သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန် ပြောခွင့်ရသူကို ပါကစ္စတန် ဖမ်းမိ


တာလီဘန် သူပုန်အဖွဲ့ရဲ့ အဓိက ပြောခွင့်ရပုဂ္ဂိုလ်နဲ့ အပေါင်းအပါ ၂ ယောက်ကို အာဖဂန်နိုင်ငံ နယ်စပ်နားမှာ ဖမ်းဆီးမိခဲ့တယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ ပါကစ္စတန်က တာလီဘန် သူပုန်အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင် ဘေတူလာ မေစွတ် (Baitullah Mehsud) သေဆုံးသွားတယ်လို့ ယူဆရတဲ့ အမေရိကန်ဘက်က ဒုံးကျည်တိုက်ခိုက်မှု အပြီး သီတင်း ၂ ပတ်နီးပါး အကြာမှာ အခုလို တာလီဘန်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကို ဖမ်းမိလိုက်တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ မေစွတ် သေဆုံးသွားတယ်ဆိုတာကို အခု အဖမ်းခံလိုက်ရတဲ့ တာလီဘန်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က သူ့ကို စစ်ဆေးမေးမြန်းသူတွေကို အတည်ပြုခဲ့တယ်လို့ ဗွီအိုအေသတင်းထောက် အာယက်ဇ် ဂူးလ် (Ayaz Gul) က သတင်းပေးပို့ထားပါတယ်။ အကြောင်းစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ပါကစ္စတန်အစိုးရကို ထောက်ခံတဲ့ လက်ရှ်ကာ ပြည်သူ့စစ်အဖွဲ့တွေက တာလီဘန်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မော်လ်ဗီ အိုမာ (Maulvi Omar) နဲ့ အပေါင်းအပါ ၂ ယောက်ကို မိုမန်ဒေသမှာ ဖမ်းဆီးမိခဲ့ပြီး ပါကစ္စတန်တပ်တွေကို လွှဲပြောင်းပေးလိုက်တယ်လို့ ဒေသခံ အာဏာပိုင်တွေနဲ့ မျက်မြင်တွေက ပြောပါတယ်။ အဖမ်းခံလိုက်ရတဲ့ လက်နက်ကိုင်တွေကို ချက်ချင်းဆိုသလိုပဲ ရဟတ်ယာဉ်နဲ့တင်ပြီး အနောက်မြောက်ဒေသက ပီရှဝါမြို့ကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံက တာလီဘန်အဖွဲ့ရဲ့ ခေါင်းဆောင် ဘေတူလာ မေစွတ်ဟာ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်က တောင်ပိုင်း ၀ါဇီရစ္စတန်ပြည်နယ်မှာ ပုန်းအောင်းနေစဉ် အမေရိကန်ဘက်က ပစ်လိုက်တဲ့ မောင်းသူမဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားတယ်လို့ မော်လ်ဗီ အိုမာက သူ့ကို စစ်ဆေးမေးမြန်းခဲ့တဲ့ သူတွေကို ပြောခဲ့ပါတယ်။

အခုရက်ပိုင်းတွေ အတွင်းမှာလည်း ပါကစ္စတန်နဲ့ အမေရိကန် တာဝန်ရှိသူတွေက မေစွတ်၊ သူ့ဇနီးနဲ့ တခြား အစောင့်အရှောက်တွေဟာ အဲဒီ ဒုံးကျည်နဲ့ တိုက်ခိုက်မှုမှာ သေဆုံးသွားတယ်လို့ ယုံကြည်ရတယ်လို့ ထပ်ခါတလဲလဲ ပြောဆိုခဲ့ပါတယ်။ ပါကစ္စတန် လက်နက်ကိုင်အဖွဲ့တွေထဲက အလိုရှိဆုံး အဖွဲ့ကတော့ မတရားအသင်း ကြေညာခံထားရတဲ့ တာရီကေ တာလီဘန် ပါကစ္စတန် အဖွဲ့ပါ။ ဒီအဖွဲ့ဟာ အယ်လ်ကိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ လက်နက်ကိုင်အဖွဲ့ ဒါဇင်ကျော်ပါတဲ့အဖွဲ့ ဖြစ်ပါတယ်။ မေစွတ် သေဆုံးသွားပြီးတဲ့ နောက်ပိုင်းမှာ သူ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ သူ့နေရာကို ဘယ်သူဆက်ခံမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း နယ်စပ်ဒေသက အာဏာရပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် ဟာရှမီ ဘာဘာ (Hashmi Babar) က တာလီဘန်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကို ဖမ်းဆီးမိလိုက်တာဟာ ပါကစ္စတန်နိုင်ငံမှာ အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ လက်နက်ကိုင်တွေအတွက် အကြီးအကျယ် ဆုံးရှုံးမှုဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“မော်လ်ဗီ အိုမာကို ဖမ်းမိလိုက်တာနဲ့ သူအဖမ်းခံရလောက်အောင် ပျော့ကွက်တွေ ရှိနေတာက တာရီကေ တာလီဘန် ပါကစ္စတန် အဖွဲ့ထဲမှာ ကစဥ့်ကလျားဖြစ်နေပြီ ဆိုတာကို ထင်ရှားတယ်လို့ ကျနော်ထင်ပါတယ်။ ဒါ့အပြင် နောက်ထပ် ထပ်ပြီးတော့ အများကြီး ဖမ်းဆီးလာနိုင်ဖို့နဲ့ ဒီနေ့ ဖမ်းမိတာထက် ပိုပြီးအရေးပါတဲ့ သူတွေကို ဖမ်းဆီးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ တာရီကေ တာလီဘန် ပါကစ္စတန်အဖွဲ့ကို ဖြိုခွဲ၊ ဖယ်ရှားဖို့အတွက် ကျနော်တို့ ဒီအခြေအနေကို အခွင့်ကောင်းယူရပါမယ်။”

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပါကစ္စတန်နိုင်ငံက အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေဟာ သူတို့ရဲ့လက်ချက် ဖြစ်တယ်လို့ ဘေတူလာ မေစွတ် ဦးဆောင်တဲ့ တာရီကေ တာလီဘန် ပါကစ္စတန်အဖွဲ့က ပြောပါတယ်။ မော်လ်ဗီ အိုမာဟာ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖြစ်တဲ့အတွက် အာဖဂန်နယ်စပ်မှာ တာလီဘန် အစွန်းရောက်တွေကို တိုက်ခိုက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ သူတို့ရဲ့လက်ချက် ဖြစ်တယ်လို့ တယ်လီဖုန်းနဲ့ ပြောဆိုတာတွေ မကြာခဏ လုပ်တာတွေ ရှိပါတယ်။ အိုမာဟာ အာဖဂန်နိုင်ငံ အရှေ့ဘက် ကူနာခရိုင်နဲ့ ထိစပ်နေတဲ့ ဘာဂျော (Bajaur) ဒေသက တာလီဘန်သူပုန်တွေကိုလည်း ဦးဆောင်နေသူ ဖြစ်ပါတယ်။

လက်နက်ကိုင်တွေဟာ ပါကစ္စတန်မြေကို ဖြတ်ကျော်ပြီး အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်တွေနဲ့ အာဖဂန်တပ်ဖွဲ့တွေကို တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဘာဂျောဒေသက လက်နက်ကိုင်တွေ ခိုအောင်းတဲ့ နေရာအတော်များများကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီး ဘာဂျောဒေသ နေရာအတော်များများကို ပြန်လည်ထိန်းချုပ် လာနိုင်ခဲ့ပြီလို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။

တာလီဘန်ခေါင်းဆောင် ဘေတူလာ မေစွတ် သေဆုံးတာနဲ့ မော်လ်ဗီ အိုမာကို ဖမ်းဆီးလိုက်နိုင်တာတွေဟာ ပါကစ္စတန်နိုင်ငံက အကြမ်းဖက်မှုတွေကို တိုက်ခိုက်နေတဲ့ စစ်ပွဲရဲ့ အဓိက အောင်မြင်မှုတွေ ဖြစ်တယ်လို့ ဖော်ပြပြောဆိုနေပါတယ်။

အာဖဂန်နဲ့ ပါကစ္စတန်နိုင်ငံနဲ့ဆိုင်တဲ့ အမေရိကန် အထူးကိုယ်စားလှယ် ရစ်ချတ် ဟိုးလ်ဘရွတ်ခ် (Richard Holbrook) ပါကစ္စတန်နိုင်ငံကို ရောက်နေတဲ့ တချိန်တည်းမှာပဲ တာလီဘန်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကို ဖမ်းမိလိုက်တယ်လို့ ကြေညာခဲ့တာပါ။ မစ္စတာဟိုလ်းဘရွတ်ခ်က တာလီဘန်တွေကို နှိမ်နင်းနေတဲ့ ပါကစ္စတန် အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG