သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဖြေရှင်းမှု တရုတ် ဦးဆောင်သင့်


မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာတွေကို တရုတ်နိုင်ငံက ဦးဆောင်ကူညီ ဖြေရှင်းပေးသင့်တယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) က ဗီယက်နမ်နိုင်ငံမှာ ထပ်ပြီး ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ သွားရောက်ခဲ့ပြီး စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့တဲ့ လွှတ်တော်အမတ် မစ္စတာဝက်ဘ်က ဗီယက်နမ်နိုင်ငံမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံကအပြန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြောခဲ့တဲ့ အတိုင်းပါပဲ၊ တရုတ်အစိုးရ အနေနဲ့ ရှေ့ထွက်ပြီး မြန်မာ့ နိုင်ငံရေး ပြဿနာကို ကူညီ ဖြေရှင်းပေးသင့်ပါတယ်။ ခုချိန်ထိတော့ တရုတ်ဘက်က ဘာမှ လုပ်တာကို မတွေ့ရသေးပါ ဘူး။”

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ ဗုဒ္ဓဟူးနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဝက်ဘ် ပြောခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့တုန်းက ဘန်ကောက် သတင်းစာ ရှင်းလင်းပွဲမှာတုန်းကလည်း တရုတ်နိုင်ငံအနေနဲ့ မြန်မာအပေါ် သြဇာ ညောင်းမှုကို အသုံးချပြီး မြန်မာနိုင်ငံမှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာကို ကူညီ ဖြေရှင်းပေးသင့် တယ်လို့ သူက ပြောခဲ့တာပါ။ တဖက်မှာလည်း မြန်မာနိုင်ငံအပေါ် အမေရိကန်နဲ့ EU ဥရောပသမဂ္ဂ နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် မြန်မာအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တွန်းအားပေးရာရောက်ပြီး ဒေသတွင်း တရုတ်က တဘက်သတ် ချယ်လှယ်နိုင်နေတာ ဖြစ်တယ်လို့ မစ္စတာဝက်ဘ်က မြင်ပါတယ်။

မြန်မာနိုင်ငံ အပါအဝင် အာရှ ၅ နိုင်ငံကို ခရီးလှည့်လည်နေတဲ့ မစ္စတာဝက်ဘ်ဟာ အမေရိကန်နိုင်ငံအတွက် အရှေ့တောင် အာရှ နိုင်ငံတွေက ဘယ်လောက် အရေးပါတယ် ဆိုတာကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ကျနော့်ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က အရှေ့တောင်အာရှဟာ အမေရိကန်အတွက် ဘယ်လောက် အရေးပါတယ် ဆိုတာနဲ့ အမေရိကန်နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကြားမှာ ဆက်ဆံရေး တိုးတက်ဖို့ ဘယ်လောက် အရေးကြီးတယ် ဆိုတာကို အမေရိကန်ပြည်သူတွေ အလေးအနက် သိရှိနားလည်အောင် ဖြစ်ပါတယ်။ ဒါတင်မက အရှေ့တောင်အာရှ နိုင်ငံ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေဟာ အမေရိကန် ပြည်ထောင်စုအတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ ထပ်မံပြသဖို့ ဖြစ်ပါတယ်။”

အရှေ့တောင်အာရှ ဒေသတွင်း တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာ ညှိနိုင်ဖို့အတွက် အမေရိကန်အစိုးရ အနေနဲ့ သံတမန်ရေးအရ ပိုပြီးလုပ်သင့်တယ်လို့လည်း သူက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ တချိန်က ဗီယက်နမ်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှု ဖယ်ရှားရေးကို ဆန့်ကျင်ခဲ့ဖူးသူ ဆီးနိတ်အမတ် ဝက်ဘ်က အခုတော့ ဗီယက်နမ်ကို နမူနာယူပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပေးသင့်တယ် ဆိုတာကိုလည်း NPR သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

အရေးယူမှုတွေ ဖယ်ရှားပြီးတဲ့နောက် ဗီယက်နမ်မှာ အကောင်းဘက်က တိုးတက်လာတဲ့ အချက်တွေကို ထောက်ပြပြီး မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးသင့်တယ် ဆိုတာကို အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်က နှိုင်းယှဉ်ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG