အီဂျစ်သမ္မတ ဟိုစနီ မူဘာရက် (Hosni Mubarak) ဟာ ငါးနှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော်ကို ရောက်ရှိခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းကြမယ့် အကြောင်းတွေကို အမေရိကန်သမ္မတ အိုဘားမားက မစ္စတာမူဘာရက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဗွီအိုအေ သတင်းထောက် ကန့် ကလိုင်း (Kent Klein) က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ဝက်စ်တ် ဘန့်ခ် (West Bank) မှာရှိတဲ့ အိမ်ရာစီမံကိန်းသစ်တွေကို ရပ်နားဖို့ အစ္စရေးက အလျှင်အမြန် လုပ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ အားတက်စရာ အရိပ်အယောင်တွေ တွေ့ရတဲ့အကြောင်း အမေရိကန်သမ္မတ အိုဘားမားနဲ့ မစ္စတာမူဘာရက်တို့ ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနဲ့ ပတ်သက်လို့ ရှေ့ဆက် ဆောင်ရွက်စရာ လုပ်ငန်းတွေ အများကြီး ရှိနေသေးတယ်လို့ မစ္စတာအိုဘားမားက ပြောပါတယ်။
“လတ်တလော ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ နှစ်ဖက်စလုံးမှာ ဆန္ဒရှိဖို့ လိုပါတယ်။ အမှန်တကယ် တိုးတက်မှုတွေ ရယူနိုင်တဲ့ ရတောင့်ရခဲ အခွင့်အလမ်းတခု ရှိနေတာပါ။ ဒါပေမယ့် အခုထိတော့ အဲဒီတိုးတက်တဲ့ အဆင့်ကို မရောက်သေးပါဘူး။”
အီဂျစ်သမ္မတ မူဘာရက်ကလည်း အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ဆွေးနွေးမှုတွေ ဆက်ပြီးလုပ်သွားဖို့ စကားပြန်ကနေတဆင့် ပြောဆို တိုက်တွန်းသွားခဲ့ပါတယ်။
“ကျနော်တို့တွေက စေတနာမှန်နဲ့ အခုလို ပြောနေတာပါ။ မှန်ကန်တဲ့ လမ်းကြောင်းကနေ တိုက်တွန်းနေတာပါ။ ဒါပေမယ့် တကယ်က ပါလက်စတိုင်းနဲ့ အစ္စရေး နှစ်ဖက်အဖွဲ့တွေ အတူတူ တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းကြဖို့ လိုပါတယ်။ အဲဒီလို တွေ့ဆုံဆွေးနွေးမှသာ အခု ပါလက်စတိုင်းအရေးနဲ့ ပတ်သက်တဲ့ အဖြေတစုံတရာ ထွက်လာဖို့ မျှော်လင့်လို့ရမှာပါ။” လို့ စကားပြန်ကနေတဆင့် မစ္စတာမူဘာရက် ပြောခဲ့တာ ဖြစ်ပါတယ်။
မစ္စတာမူဘာရက်ရဲ့ အိမ်ဖြူတော် ခရီးစဉ်က အမေရိကန်နဲ့ အီဂျစ် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာတာကို ဖော်ပြနေပါတယ်။ အရင်က အီဂျစ်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းတွေနဲ့ ပတ်သက်လို့ တိုးတက်လာအောင်လုပ်ဖို့ အရင်သမ္မတ ဂျော့ခ်ျ ဒဗလျူ ဘုရှ် (George W.Bush) လက်ထက်က အီဂျစ်ကို ဖိအားပေးခဲ့တာတွေ ရှိသလို နှစ်နိုင်ငံဆက်ဆံရေး တင်းမာတဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။
မန်ဆာချူးဆက်ပြည်နယ် ဘော်စတွန်က နော့သ် အိစတန်း (Northeastern) တက္ကသိုလ်ရဲ့ အရှေ့အလယ်ပိုင်း လေ့လာရေးဌာန အကြီးအကဲ ပါမောက္ခ ဒန်းနစ္စ ဆူလီဗန် (Denis Sullivan) ကတော့ ပြီးခဲ့တဲ့ ဇွန်လက မစ္စတာ အိုဘားမား ကိုင်ရိုမြို့ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်က အမေရိကန်နဲ့ အီဂျစ် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာတဲ့ ပထမဆုံး အရိပ်လက္ခဏာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။
“မစ္စတာအိုဘားမားဟာ အီဂျစ်နိုင်ငံကို သွားတုန်းက နွေးနွေးထွေးထွေးနဲ့ ကြိုဆိုခံခဲ့ရရုံတင် မကပါဘူး၊ တကယ့်ကို စိတ်ထဲက လိုလိုလားလားနဲ့ သူ့ကို ကြိုဆိုခဲ့ကြတာပါ။ သူဟာ အီဂျစ်ပြည်သူတွေအကြား လူသိများတဲ့ ပုဂ္ဂိုလ်တယောက်အဖြစ် ဆက်ရှိသွားဦးမှာပါ။ အီဂျစ်နိုင်ငံမှာတော့ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့ မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေပါတယ်။”
အီဂျစ်အစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်နေသလို ဆက်ပြီး လုပ်သွားမယ့်အကြောင်း မစ္စတာအိုဘားမားကို သူ ထပ်ပြီးတော့ အလေးအနက်ပြု ပြောဆိုခဲ့တယ်လို့ အီဂျစ်သမ္မတက ဆိုပါတယ်။
မစ္စတာမူဘာရက် အစိုးရရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေ ဆိုးရွားနေတာ မှန်ပေမယ့် အမေရိကန်နဲ့ အီဂျစ်အကြားက အနှစ် ၃၀ ကြာ မဟာဗျူဟာ မိတ်ဆွေနိုင်ငံ ဆက်ဆံရေး ဆက်ပြီးထိန်းသိမ်းသွားဖို့ အရေးကြီးတယ်လို့ မစ္စတာဆူလီဗန်က ယူဆပါတယ်။
“အီဂျစ်နဲ့ အမေရိကန် ဆက်ဆံရေးက အရေးပါတဲ့ နေရာမှာ ရှိနေတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော့်အမြင်အရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုလုံးနဲ့ ပတ်သက်လို့ သူတို့ သဘောထား တူညီကြတယ်လို့ ထင်ပါတယ်။ ပြီးတော့ ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်အောင်လုပ်ဖို့မှာ နှစ်နိုင်ငံစလုံးက ဘယ်လောက်ထိ အရေးပါတဲ့ကဏ္ဍမှာ ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ အမြင်ချင်း တူကြပါတယ်။”
အင်္ဂါနေ့က ခေါင်းဆောင်နှစ်ဦးတို့ တွေ့ဆုံမှုဟာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်းတဲ့ တစိတ်တဒေသအဖြစ် သမ္မတအိုဘားမား အစိုးရက အာရပ်နိုင်ငံတွေနဲ့ ဆက်ဆံရေး တည်ဆောက်မှုရဲ့ ကြိုးပမ်းချက် တစိတ်တပိုင်းဖြစ်တယ်လို့ အိမ်ဖြူတော် ဆက်သွယ်ရေးတာဝန်ခံ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က ဆိုပါတယ်။
ခေါင်းဆောင်နှစ်ဦးတို့ဟာ အီရတ်နဲ့ အီရန် နျူကလီးယား အစီအစဉ်ဆိုင်ရာ ကိစ္စရပ်တွေအပြင် ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။