သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး တရုတ်ကကူညီဖို့ ဖိအားပေးရေး ဂျင်မ်ဝက်ဘ် ဆော်သြ


အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်က မြန်မာ့အရေးဖြေရှင်းဖို့ တရုတ်နိုင်ငံကို ပိုပြီး ဖိအားပေး တောင်းဆိုကြပါလို့ ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

မစ္စတာယက်တောဟာ အထက်လွှတ်တော်အမတ် ဂျက်မ် ဝက်ဘ်နဲ့အတူ ရန်ကုန်မြို့ကနေ စစ်လေယာဉ်နဲ့ ဘန်ကောက်မြို့ကို ရောက်လာခဲ့ပါတယ်။ အခုတော့ သူဟာ လိုအပ်တဲ့ဆေးဝါးကုသမှုတွေ ခံယူနေပြီး မကြာခင်မှာ သူ့မိသားစုနဲ့ ပြန်တွေ့ရပါတော့မယ်လို့ လေယာဉ်ဆိုက်ပြီး နာရီပိုင်းအတွင်းလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဝက်ဘ်က ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်သမားတွေက လုပ်ကြံမယ့်အရေး သတိပေးဖို့ ဘုရားသခင်က စေလွှတ်တဲ့အတွက် အိမ်ထဲ ရေကူးဝင်ရောက်တဲ့အကြောင်း တရားရုံးမှာအမှုစစ်စဉ်က မစ္စတာယက်တောက ထွက်ဆိုခဲ့ပါတယ်။ အဲဒီ မစ္စတာ ယက်တောရဲ့လုပ်ရပ်ဟာ ကူညီရာမရောက်ဘဲ ထိခိုက်စေခဲ့ပါတယ်လို့ မစ္စတာဝက်ဘ်က ပြောပါတယ်။

“သူတို့ကို ကျနော် ရှင်းရှင်းလင်းလင်း ပြောခဲ့သလိုပဲ အခုလည်း ရှင်းရှင်းလင်းလင်း ပြောပါမယ်။ သူလုပ်လိုက်တဲ့ကိစ္စဟာ အတော့်ကို စိတ်မချမ်းမြေ့ဖွယ်ကိစ္စပါ။ သူ့အထင် ကူညီဖို့ကြိုးစားခဲ့တယ်ဆိုတဲ့လူကို သူ့လုပ်ရပ်က ထိခိုက်နစ်နာစေတယ်လို့ ကျနော် ယုံကြည်ပါတယ်။ သူဟာ မရိုးမသား ကောက်ကျစ်တဲ့လူလို့တော့ ကျနော်မထင်ပါဘူး။” - လို့ မစ္စတာဝက်ဘ်က ပြောသွားပါတယ်။

မစ္စတာယက်တောကို လူသားချင်းစာနာမှုထောက်ထားမှုအခြေခံနဲ့ ပြန်လွှတ်ပေးဖို့ မစ္စတာဝက်ဘ်က တောင်းဆိုတာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လိုက်လျောပြီး ပြန်လွှတ်ပေးခဲ့တာပါ။

မစ္စတာယက်တောကို လွှတ်ပေးလိုက်တာ အပါအဝင် တခြားအခြေအနေတွေဟာ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ရလာဖို့အတွက် ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အခြေခံကောင်းတွေ တည်ဆောက်ပေးတာအဖြစ် အခွင့်အလမ်း ယူသင့်တယ်လို့ သူထင်ကြောင်း မစ္စတာဝက်ဘ်က ပြောပါတယ်။ မစ္စတာယက်တောကို ပြန်လွှတ်ပေးဖို့အတွက် သူ့ဘက်ကနေ ဘာကိုမှ မကမ်းလှမ်းခဲ့ပါဘူးလို့လည်း ဆိုပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ရင်တော့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို မစ္စတာဝက်ဘ်က အတော်လေး အလေးထားပြီး ပြောသွားပါတယ်။ အဓိကတော့ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက နှစ်ပေါင်းများစွာ ဒဏ်ခတ်အရေးယူ ထားတာကြောင့် မြန်မာနိုင်ငံဟာ အထီးကျန်ဖြစ်ခဲ့ရတဲ့အကြောင်း၊ ဒါကြောင့် စီးပွားရေးနဲ့ နိုင်ငံရေးတိုးတက်မှုတွေ အဟန့်အတား ဖြစ်ရတဲ့အကြောင်း၊ ဒီဒဏ်ခတ်အရေးယူမှုတွေကြောင့်ပဲ တရုတ်က မြန်မာအပေါ်မှာ စီးပွားရေး နိုင်ငံရေးအရ သြဇာလွှမ်းမိုးဖို့ အခွင့်အလမ်းရနေတဲ့ အကြောင်း သူက ထောက်ပြပါတယ်။

ဒဏ်ခတ်အရေးယူမှုနဲ့ ပတ်သက်လို့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အချိန်အတော်ကြာကြာ ဆွေးနွေးခဲ့ကြတဲ့အကြောင်း၊ ဘယ်အချိန်အခါမှာ ဒါဟာ အလုပ်ဖြစ်တယ်၊ ဘယ်အချိန်အခါမှာ အလုပ်မဖြစ်ဘူး၊ စီးပွားရေးအရလား၊ နိုင်ငံရေးအရလား စသည်ဖြင့် ပါဝင်တဲ့အကြောင်း ပြန်ပြောပြပါတယ်။ သူ့ရဲ့ကိုယ်ပိုင်အမြင်နဲ့ပတ်သက်ပြီး မစ္စတာဝက်ဘ်က -

“ပါဝင်တဲ့နိုင်ငံအားလုံးက ထိထိရောက်ရောက် လုပ်ဆောင်မှသာ ဒဏ်ခတ်အရေးယူမှုဟာ ထိရောက်တာပါ။ ဒီအခြေအနေ အောက်မှာ ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံဘက် ပို တွန်းပို့ခဲ့ပြီး ကျနော့်အမြင်မှာတော့ မြန်မာလူထုကို ပိုပြီး အားနည်းစေ၊ အနောက်ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်စေခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ဒါကို အကောင်းဆုံး ဘယ်လိုဖြေရှင်းမယ် ဆိုတာကတော့ ကျနော်လေ့လာစူးစမ်းရမယ့် အကောင်းဆုံးအချက်ပဲ ဖြစ်ပါတယ်။” - လို့ မစ္စတာ ဝက်ဘ်က ပြောပါတယ်။

တခြားနိုင်ငံတခုရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဘူးလို့ တရုတ်နိုင်ငံက တောက်လျှောက် ပြောလာနေခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေက အင်မတန်ကို သာမန်နဲ့မတူတဲ့ အခြေအနေဖြစ်ကြောင်း၊ ကမ္ဘာ့အသိုင်းအဝိုင်းမှာ လေးစားခံရဖို့ဆိုရင် တရုတ်နိုင်ငံဟာ ဘာမှဝင်မလုပ်ဘဲနေတာကို အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံကအခြေအနေကို ဖြေရှင်းရေး အထောက်အပံ့ပြုဖို့ အတွက် သူ့ရဲ့ သြဇာအရှိန်အဝါကို အသုံးပြုဖို့ လိုအပ်ပြီလို့ သူယုံကြည်ကြောင်းလည်း မစ္စတာဝက်ဘ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တဲ့ထဲမှာ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာပြောတယ်ဆိုတာကို မစ္စတာဝက်ဘ်က ပြန်ပြောပြရာမှာ -

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောကြားဖို့ ပါတီတခုလုံးရဲ့ သဘောထားကိုသိရတဲ့အထိ သူ့အနေနဲ့ စောင့်ချင်သေးတဲ့ အကြောင်း သူက ပြောပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် နိုင်ငံရေးလုပ်ငန်းစဉ်ထဲမှာ ပါဝင်ရေး နည်းလမ်းရှာဖွေဖို့ ကျနော် အားပေး တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအနာဂတ်အတွက် ပိုပြီးကောင်းမွန်မယ်လို့ ကျနော်ထင်ပါတယ်။” - လို့ မစ္စတာဝက်ဘ်က ပြောပါတယ်။

ဆယ်စုနှစ်တခုကျော်အတွင်း မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်ခံတွေ့ဆုံခဲ့တဲ့ အမေရိကန် ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်တယောက်ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ကဖြင့် အဆုံးသတ်သွားခဲ့ပါပြီ။ ဒီခရီးစဉ်အပေါ် ဝေဖန် ပြောဆိုတာတွေ၊ ထိရောက်မှု မထိရောက်မှု၊ အကျိုးရလဒ် ရှိမရှိ စတဲ့သုံးသပ်ချက် တွေကတော့ ဆက်ပြီး ထွက်ပေါ်နေဦးမှာပါ။ လက်ရှိမှာတော့ မေလ ၁၄ ရက်နေ့က စတင်စစ်ဆေးခဲ့ပြီး သြဂုတ်လ ၁၁ ရက်နေ့မှာ စီရင်ချက်မှတ်ခဲ့တဲ့ ကမ္ဘာပေါ်မှာ စောင့် အကြည့်အခံရဆုံး တရားစစ်ဆေးမှုတခုမှာ အဓိက လက်သည်လို့ဆိုရမယ့် အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယမ် ယက်တောကတော့ ပြန်လွတ်မြောက်သွားခဲ့ပါပြီ။

အာဏာပိုင်တွေက နေအိမ်အကျယ်ချုပ် ချထားခဲ့လို့ ကိုယ့်အိမ်ထဲလူဝင်တာတောင် ဝင်မှန်းမသိခဲ့ရပေမယ့် ဝင်လာတဲ့လူကို လက်ခံတယ်ဆိုပြီး ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်ကောင်စီခေါင်းဆောင်ရဲ့ ညှာတာထောက်ထားမှုနဲ့ ၁၈ လတာသက်တမ်းကို နေအိမ် အကျယ်ချုပ်ဘဝနဲ့ စပြီး ဖြတ်သန်းနေရပါပြီ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုပြုမူတယ်ဆိုတာကို ပြင်ပကမ္ဘာက စောင့်ကြည့်နေမှာဖြစ်ပြီး ဒီအပေါ်မှာ မူတည်ပြီးတော့ မြန်မာအစိုးရအပေါ် ဆုံးဖြတ်မှာ ဖြစ်တယ်ဆိုတာကို မြန်မာအာဏာပိုင်တွေ နားလည်မယ်လို့ သူမျှော်လင့်တဲ့အကြောင်း မစ္စတာဝက်ဘ်က ပြောပါတယ်။

ဒါပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့ ပြန်လွတ်လာမလဲ၊ မြန်မာစစ်အစိုးရက သူ့ကို လွှတ်ကော လွှတ်ပေးဦးမှာလား၊ ဒီလိုပဲ လာတွေ့တဲ့လူတွေကို တခါတလေ ပေးတွေ့လိုက်တာမျိုးနဲ့ပဲ ဆက်သွားဦးမှာလား စတာတွေကတော့ မေးခွန်းတွေအဖြစ် ဆက်ရှိနေဆဲဖြစ်ပြီး သူ လွတ်မြောက်လာမယ့်အပေါ် အကောင်းမြင် မျှော်လင့်သူကတော့ နည်းပါးလွန်းလှကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG