စကော့တလန်နယ် လော့ကာဘီး (Lockerbie) မြို့ပေါ် ၁၉၈၈ ခုနှစ်က လေယာဉ်ပျက်ကျအောင် လေယာဉ်ဗုံးခွဲသူ လစ်ဗျား နိုင်ငံသားကို စကော့တလန်က စာနာသက်ညှာမှုနဲ့ ရက်စောပြီး ပြန်လွှတ်ပေးခဲ့ပြီးနောက် သူဟာ အခု လစ်ဗျားနိုင်ငံကို ပြန်ရောက်သွားပါပြီ။
လေယာဉ်ဗုံးခွဲသူ လစ်ဗျား ထောက်လှမ်းရေး အရာရှိဟောင်း အက်ဘ်ဒယ်လ် ဘာဆက် အလီ အယ်လ် မက်ဂရာဟီ (Abdel baset Ali Al Megrahi) ဟာ ထရီပိုလီ (Tripoli) လေဆိပ်ကို ကြာသပတေးနေ့ကပဲ ရောက်ရှိပါတယ်။
လစ်ဗျားနိုင်ငံတော်သီချင်း ဖွင့်ထားတာနဲ့အတူ လစ်ဗျားလူငယ် ရာပေါင်းများစွာက သူ့ရဲ့ဓာတ်ပုံတွေ၊ လစ်ဗျားအလံတွေကို ဝှေ့ယမ်းပြီး လေဆိပ်မှာ စောင့်ကြိုနေခဲ့ကြပါတယ်။
အခုလို သူ့ကို ပြန်ပြီးလွှတ်ပေးဖို့ စကော့တလန်က ဆုံးဖြတ်ခဲ့တာဟာ မှားယွင်းတယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။ လစ်ဗျားအစိုးရ အနေနဲ့လည်း မက်ဂရာဟီကို မကြိုဆိုသင့်ကြောင်းနဲ့ သူ့ကို နေအိမ်အကျယ်ချုပ် ချထားသင့်တယ်လို့ သမ္မတအိုဘားမားက အမေရိကန် ရေဒီယို သတင်းထောက်တယောက်ကို ပြောခဲ့ပါတယ်။
မက်ဂရာဟီကို ရက်မပြည့်ခင် ပြန်လွှတ်ပေးလိုက်တဲ့အတွက် တရားဥပဒေအတိုင်း သူခံသင့်သလောက် မခံခဲ့ရဘူးလို့လည်း အိုဘားမားအစိုးရ ထိပ်တန်းအရာရှိတယောက်က ပြောပါတယ်။
လေယာဉ်ဗုံးခွဲသူ မက်ဂရာဟီဟာ ဆီးကျိတ်ကင်ဆာနဲ့ လပိုင်းအတွင်း ကွယ်လွန်တော့မှာဖြစ်လို့ လွတ်ရက်မစေ့ခင် ပြန် လွှတ်ပေးလိုက်တယ်လို့ စကော့တလန် တရားသူကြီး ကန်နီ မက်အတ်စ်ကေးလ် (Kenny MacAskill) က အီဒင်ဘာ့ (Edinburh) မြို့တော်မှာ ကြာသပတေးနေ့က ကြေညာပါတယ်။
လွန်ခဲ့တဲ့ ၂၁ နှစ်က PanAM လေယာဉ် ၁၀၃ လန်ဒန်ကနေ နယူးယောက်ကိုအသွား ဝေဟင်မှာ ပျံသန်းနေစဉ် ဗုံးပေါက်ကွဲ ပြီး စကော့တလန်နယ် လော့ကာဘီးမြို့ပေါ် ပျက်ကျခဲ့တဲ့အတွက် စုစုပေါင်း ၂၇၀ သေဆုံးခဲ့ရပါတယ်။ ဒီအမှုအတွက် ဗုံးခွဲသူ မက်ဂရာဟီကို ထောင်ဒဏ်တသက် ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။