သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မကျင်းပမီ အာဖဂန်မှာ တာလီဘန် တိုက်ခိုက်မှုတွေ တိုး


အာဖဂန်နစ္စတန်မှာ ရွေးကောက်ပွဲတွေ မကျင်းပမီ ၂ ရက်အလိုမှာ တာလီဘန် တိုက်ခိုက်မှုတွေ ရှိခဲ့ရာ နေတိုးဦးဆောင်တဲ့ တပ်သားတွေနဲ့ အာဖဂန်လူမျိုး ကုလသမဂ္ဂ ဝန်ထမ်းတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ပြီး တခြားလူ အနည်းဆုံး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ သူပုန်တွေက ရွေးကောက်ပွဲကို ပျက်အောင်လုပ်မယ်လို့ အလေးအနက် ပြောခဲ့ပြီး မြို့တော်အပြင် တခြားဒေသတွေမှာလည်း တိုက်ခိုက်မှုတွေ တိုးလာခဲ့ပါတယ်။ အကြောင်းစုံကို ကဘူးလ်မြို့တော်ကနေ ဗွီအိုအေသတင်းထောက် စတိဖ် ဟားမန်း (Steve Herman) သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

ကဘူးလ်မြို့တော် တဝိုက်မှာ ဒီကနေ့ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုကတော့ ကြာသပတေးနေ့ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကြီးကို ပျက်အောင် လုပ်မယ်လို့ အလေးအနက် ခြိမ်းခြောက်ထားတာကို လက်တွေ့လုပ်ပြလိုက်တဲ့ ကြိုးစားမှုပါပဲ။

အသေခံ ဗုံးဖောက်ခွဲသူက နိုင်ငံခြား တပ်ဖွဲ့ဝင်တွေရဲ့ ရိက္ခာပို့ ကားတန်းရှည်ကြီးကို ကဘူးလ်မြို့တော် အရှေ့ဘက် အသွားအလာ များလှတဲ့ အဝေးပြေး လမ်းမကြီးပေါ်မှာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပေါက်ကွဲမှုဟာ သမ္မတနန်းတော်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနကြား ရော့ကက် ပစ်ခတ်မှုတွေ ရှိခဲ့ပြီး နာရီအနည်းငယ် အကြာမှာ ဖြစ်ခဲ့တာပါ။ သမ္မတနန်းတော်မှာတော့ သေဆုံး ဒဏ်ရာရမှု မရှိခဲ့ပါဘူး။

ဒါပေမယ့် အဝေးပြေး လမ်းမပေါ်မှာ အသေခံ ဗုံးဖောက်ခွဲသူရဲ့ လက်ချက်ကြောင့် နေတိုးဦးစီးတဲ့ တပ်သားတွေအပြင် ကုလသမဂ္ဂ ဝန်ထမ်း ၂ ဦးလည်း သေဆုံး ဒဏ်ရာရရှိသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ဥရုဇ်ဂန်ခရိုင် (Uruzgan province) မှာတော့ အသေခံ ဗုံးဖောက်ခွဲသူဟာ မဲရုံတရုံကို ဝင်တိုက်ခိုက်ခဲ့လို့ စစ်သား ၄ ဦးနဲ့ အရပ်သား ၂ ဦး ဒဏ်ရာရရှိသွားပါတယ်။

အဲဒီနိုင်ငံမှာ အခြေစိုက်တဲ့ ထိပ်တန်း ကုလသမဂ္ဂ အရာရှိ ကိုင်း အိဒ် (Kai Eide) က ရွေးကောက်ပွဲနေ့မှာ လုံခြုံရေးဟာ သူ့ရဲ့ အဓိက စိုးရိမ်မကင်းဖြစ်မှုပဲလို့ ဆိုပါတယ်။ လုံခြုံရေးမရှိရင် မဲကလိန်ကျမှုတွေ တိုးလာနိုင်ပေမယ့် ရွေးကောက်ပွဲကတော့ ပျက်မယ့် အနေအထားမျိုး မရှိဘူးလို့ သူက ပြောပါတယ်။

“ရွေးကောက်ပွဲမှာတော့ မူမမှန်မှုတွေ ရှိမှာပါ။ ဒါပေမယ့် ရွေးကောက်ပွဲတွေရဲ့ ခိုင်လုံ စိတ်ချရမှုအပေါ် သံသယဖြစ်စရာကောင်းမယ့် အနေအထားမျိုးအထိတော့ ရောက်လိမ့်မယ်လို့ ကျနော်တို့ မယူဆပါဘူး။”

အာဖဂန်မဲဆန္ဒရှင် ၁၇ သန်းတို့အနေနဲ့ တာလီဘန်တွေကို အာခံကြဖို့ ကုလသမဂ္ဂ အထောက်အကူ ပေးရေးအဖွဲ့ အကြီးအကဲက မေတ္တာရပ်ခံထားပါတယ်။ မဲထွက်ပေးခဲ့ကြသူတွေ အနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် မဲပေးရာလည်း ရောက်ပါတယ်လို့ သူက ပြောပါတယ်။

အာဖဂန်အစိုးရကတော့ ရွေးကောက်ပွဲ ကျင်းပမယ့် ကြာသပတေးနေ့ကို ငြိမ်းချမ်းတဲ့နေ့အဖြစ် တရားဝင် သတ်မှတ်ထားပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့ သီတင်းပတ်အတွင်းလည်း နေတိုးဦးစီးတဲ့ နိုင်ငံတကာ တပ်တွေက စစ်ဆင်ရေးကို ခေတ္တ ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။ အစိုးရက လုံခြုံရေး လေးထပ်ကွမ်း ချထားတယ်လို့ ဆိုတဲ့ အာဖဂန် ၃၀၀,၀၀၀ ခန့်နဲ့ နိုင်ငံတကာ တပ်တွေအပြင် ရဲအရာရှိတွေက မဲရုံပေါင်း ၂၉,၀၀၀ တို့ကို စောင့်ရှောက်နေကြမှာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG