ဦးညွှန့်ေ၀ ပါ။ အဲဒီပုဂ္ဂိုလ်များကို နေပြည်တော်ကို ကြွရောက်ပါရန် ဆိုပြီးတော့ နေပြည်တော်ကို ဖိတ်ပါတယ်။ အဲဒီတော့ ဒီကနေ့ ၁၂နာရီ မှာ ထွက်ခွာဖို့ စီစဉ်ကြပါတယ်။ အဲဒီမှာ ဖိတ်စာထဲမှာဖော်ပြထားတာက အရေးကြီး ပုဂ္ဂိုလ်တဦးနဲ့ တွေ့ဆုံရန် ဆိုပြီးတော့ ဖော်ပြထားပါတယ်။ အဲဒါက ဒီနေ့ ကျနော်တို့ သုံးယောက် ထွက်ခွာသွားပါတယ်။ ဦးသန်းထွန်းရယ်၊ ဦးစိုးမြင့် ရယ်၊ ဦးညွှန့်ေ၀ ရယ် ဖြစ်ပါတယ်။ ဦးလှဖေကတော့ ကျန်းမာရေးအရ အကြောင်းမညီညွတ်လို့ လိုက်ပါ မသွားနိုင်ပါဘူး။”

မစ္စတာဝက်ဘ်ဟာ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုတွေကို ကန့်ကွက်တဲ့သူ၊ အခု ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ ဘာမှဖော်ပြပြောဆိုတာတွေ မရှိတဲ့အတွက် ဒီခရီးစဉ်အပေါ် စိတ်ဝင်စားမှုမရှိဘူး လို့ NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို အရင်ရက်မှာ ပြောထားဖူးပါတယ်။

ဘယ်သူနဲ့တွေ့ရမယ်မှန်းမသိရသေးဘဲ အခု နေပြည်တော်ကို သွားရောက်ကြတဲ့ NLD ခေါင်းဆောင်တွေအနေနဲ့တော့ သူတို့ရဲ့ နိုင်ငံရေးရည်တည်ချက်အတိုင်း ဆွေးနွေးသွားမယ်လို့ ဦးအုန်းကြိုင်ကပြောပါတယ်။

“အဓိက ၂ ကြောင်းပဲ ဖြစ်ပါတယ်။ တကြောင်းကတော့ လက်ရှိ အဲန်အယ်လ်ဒီ ရဲ့ နိုင်ငံရေး အထွေထွေ အခြေအနေ အပေါ်မှာ ရပ်တည်ထားချက်ပေါ့လေ။ နောက်တခုကတော့ အခု အရေးပေါ်ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်ထားခြင်းကနေ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံး ထုတ်ပြန်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုပြီးတော့ အမြန်ဆုံး လွှတ်ပေးဖို့ အဓိက ထားပြီးတော့ ပြောပါမယ်လို့ အဲဒီလို ကျနော်တို့ကို ပြောသွားပါတယ်။”

NLD သတင်းနဲ့ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်ပါ။

မစ္စတာဝက်ဘ်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့တဲ့အချိန်မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယမ် ယက်တောကို ပြန်လွှတ်ပေးဖို့ ပြောဆိုမယ်လို့ ခန့်မှန်းထားတယ်ဆိုပြီး ရန်ကုန်ကလာတဲ့ DPA သတင်းတပုဒ် မှာ ဖော်ပြ ထားပါတယ်။

မြန်မာပြည်တွင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ ဒီခရီးစဉ်နဲ့ပတ်သက်လို့ မစ္စတာဝက်ဘ် ဆီကို မကြာသေးခင် ရက်ပိုင်းက အိတ်ဖွင့်ပေးစာတစောင် ပေးပို့ပြီး သတိပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား၂,၁၀၀ကျော်ကို မတရားအကျဉ်းချထားတာ၊ နိုင်ငံသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ တိုင်းရင်းသားလူမျိုးစုတွေအပေါ်ကြီးမားကျယ်ပြန့ြ်ပီး အဆက်မပြတ်တဲ့အနိုင်ကျင့် တိုက်ခိုက်မှုတွေကို လာရောက်အတည်ပြုပေးတာအဖြစ် စစ်အစိုးရအနေနဲ့လှည့်ဖျားဝါဒဖြန့်ချိမှာကိုစိုးရိမ်တဲ့အကြောင်း အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က ပြောထားပါတယ်။

မစ္စတာဝက်ဘ်ဟာ ဒီကနေ့မှာ နေပြည်တော်၊ မနက်ဖြန် စနေနေ့မှာ ရန်ကုန်ကိုရောက်မှာဖြစ်ပြီး တနင်္ဂနွေနေ့ထိ မြန်မာနိုင်ငံမှာ ရှိနေမယ်လို့ သိရပါတယ်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG