သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ထိန်းသိမ်းရေး စခန်းက မြန်မာတချို့ ထွက်ပြေး


မလေးရှားနိုင်ငံက ယာယီထိန်းသိမ်းရေး စခန်းတခုမှာ အထိန်းသိမ်းခံနေရတဲ့ မြန်မာနိုင်ငံသား ၂၀ ကျော်ဟာ မနေ့ ညနေပိုင်းမှာ ထွက်ပြေးလွတ်မြောက်သွားပြီး အဲဒီထဲက တချို့ကိုပြန်ဖမ်းမိခဲ့တယ်လို့ မလေးရှားကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီအခြေနေကို စုံစမ်းထားတဲ့ VOA ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထား ပါတယ်။

မနေ့ကညနေပိုင်းက ကွာလာလမ်ပူလေဆိပ်၊ ယာယီထိန်းသိမ်းရေးစခန်းမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရ တဲ့ မြန်မာနိုင်ငံသား ၂၀ကျော် ထွက်းပြေး ခဲ့ရာမှာ ၁၆)ယောက်လွတ်မြောက်သွားပြီး ၆)ယောက်ပြန်ဖမ်းမိခဲ့တယ်လို့ သိရ ပါတယ်၊

ထွက်ပြေးလွတ်မြောက်သွားပုံကို တဆောင်တည်းနေသူတယောက်က ခုလိုပြောပြပါတယ်။

”မနေ့က ၅နာရီခွဲ၊ ခြောက်နာရီလောက်က ဖြစ်တာ၊ ထမင်းကျွေးချိန်လေ၊ ထမင်းကျွေးဖို့ တံခါးဖွင့်တဲ့ချိန်မှာ လူတွေ အုပ်စုလိုက် တွန်းတိုက်ပြီး ထွက်ပြေးသွားတာ၊ ကျနော်တို့ B-3 က၊ ထမင်းပေးတဲ့ချိန်မှာ တံခါးဖွင့်တယ်လေ။ သော့ဖွင့်တဲ့ အချိန်မှာပဲ သော့ဖွင့်တဲ့လူကို တွန်းတိုက်ပြီး ထွက်ပြေးတာ၊ ထွက်ပေါက်ကိုထွက်ပြေးကြတာ၊ ဂိတ်ကို၊ ထွက်ပြေးကြတော့ ဂိတ်ကလည်း လူ ၂၀၊ အစိတ်လောက် ရှိတယ်ဆိုတော့ မတားဖြစ်ဘူး၊ ဖမ်းဆီးလို့မိတဲ့ သူတွေကတော့ ဒီထဲတော့ လောလောဆယ် ပြန်မထည့်သေးဘူး၊ ဘယ်ကို ခေါ်သွားသလဲ မသိဘူး၊ ကျနော်တို့တော့ အပြင် မထွက်ရတော့ ဘာမှ မသိရဘူး၊ ဒီကနေ မြင်သလောက်ပဲ သိရတယ်၊ ”

မနေ့က ရုံးပိတ်ရက်ဆိုတော့ လုံခြုံရေးဝန်ထမ်းက ပုံမှန်ထက်လျှော့နည်းနေပြီး အချုပ်ခန်း တံခါးကို တွန်းထွက်လာသူ တွေကို လုံခြုံရေးတွေက ပစ်ခတ်နှိမ်နင်း ခြင်းမပြုခဲ့ဘူး လို့ ထိန်းသိမ်းခံရသူတွေကပြောပါတယ်။

စခန်းတွင်းအခြေနေနဲ့ ပတ်သက်ပြီး သူကခုလို ဆက်ပြောပါတယ်၊

“နေရထိုင်ရတာတော့ အဆင်မပြေဘူးဗျ၊ ဒီမှာက Camp ဆိုပေမယ့် စမုန်ညှင်းနဲ့မတူဘူး၊ အပြင်ထွက်ခွင့်မပေးဘူး၊ အဆောင်တွေမှာ အတွင်းထဲမှာလည်းညစ်ပတ်တယ်။ လုံး၀ ၊ အဝတ်စားကအစ အပြင်ထွက် လှမ်းလို့ မရဘူး၊ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဒီမှာ ကပ်ပလီ တကောင် သေသွားသေးတယ်လေ။”

ဒီထိန်းသိမ်းရေးစခန်းမှာ မြန်မာနိုင်ငံသား ၆၀၀ကျော်လောက်ရှိပြီး သူတို့ဟာ အများစုဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ထောင်ဒဏ်ကျခံပြီးသူများဖြစ်ကြပါတယ်။ ဒါပေမဲ့ မလေးအစိုးရက ထိုင်းနိုင်ငံက တဆင့်ပို့ဆောင်မှုကို ရပ်ဆိုင်းလိုက်တာ ရယ်၊ မြန်မာသံရုံးရဲ့ ထောက်ခံချက်နဲ့ပြန်ဖို့ လေယာဉ်စရိတ်နဲ့ ဝန်ဆောင်ခတွေ မပေးနိုင်တာကြောင့် ဆက်လက် ထိန်းသိမ်းခံနေရတာဖြစ်ပါတယ်။

ထိန်းသိမ်းခံထားရသူတွေကို ကူညီနေတဲ့ ကိုကျော်ကျော်က လုံခြုံရေး မတင်းကျပ်လို့ ခုလို ထွက်ပြေးနိုင်တာလို့ ပြောပါ တယ်။

“ဂိတ်ဝမှာလည်းစောင့်နေတာက လဝက တယောက်ပဲ စောင့်နေတယ်။ ရဲလည်းမဟုတ်ဘူး။ စစ်တပ်ကလည်း မဟုတ်ဘူး ပေါ့နော်။ နောက်တခုက အဲဒီဂိတ်ကလည်း ခြံစည်းရိုးကာ မထားဘူး။ ကားတွေဝင်ဖို့ တုတ်ချောင်းတွေနဲ့ ကာထားတာလေ။ အဲဒါလေးပဲရှိတယ်ဆိုတော့ အလွယ်တကူ ထွက်ပြေးသွားတာပေါ့။ ကားလမ်းနဲ့က ဂိတ်ပေါက်နဲ့ သိပ်မဝေးဘူး၊ ကိုက် ၃၀၀ လောက်ပဲရှိတယ်။ ဒါပေမဲ့ သူတို့အနေနဲ့က ခုချိန်ထိပေါ့နော်။ ဘတ်စ်ကားတွေ၊ ကားမှတ်တိုင်တွေ၊ မီးရထားဘူတာတွေ မှာတော့ စစ်ဆေးမှုတွေ လုပ်နေတာ ကျနော်တွေ့ရတယ်၊”

အခု ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသားတွေဟာ ပြီးခဲ့လကက ဆူပူမှုဖြစ်ခဲ့တဲ့ စမုန်ညှင်း ထိန်းသိမ်းရေးစခန်းက ပြောင်းရွေ့လာ သူတွေ ဖြစ်ပါတယ်၊ စမုန်ညှင်း ထိန်းသိမ်းရေးစခန်းမှာလည်း အလားတူ အချုပ်ခန်း ဖောက်ပြေးမှုတွေ ရှိတယ်လို့ သိရပါတယ်။ မလေးရှားက ထိန်းသိမ်းရေးစခန်း ၁၃ခုမှာ နိုင်ငံခြားသား ၇၀၀၀ကျော်ခန့်ရှိပြီး အဲဒီအထဲ မြန်မာ နိုင်ငံသား ၂၈၀၀ ကျော်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေး စာရင်းဇယားအရ သိရပါတယ်ခင်ဗျ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG