သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျွန်ယက်တော လွတ်မြောက်မှု အကောင်းမြင်သူ နည်းပါး


အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် ရဲ့ မြန်မာပြည်သုံးရက်ကြာ ခရီးစဉ်အတွင်း ပြောဆိုကြိုးပမ်းမှု တွေကြောင့် တရားရုံးက အပြစ်ရှိလို့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဒီကနေ့ပဲ ပြန်လွတ်လာတော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နေအိမ် အကျယ်ချုပ်နဲ့ပဲ ဆက်ပြီးရှိနေတုန်းပါ။ အပြစ်ပိုကြီးတဲ့ သူက လွယ်လွယ်နဲ့ပြန်လွတ်လာပြီး ဒေါ်အောင်ဆန်းစုကြည် ကတော့ ဆက်ပြီး အဖမ်းခံနေရတဲ့အပေါ် ဝေဖန်မှုတွေ တော်တော်ထွက်ပေါ်နေပါတယ်။ ဘယ်သူတွေက ဘယ်လို ဝေဖန်နေကြသလဲ ဆိုတာ ကိုကျော်အောင်လွင်က စုစည်း တင်ပြထားပါတယ်။

မစ္စတာဂျွန် ယက်တော ပြန်လွတ်လာတာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြည်နှင်ဒဏ်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေး လိုက်လို့ပါပဲ။ ဒါဟာ လုပ်ပိုင်ခွင့်ရှိလို့ လုပ်လိုက်တာမို့ တရားဝင်တယ်ဆိုတဲ့ အကြောင်း ဂျွန်ယက်တော ရဲ့ အကျိုးဆောင် ရှေ့နေ ဦးခင်မောင်ဦးက ဗွီအိုအေကို ရှင်းပြပါတယ်။

“နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးတည်ဆောက်မှုအဖွဲ့ ဥက္ကဌရဲ့ သဘောပေါ့။ ထောင်ချပြီးတဲ့ကိစ္စဆိုရင်လေ။ ကျနော်နဲ့ မဆိုင် ဘူး။ သူတို့လွှတ်ရင်လည်း လွှတ်လို့ရတယ်။ လျှော့ပစ်လို့ ရတယ်။ လုံး၀ လွှတ်ပစ်လို့ ရတယ်။ စည်းကမ်းချက်နဲ့ဖြစ်စေ၊ စည်းကမ်းချက် မပါဘဲနဲ့ဖြစ်စေ ဘာပဲဖြစ်ဖြစ် ဆောင်ရွက်လို့ရတယ်။ အပြတ်ပေးထားတယ်၊ နိုင်ငံတော်အကြီးအကဲကို လေ။”

ဂျွန်ယက်တောရဲ့ ရှေ့နေ ဦးခင်မောင်ဦး ဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတကာ အကျိုးဆောင် ရှေ့နေ မစ္စတာ ဂျဲရက် ဂန်ဆာ ကတော့ - အခုဖြစ်ရပ်ဟာ မြန်မာစစ်အစိုးရက နိုင်ငံတကာကို ဝါဒဖြန့်ချိရေး လုပ်လိုက်တာ ဖြစ်ပြီး သိပ်ပြီးထူးခြားတဲ့ ပြောင်းလဲမှုတွေ မရှိဘူးလို့ဆိုပါတယ်။

“အခုလို ဂျွန်ယက်တော ပြန်လွတ်လာတာ ကျနော့်အတွက်တော့ ဒီလောက် အံ့သြစရာမဟုတ်ပါဘူး။ ဒါဟာ မြန်မာ စစ်အစိုးရကနေ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဝါဒဖြန့်ချိရေးသက်သက် လုပ်လိုက်တာပါပဲ တကယ့် အခြေခံကျတဲ့ အကြောင်းအရာတွေက မြန်မာပြည်မှာ ဘာမှအပြောင်းအလဲ ဖြစ်တာမဟုတ်ပါဘူး။ ဂျွန်ယက်တော ကတော့ ကံကောင်း ထောက်မလို့ အိမ်ပြန်ရတော့မှာပေါ့လေ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂,၀၀၀ ကျော်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကတော့ ဒီအတိုင်းပဲ ဆက်ရှိနေဦးမှာပါ။ မြန်မာစစ်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲကို သူတို့မပါဘဲ ဆက် လုပ်သွားပါလိမ့်မယ်။ အခြေခံကျတဲ့ အကြောင်းအရာတွေ ဘာမှထူးထူးခြားခြား ပြောင်းလဲသွားတာ မတွေ့ရပါဘူး။” - လို့ မစ္စတာ ဂျဲရက် ဂန်ဆာ ပြောသွားခဲ့တာပါ။

ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးကတော့ - နိုင်ငံခြားသားတွေကို မြန်မာထောင်တွေထဲမှာ မထားချင်တဲ့ အကြောင်းအရင်းတွေ ရှိတဲ့အကြောင်း ရှင်းပြပါတယ်။

“မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံခြားသားတွေကို ပြန်ပို့တဲ့ဟာကို ဂျိမ်းစ်မော်စလေ ကိစ္စရှိတယ်။ နောက်တခါ ကိုးလေးလုံး နှစ်ပတ်လည်နေ့မှာ ရန်ကုန်မြို့မှာ ဖုန်းကပ်တွေဝေလို့ ၁၇ ယောက် ပြန်ပို့ခံရတဲ့ကိစ္စတွေ ရှိတယ်။ သူတို့ကိုတော့ ချက်ချင်း ပြန်ပို့တယ်။ ဂျိမ်းစ်မော်စလေ ကတော့ ၆ လလောက် ကြာတယ်။ အခုတခါ ယက်တောကိုကျတော့ ပြစ်ဒဏ်ချမှတ်ပြီး မကြာခင်မှာပဲ ပြန်ပို့တယ်ဆိုတော့ ဒါကလည်း နိုင်ငံခြားသားတွေကို ကျနော်တို့ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်ထဲမှာ တစ် အချက်၊ မထားချင်တာပါတယ်။ အဲဒီလိုထားလိုက်လို့ချင်ရင် မြန်မာနိုင်ငံ အကျဉ်းထောင်ထဲမှာရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သိသွားမယ်။ နိုင်ငံတကာကို ပြန်ပြီးတော့ တဆင့်ဖောက်သည် ချမယ်ဆိုလို့ရှိရင် အရှက်တကွဲ အကျိုးနည်း ဖြစ်စရာရှိတယ်။ ဒါကြောင့် သူတို့အနေနဲ့ အတတ်နိုင်ဆုံး အမြန်ဆုံး ပြန်ပို့တယ်လို့ ကျနော်တို့ တွက်ဆလို့ ရပါတယ်။”

အခုမစ္စတာ ယက်တောကို ပြန်လွှတ်ပေးလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘယ်လို တောင်းဆိုဖို့ အခွင့်အရေးတွေ ထွက်လာပါသလဲခင်ဗျ။ -

“ဒီလိုတော့ အခွင့်အရေးတွေ မရနိုင်ပါဘူးခင်ဗျ။ ဘာကြောင့်လဲဆိုလို့ရှိရင် ယက်တောကို ပြန်လွှတ်လိုက်တဲ့ကိစ္စက နိုင်ငံတော်သမ္မတ အာဏာနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁/၅) အရ သူကနေ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာ ခွင့် ပေးပြီးတော့ ပြန်ပို့လိုက်တာ၊ ပြည်နှင်ဒဏ်ပေးလိုက်တာ ဖြစ်တယ်။ အဲဒီတော့ ဒီအပေါ်မှာတော့ ကျနော်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီအချက်ကို ထောက်ပြပြီးတော့ ပြောဆိုနိုင်ဖို့ အခွင့်အရေးတော့ မရနိုင်ပါဘူးခင်ဗျ။”

ဝါရှင်တန်အခြေစိုက် အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ဦးအောင်ဒင် ကတော့ - အထက်လွှတ်တော် အမတ် မစ္စတာဂျင်ဝက်ဘ်ရဲ့ မြန်မာပြည်သွားပြီး အခုလိုကြိုးပမ်းခဲ့တာဟာ ဂုဏ်ယူစရာမရှိပါဘူးလို့ ဆိုပါတယ်။

“အမေရိကန်အစိုးရ အနေနဲ့ရော၊ ကွန်ဂရက်စ်လွှတ်တော်အနေနဲ့ရော အားလုံးနားလည်ထားတာက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်က တကယ်တမ်းကျတော့ အပြစ်မရှိဘဲ အဖမ်းခံရ တယ်။ ထောင်ချတယ်။ အဲဒီမှာ မစ္စတာ ယက်တောက သူ့ရဲ့ အကြောင်းကြောင့် ဖြစ်နေတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် မလွတ်ဘဲနဲ့ မစ္စတာ ယက်တော လွတ်လာတဲ့အတွက်ကြောင့်မိုလို့ အဲဒီလို လွတ်လာအောင် လုပ်ဆောင်နိုင်တဲ့ အတွက်ကြောင့်မိုလို့ ဆီနိတ်တာ ဝက်ဘ် အနေနဲ့ ဘာမှ ဂုဏ်ယူစရာ ရှိမယ်မထင်ပါဘူး။ သူ့ကိုလည်း ဘယ်သူကမှ ချီးကျူးဂုဏ်ပြုကြမှာ မဟုတ်ပါဘူး။”

ဂျွန်ယက်တောရဲ့ အမျိုးသမီး ဘက်တီယက်တော ကိုယ်တိုင်က သူ့အမျိုးသား ပြန်လွတ်လာတာ ဝမ်းသာပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မလာတဲ့အတွက် စိုးရိမ်ပူပန်နေပါတယ်။

“ဒါဟာ အံသြဖို့ကောင်းလောက်အောင် ဝမ်းသာစရာ သတင်းပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ သက်ညှာမှု ပေးတာ မတွေ့ရတဲ့အတွက် စိုးရိမ်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အလားတူ သက်ညှာမှုတွေ ပေးလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။”

ထောင်ဒဏ် ၇ နှစ် အချခံထားရတဲ့ မစ္စတာဂျွန်ယက်တော အခုလို ပြန်လွတ်လာတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာတော့ မြန်မာစစ်အစိုးရဲ့ လုပ်ရပ်အပေါ် အကောင်းဘက်က ရှုမြင်တာတွေ နည်းပါးပြီး မြန်မာစစ်အစိုးရရဲ့ သဘာဝအတိုင်း နိုင်ငံတကာကို လှည့်စားနေကျ လုပ်ရပ်တွေပဲလို့ မြင်နေတာက များပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG