သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရအပေါ် လုံခြုံရေးကောင်စီ လေသံပျော့၊ အီးယူ တင်းမာ


မြန်မာနိုင်ငံ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်မှု ထင်ရှားတယ်ဆိုပြီး ပြစ်ဒဏ် ချမှတ်လိုက်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ အထူး စိုးရိမ်မကင်း ဖြစ်မိကြောင်း ဥက္ကဋ္ဌရဲ့ ကြေညာချက်ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့အရေးကို လုံခြုံရေးကောင်စီက ဘာကြောင့် စိုးရိမ်ရတာလဲ၊ စိုးရိမ်ရုံပဲလား၊ ဘာများ ဆက်ပြီး လုပ်နိုင်ဦးမလဲဆိုတာ ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ကြေညာချက်ထဲမှာ စိုးရိမ်မကင်း ဖြစ်တယ်ဆိုတာ တကယ်တော့ လေသံပျော့သွားတာ ဖြစ်ပါတယ်။ ဒီကြေညာချက်အတွက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ပထမတုန်းက ရေးထားတဲ့ မူကြမ်းထဲမှာ ပိုပြီး ပြင်းထန်တဲ့ အသုံးအနှုန်းတွေ ပါဝင်နေပါတယ်။ ဥပမာ Seriously Concern အထူး စိုးရိမ်မကင်း ဖြစ်တယ်ဆိုတဲ့ နေရာမှာ Seriously Condemned အပြင်းအထန် ရှုတ်ချလိုက်သည် ဆိုတာမျိုး သုံးထားတာ ဖြစ်ပါတယ်။ ဒီလို လေသံပျော့သွားရတာကတော့ အဖွဲ့ဝင် နိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ ရုရှား၊ ဗီယက်နမ် စတဲ့ နိုင်ငံတချို့က သံအမတ်ကြီးတွေက အဲဒီမူကြမ်းကို ရတော့ သူတို့နိုင်ငံ အစိုးရတွေဆီကို တင်ပြခဲ့ကြပါတယ်။ အဲဒီနောက်မှာ လေသံပျော့သွားရတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနိုင်ငံတွေဟာ မြန်မာနိုင်ငံ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချဖို့ မလိုလားဘူးဆိုတဲ့ သဘောမျိုး တွေ့နေရပါတယ်။

လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဂျွန် ဆောဝါးစ် (John Sawers) ဒီနေ့ ဖတ်ပြသွားတဲ့ ကြေညာချက်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ အရင်တောင်းဆိုထားတာတွေကို ထပ်မံ အတည်ပြုတယ်လို့ ပြောပြီး အခုလို ဆက်လက် ဖတ်ပြသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်မှုထင်ရှားတယ်ဆိုပြီး ပြစ်ဒဏ် ချမှတ်လိုက်တဲ့အတွက် လည်းကောင်း၊ ဒီလုပ်ရပ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး အကျိုးသက်ရောက်မှုတွေအတွက် လည်းကောင်း ပြင်းပြင်းထန်ထန် စိုးရိမ်မကင်း ဖြစ်မိပါကြောင်း၊ မြန်မာအစိုးရအနေနဲ့ ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးတာကို မှတ်သားထားပြီး စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပေါ်ပေါက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ အင်အားစုတွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်အောင် လိုအပ်တဲ့ အခြေအနေများ ဖန်တီးပေးဖို့ တိုက်တွန်းလိုက်ကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဝင်ရောက် ဆောင်ရွက်မှုတွေကို ဆက်လက် ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေးကို အလေးအနက်ထားပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ မြန်မာပြည်သူတွေရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာ ထပ်မံ ပြောကြားလိုပါကြောင်း။”

လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ဗြိတိန်သံအမတ်ကြီး ဂျွန် ဆောဝါးစ် ဖတ်ပြသွားတဲ့ ကြေညာချက် ဖြစ်ပါတယ်။

အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်မိပါတယ် ဆိုတာပဲ ပါဝင်ပါတယ်။ ရှုတ်ချတယ်လို့တောင် ပြောမထားတာကို တွေ့ရပါတယ်။ ကျန်အချက်တွေကတော့ အရင်ပြောပြီးသားတွေကို ထပ်ပြောတာတွေပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်တဲ့အတွက် မြန်မာစစ်အစိုးရအပေါ် ကုလသမဂ္ဂက ဘာမှ ထူးထူးခြားခြား တုံ့ပြန်မှု တစုံတရာ မရှိဘူး ဆိုတာပါပဲ။ တချိန်တည်းမှာပဲ တရုတ်၊ ရုရှား၊ ဗီယက်နမ် စတဲ့နိုင်ငံတွေက မြန်မာစစ်အစိုးရကို အကာအကွယ်ပေးလိုတဲ့ သဘောထားဟာလည်း မပြောင်းမလဲ ရှိနေဆဲပဲလို့ ဆိုရပါလိမ့်မယ်။

လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ဦးကျော်ဇံသာ သုံးသပ်တင်ပြသွားတာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အီးယူ ဥရောပသမဂ္ဂကလည်း အရေးယူ ဒဏ်ခတ်မှုတွေ တိုးမြှင့်လိုက်ပါတယ်။ ဘယ်လောက်အထိ ပြင်းထန်သလဲ၊ ဘယ်လို အရေးယူမှုမျိုးတွေလဲ ဆိုတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေ ပိုပြီး လုပ်သွားမယ်လို့ အီးယူခေါင်းဆောင်တွေက ပြောခဲ့တဲ့အတိုင်း အခုလည်း အရင် အရေးယူ ဒဏ်ခတ်မှု စာရင်းမှာ နောက်ထပ် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ထပ်ပြီး တိုးမြှင့်လိုက်ပါတယ်။ Targeted Sanction လို့ခေါ်တဲ့ အသေအချာ ပစ်မှတ်ထားပြီး လုပ်တဲ့ အရေးယူမှုပုံစံ ဖြစ်တာမို့ ဒီဒဏ်ခတ် ပိတ်ဆို့မှုဟာ မြန်မာအစိုးရ ထိပ်ပိုင်းအရာရှိတွေနဲ့ သူတို့နဲ့ ဆက်နွယ်သူတွေနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။

အီးယူ ဥရောပသမဂ္ဂရုံးက အရာရှိတဦးကတော့ မနေ့က တိုးမြှင့်လိုက်တဲ့ အရေးယူမှု စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ပေးခဲ့တဲ့ တရားသူကြီး ၄ ဦး၊ အစိုးရပိုင် သတင်းမီဒီယာ ၄ ခုနဲ့ အခြား စီးပွားရေးလုပ်ငန်း ၁၀ ခုတို့ကို အသစ်ထပ်မံပြီး စာရင်းထဲမှာ ထည့်သွင်းလိုက်တယ်လို့ ပြောပါတယ်။ ဒီစာရင်းပါ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို အီးယူနိုင်ငံတွေကို ဝင်ရောက်သွားလာခွင့် ပိတ်ပင်လိုက်သလို သူတို့ ပိုင်ဆိုင်မှုတွေကိုလည်း အီးယူနိုင်ငံတွေမှာ ထိန်းချုပ်ထားဖို့ဆိုတာ ပါပါတယ်။

ဥရောပက မြန်မာ့အရေး လှုပ်ရှားသူ ဦးနွယ်အောင်ကတော့ အခုလိုမျိုး အရေးယူ တိုးမြှင့်ချက်မှာ သူတို့ဘက်က လိုသလောက် မရပေမယ့် ကျေနပ် အားရမိပါတယ်လို့ ပြောပါတယ်။

“တရားရေးဆိုင်ရာ အမှုထမ်းတွေကိုပဲ သူတို့က ရည်ရွယ်ပြီးတော့ လုပ်ထားတာကိုး။ ကျနော်တို့ကတော့ အစကတည်းက ဒီ တရားရေးဆိုင်ရာ အမှုထမ်းတွေအပြင် အာမခံလုပ်ငန်းတွေ၊ မြန်မာနိုင်ငံက သွင်းနေတဲ့ ငါးတို့ ပုစွန်တို့ဆိုတဲ့ Marine Products တွေကိုပါ Sanction လုပ်ဖို့ ကျနော်တို့က တင်ထားတယ်။ ဒါပေမယ့် အဲဒီနှစ်ခုက အချိန်မီ သူတို့ဆီကို မရောက်လိုက်ဘူး။ သူတို့လည်း ဆုံးဖြတ်ဖို့က ခက်တယ်။ ဒါပေမယ့် ကျနော်တို့အမြင်ကတော့ ထိရောက်သင့်သလောက်တော့ ထိရောက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အတိုင်းအတာနဲ့ ကျေနပ်လောက်အောင်တော့ မရှိဘူးဆိုတာ ပြောချင်ပါတယ်။”

အီးယူ ဥရောပသမဂ္ဂရဲ့ မြန်မာ့အရေး ဘုံရပ်တည်ချက် သဘောထားကို နောက်ထပ် အတည်ပြုချက် ယူခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ကပဲ အီးယူ အလှည့်ကျ ဥက္ကဋ္ဌက ကြေညာသွားပါတယ်။ ဒီအထဲမှာလည်း အခုလိုမျိုး စစ်အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ပတ်သက်မှု ရှိသူတွေကို တိုက်ရိုက် ပစ်မှတ်ထား အရေးယူဖို့ဆိုတာ ပါတော့ အီးယူဘက်က နောက်ထပ်လည်း အရေးယူမှုစာရင်းကို တိုးမြှင့်လာဖွယ် ရှိတယ်လို့ ယူဆရပါတယ်။

မြန်မာ့အရေး လှုပ်ရှားသူတွေဘက်ကတော့ ဒါ့အပြင် စီးပွားရေးအရ ပတ်သက်မှုတွေ၊ စီးပွားရေးအရ အရေးယူမှုတွေ လုပ်သွားဖို့ အီးယူနိုင်ငံတွေ၊ အစိုးရတွေကို တိုက်တွန်း ဖိအားပေးသွားမယ်လို့ သိရပါတယ်။

XS
SM
MD
LG