သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးဆုံး


မနေ့က ကျင်းပခဲ့တဲ့ အာဖဂန်နစ္စတန်က ရွေးကောက်ပွဲဟာ တာလီဘန် သူပုန်တွေက မဲရုံတွေကို တိုက်ခိုက်တာတွေ၊ မဲပေးသူတွေကို အနှောင့်အယှက်ပေး ခြိမ်းခြောက်တာတွေ လုပ်နေတဲ့ကြားထဲက အာဖဂန်ပြည်သူ သန်းပေါင်းများစွာဟာ မဲရုံတွေကိုသွားပြီး မဲပေးခဲ့ကြတဲ့ ရွေးကောက်ပွဲပါ။ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ၊ ရဲတွေနဲ့ စစ်သားတွေ အပါအဝင် လူပေါင်း ၂၆ ယောက် သေဆုံးခဲ့တယ်လို့ အာဖဂန်အစိုးရက ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် စတိဗ် ဟာမန်း (Steve Herman) သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

အာဖဂန်နိုင်ငံတဝန်းက ပြည်နယ် ၁၅ ခုမှာ တိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့်လည်း ရွေးကောက်ပွဲဟာ အောင်မြင်တယ်လို့ အာဖဂန်သမ္မတ ကာဇိုင်း (Karzai) က ပြောကြားလိုက်ပါတယ်။

“အာဖဂန်ပြည်သူတွေဟာ ဒုံးကျည်တွေ၊ ဖောက်ခွဲမှုတွေ၊ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို သတ္တိရှိရှိ ရင်ဆိုင်ခဲ့ကြပါတယ်။ ဒီလို အဟန့်အတားတွေ ရှိခဲ့ပေမယ့်လည်း သူတို့တွေဟာ မဲရုံတွေကိုသွားပြီး မဲပေးခဲ့ကြတယ်” လို့ သမ္မတ ကာဇိုင်းက ပြောကြားသွားခဲ့ပါတယ်။

ကြိုတင်သဘောထား ကောက်ယူမှု စစ်တမ်းတွေအရ မစ္စတာကာဇိုင်းဟာ ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ ရေပန်းစားနေသူပါ။ သမ္မတသက်တမ်း ဒုတိယအကြိမ်အဖြစ် အရွေးခံဖို့နဲ့ ရွေးကောက်ပွဲ ဒုတိယအဆင့်ကို ရှောင်ရှားနိုင်ဖို့ ဆိုရင်တော့ မစ္စတာကာဇိုင်းဟာ မဲအရေအတွက် ၅၀% ကျော်ကို ရဖို့လိုပါတယ်။ ရွေးကောက်ပွဲရလဒ် တစိတ်တဒေသကိုတော့ တနင်္ဂနွေနေ့ မတိုင်ခင် သိရလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ကဘူးလ်မြို့က ဗလီတခုမှာ မဲပေးခဲ့တဲ့ အာမီယာ ခန်းက တာလီဘန်တွေဟာ ရွေးကောက်ပွဲပျက်အောင် ခြိမ်းခြောက်တာတွေ လုပ်ခဲ့၊ မဲပေးသူတွေရဲ့ လက်ချောင်းတွေကို ဖြတ်တာတွေ လုပ်ခဲ့ပေမယ့်လည်း ဒီလို ခြိမ်းခြောက်မှုတွေက သူ့ကို မဲမပေးနိုင်အောင် မဟန့်တားနိုင်ခဲ့ဘူးလို့ ပြောပါတယ်။

သူ့အနေနဲ့ လုံး၀ ကြောက်ရွံ့မှု မရှိကြောင်း၊ အစိုးရက လုံခြုံရေး အခြေအနေကို ကောင်းကောင်း ထိန်းသိမ်းထားနိုင်တာကြောင့် တာလီဘန်တွေကို ကြောက်စရာ ဘာအကြောင်းမှ မရှိဘူးလို့ ပြောပါတယ်။

မြို့တော် ကဘူးလ်နဲ့ တခြားနေရာတွေမှာ လုံခြုံရေးတွေ အပြည့်ချထားတာကြောင့် ဟိုတယ်တခုရဲ့ အမိုးပေါ်မှာ တိုက်ခိုက်ဖို့ လုပ်တာနဲ့ အစိုးရ ဝန်ကြီးရုံးတွေကို သိမ်းယူဖို့ လုပ်တာတွေကို ဟန့်တားနိုင်ခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်မှု အများစုဟာ မြို့တော် ကဘူးလ်နဲ့ ကန်ဒဟာမြို့ အပါအဝင် တခြား မြို့ကြီးတွေမှာ ဖြစ်ခဲ့တာပါ။ ကဘူးလ်မြို့နဲ့ အာဖဂန်နိုင်ငံ မြောက်ပိုင်းမှာ မဲပေးမှုက ပုံမှန်ဖြစ်ခဲ့ပေမယ့် တာလီဘန်တွေ အားကောင်းတဲ့ အာဖဂန်နိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာတော့ မဲပေးမှုတွေဟာ အလွန်နည်းခဲ့ပါတယ်။ အကြမ်းဖက်မှုတွေအပြင် မဲဝယ်တာတွေ၊ မဲခိုးတာတွေနဲ့ လိမ်ပြီးတော့ မဲပေးတာတွေလည်း ရှိခဲ့ပါတယ်။

သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် အရာရှိတွေက အမျိုးသမီးတွေရဲ့ မဲတွေကို ဖြည့်ပေးနေတာကို တွေ့ခဲ့တယ်လို့ ပါလီမန်အမတ် ဖော်ဇီယာ ကူဖီက ဗီအိုအေကို အခုလိုပြောပါတယ်။

“ရွေးကောက်ပွဲ အရာရှိတွေနဲ့ ဒေသခံ အာဏာပိုင်တွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ၊ မသမာလုပ်မှု အတိုင်းအတာတွေဟာ အတော်ကို များပါတယ်။ မဲရုံတွေကို ကျမ သွားခဲ့ပါတယ်။ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် အရာရှိတွေဟာ အမျိုးသမီးတွေကိုယ်စား မဲပေးတာတွေလုပ်တာ တွေ့ရတယ်။ ဒါဟာ ရွေးကောက်ပွဲရလဒ်နဲ့ အဲဒီရလဒ်တွေ အပေါ်မှာ အခြေခံပြီး ဖြစ်လာမယ့် အစိုးရအပေါ် အများယုံကြည် လက်ခံနိုင်မှုကို ထိခိုက်လာလိမ့်မယ်လို့ ထင်ပါတယ်။”

အာဖဂန်နိုင်ငံရဲ့ ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဇက်ခ်ရီယာ ဘာရတ်ခ်ဇိုင်း (Zekria Barakzai) က အဲဒီလို တိုင်တန်းမှုတွေကို အလေးအနက်ထားပြီး လုပ်ဆောင်နေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ဘယ်လို မဲလိမ်မှုမျိုးကိုမဆို ကျနော်တို့ စုံစမ်းစစ်ဆေးသွားမှာပါ။ ဒီလို သတင်းပေးတာ အတော်များများကို လက်ခံရရှိခဲ့ပြီးတော့ ဒါတွေကို ချက်ချင်းပဲ ဖြေရှင်းခဲ့ပါတယ်။”

ပြည်တွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်း ထောင်ပေါင်းများစွာက လေ့လာစောင့်ကြည့်သူတွေက ရွေးကောက်ပွဲ မဲပေးတာတွေနဲ့ မဲရေတွက်တာတွေကို စိစစ် စောင့်ကြည့်နေပါတယ်။ အဲဒီလို လေ့လာ စောင့်ကြည်သူတွေထဲက အထင်ရှားဆုံး ပုဂ္ဂိုလ်ကတော့ ကုလသမဂ္ဂ ထိပ်တန်းအရာရှိ ကိုင်း အိဒ် (Kai Eide) ဖြစ်ပါတယ်။

“ဒီနေ့ ကျနော် သိလိုက်ရတာကတော့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ အာဖဂန်ပြည်သူတွေရဲ့ လုပ်ရပ်ကတော့ တကယ့်ကို လေးစားလောက်ပါတယ်။ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကူညီဆောင်ရွက် ပေးခဲ့ကြတဲ့ သူတွေနဲ့ မဲပေးခဲ့ကြတဲ့သူတွေ အားလုံးဟာ အာဖဂန်နိုင်ငံရဲ့ အနာဂတ်ကို ဝိုင်းပြီးတော့ ပုံဖော်ခဲ့ကြတာပါပဲ။”

အာဖဂန်နိုင်ငံတဝန်းမှာ နေတိုးနဲ့ အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲ့အင်အား ၁၀၀,၀၀၀ ကျော် ရှိပါတယ်။ ရွေးကောက်ပွဲနေ့က ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉ ယောက်၊ ရဲ ၉ ယောက်နဲ့ စစ်သား ၈ ယောက် သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ၊ သေဆုံးမှုတွေ ရှိခဲ့ပေမယ့်လည်း အာဖဂန်နိုင်ငံရဲ့ ရွေးကောက်ပွဲဟာ အောင်မြင်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း အာဖဂန် ရွေးကောက်ပွဲဟာ ခြိမ်းခြောက်မှုတွေ ကြားကနေ အောင်မြင်ခဲ့တဲ့ ရွေးကောက်ပွဲတခုပဲလို့ ပြောဆိုလိုက်ပြီး အမေရိကန်စစ်တပ် အနေနဲ့ အာဖဂန်မှာရှိတဲ့ သူပုန်တွေကို ဆက်ပြီးတော့ ဖိအားပေးပြီး တိုက်ခိုက်သွားမယ်လို့ ကတိပေး ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG