အမေရိကန်အထက်လွှတ်တော် အမတ် နိုင်ငံခြားရေးရာ ကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံ မစ္စတာ ဂျင်မ်ဝက်ဘ် ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း အမတ် ဂျင်မ်ဝက်ဘ်က ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်းအတွင်း ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ် ချမှတ်တာ ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တော ကိုပါ ဒီကနေ့ မြန်မာနိုင်ငံကအပြန်မှာ သူနဲ့အတူ ပြန်လည် ခေါ်ဆောင်လာခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချမှတ်မှုကနေ လွှတ်ပေးဖို့အပြင် လာမယ့်နှစ် စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေမှာပါ ပါဝင်ခွင့်ပြုဖို့လည်း တောင်းဆိုခဲ့တယ်လို့ မစ္စတာ ဝက်ဘ်က ပြောပါ တယ်။ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ဟာ စနေနေ့က နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံအပြီး ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိနစ် ၄၀ လောက် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး အနစ်နာခံကြိုးပမ်းမှုတွေအတွက် အထူးလေးစားမှုရှိကြောင်း ပြောဆိုခွင့်ရခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် သူ တောင်းဆိုခဲ့သလို ဂျွန်ယက်တောကို ပြန်ပြီးလွှတ်ပေးတဲ့အတွက် မြန်မာအာဏာပိုင်တွေကို ကျေးဇူးတင် ကြောင်းလည်း ပြောခဲ့ပါတယ်။ အထီးကျန်ဖြစ်နေတဲ့ မြန်မာလူထုအပေါ် ဖိနှိပ်မှုတွေ လုပ်နေတဲ့အစိုးရကို ပြုပြင်ပြောင်းလဲမှု တွေ လုပ်လာစေဖို့အတွက် အိမ်နီးချင်း တရုတ်နိုင်ငံက သူ့ရဲ့ သြဇာအရှိန်အဝါကို သုံးပြီး ဖိအားပေးလုပ်ဆောင်ဖို့ တာဝန် ရှိတယ်လို့လည်း မစ္စတာ ဝက်ဘ်က ပြောပါတယ်။
မစ္စတာ ဝက်ဘ် ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သောင်မတင် ရေမကျ ဖြစ်နေမှုတွေ အဆုံးသတ်စေဖို့ မြန်မာနိုင်ငံနဲ့ ပြည်သူပြည်သားတွေ သာယာဝပြောစေဖို့ နည်းလမ်း တွေကို ဆွေးနွေးဖို့ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။