သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျွန်ယက်ထောလွတ်လို့ အမေရိကန်မူဝါဒ သုံးသပ်မှုအပေါ် သက်ရောက်မှုမရှိ


မြန်မာစစ်အစိုးရက အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တော ကို ပြန်လွှတ်ပေးခဲ့ရုံနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ပြန်လည်သုံးသပ်နေတဲ့ အမေရိကန်နိုင်ငံရဲ့ မူဝါဒတွေအပေါ် သက်ရောက်မှု တစုံတရာ ဖြစ်စေမှာ မဟုတ်ပါဘူးလို့ အမေရိကန်နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ မနေ့က နိုင်ငံခြားရေးဌာနရဲ့ သတင်းစာရှင်းလင်းပွဲ အပြည့်အစုံကို မခင်ဖြူထွေးက ဆက်ပြောပြပါမယ်။

အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တော ကို မြန်မာအကျဉ်းထောင်ထဲကနေ ပြန်လည်လွတ်မြောက်အောင် လုပ်ပေးနိုင်ခဲ့တဲ့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ကို အထူး ကျေးဇူးတဲ့အကြောင်းနဲ့ အခု မစ္စတာ ယက်တောဟာ ဘန်ကောက်မြို့မှာ ဆေးဝါးကုသ ခံယူနေတယ်လို့ မနေ့က အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ လူထု ဆက်ဆံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Philip J. Crowley က ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒတွေ ပြန်လည်သုံးသပ်နေတဲ့ကိစ္စမှာ အခု ဂျွန်ယက်တော ပြန်လွတ်လာတဲ့အတွက် တစုံတရာ သက်ရောက်မှု ဖြစ်မှာမဟုတ်ပါဘူးလို့ သတင်းထောက်တွေကို သူက အခုလို ပြောခဲ့ပါတယ်။

“မစ္စတာ ယက်တောကို မြန်မာစစ်အစိုးရက ပြန်လွတ်ပေးလိုက်တဲ့ကိစ္စကြောင့် အမေရိကန်က လက်ရှိ ပြန်လည် သုံးသပ်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေအပေါ်မှာ တစုံတရာ အကျိုးသက်ရောက်မှု ဖြစ်စရာ မရှိပါဘူး။ မြန်မာစစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်ပြီးတော့ ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ကိစ္စနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော် ဆက်ပြီးတော့ ရှိနေတဲ့ အခြေအနေတွေက ကျနော်တို့ ဆက်ပြီးစိုးရိမ်နေရတုန်းပါ။ မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ ပြင်ဆင်နေတဲ့ အရိပ်အယောင် ရှိမရှိ ကျနော်တို့ စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိဖို့မှာ မြန်မာစစ်အစိုးရ အနေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုဖြစ်လာဖို့အတွက် မြန်မာစစ်အစိုးရ အနေနဲ့ သူတို့ရဲ့ ရပ်တည်ချက် သဘောထားတွေ ပြောင်းလဲလာတာ ရှိမရှိ ကျနော်တို့ စောင့်ကြည့်နေတာပါ။ အခု မစ္စတာ ယက်တောကို ပြန်လွှတ်ပေးတာက ဒီသဘောထားကို ဖော်ပြတဲ့ကိစ္စနဲ့ ဘာမှမဆိုင်ပါဘူး။”

အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ့ရဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်နေတုန်းပဲလို့လည်း မစ္စတာ Crowley က ဆိုပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်နေတုန်းပါပဲ။ အဲဒီလို သုံးသပ်တဲ့အခါမှာ မြန်မာနိုင်ငံက လတ်တလော အခြေအနေတွေကို အဓိကထားပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ ထူးထူးခြားခြား စိုးရိမ်စရာ အခြေအနေ ဘာတွေရှိမလဲ။ အခြေအနေအားလုံးကို ခြုံငုံတွက်ချက့်ပြီးတော့မှ အပြီးသတ် သုံးသပ်မှုတွေကို လုပ်မှာပါ။”

မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ မစ္စတာ ဝက်ဘ် တို့ မနေ့တုန်းက ဆက်သွယ် စကားပြောခဲ့ကြတယ်လို့လည်း မစ္စတာ Crowley က ဆိုပါတယ်။

“မနေ့ကပဲ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ မစ္စတာ ဝက်ဘ်တို့ စကားပြောခဲ့ကြပါသေးတယ်။ မစ္စတာ ဝက်ဘ် ဝါရှင်တန်ဒီစီကို ပြန်ရောက်တဲ့အခါကျရင်လည်း ကျနော်တို့ အားလုံးအတူဆုံပြီး ဒီကိစ္စကို ဆွေးနွေးကြမှာပါ။ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ရော၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ မစ္စတာ ဝက်ဘ် တွေ့ခွင့်ရခဲ့တာကြောင့်မိုလို့ မစ္စတာ ဝက်ဘ်နဲ့ တွေ့ဆုံပြီးတော့ သူဆွေးနွေးခဲ့တာတွေ အပြည့်အစုံသိရဖို့ နိုင်ငံခြားရေးဝန်ကြီးကလည်း စောင့်နေမှာပါ။ မစ္စတာဝက်ဘ်ရဲ့ ဆွေးနွေးမှုတွေကို အခြေခံပြီးတော့ ဘယ်လောက်ထိ ယုံကြည်အားထားနိုင်မလဲဆိုတာကို ကြည့်ပြီးတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အဖြစ်သင့်ဆုံး… အနာဂတ် အမေရိကန်ရဲ့ မူဝါဒတွေကို ချမှတ်သွားမှာပါ။”

ဒါကတော့ မနေ့က အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Philip J. Crowley က ပြောသွားခဲ့တာပါရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG