သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧည့်သည်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းချက်တောင်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စည်းကမ်းသတ်မှတ်ချက် တွေနဲ့အညီ နေအိမ်မှာ ပြန်နေဖို့ဆိုပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညွှန်ကြားခဲ့ပေမယ့် တချို့သတ်မှတ်ချက်တွေပေါ် မရှင်းလင်းတဲ့ အတွက် အာဏာပိုင်တွေ ဆီကနေ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းချက် တောင်းခံထားပါတယ်။ အဓိက မရှင်းလင်း တာကတော့ ဧည့်သည်တွေနဲ့ တွေ့ခွင့်ပြုတာနဲ့ဆိုင်တဲ့ အချက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက မေးမြန်း စုံးစမ်းထားပါတယ်။

အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်တော က သူ့သဘောနဲ့သူ နေအိမ်ထဲကို တိတ်တဆိတ် ရေကူးဝင်ရောက် လာခဲ့ပြီးတဲ့ နောက် နေအိမ်မှာ အထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်တားမြစ်မိန့်ကို ဖောက်ဖျက်တယ် ဆိုပြီး ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရပါတယ်။ အဲဒီနောက်မှာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သက်ညှာ ထောက်ထားပြီးတော့ ဆိုပြီး ထောင်ဒဏ်ကို ထက်ဝက်လျှော့၊ အဲဒီထက်ဝက်ကိုလည်း ဆိုင်းငံ့ထား၊ နေအိမ်မှာ စည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ပြန်နေစေဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမတို့ကို အိမ်ပြန်ပို့ ခဲ့တာပါ။

ဒီနေရာမှာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ဆိုတဲ့အထဲ ကြိုတင်ခွင့်ပြုချက်ရတဲ့ ဧည့်သည်တွေနဲ့ တွေ့ခွင့်ရှိတယ် ဆိုတဲ့ အချက် ပါပါတယ်။ ဒါပေမယ့်လည်း ခွင့်ပြုချက်ကို တွေ့ချင်တဲ့လူက တောင်းခံရမှာလား၊ ဒေါ်အောင်ဆန်းစုကြည်က တောင်း ခံရမှာလားဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားတဲ့အတွက် ရှင်းလင်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင် တွေဆီကို အကြောင်း ကြားထားတယ်လို့ အကျိုးဆောင်ရှေ့နေတဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ သွားတာအပြင်ကို ဧည့်သည်တွေကို ခွင့်ပြုတာတွေကို၊ အဲဒီစာမှာ မရှင်းသေးဘူး။ ဒီဟာကို ရှင်းရှင်းလင်းလင်း ပြောဖို့လုပ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားတယ်လို့လည်း သိရတယ်။"

ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်ရောက်ပြီးကာမှ ဦးဉာဏ်ဝင်းတို့ ရှေ့နေအဖွဲ့နဲ့ ပထမအကြိမ်တွေ့ဆုံခဲ့ကြပြီးပါပြီ။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက်ပိုင်းမှာဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်တွေကို ပြောပြီးတော့ အာဏာပိုင်တွေကနေ ဦးဉာဏ်ဝင်းတို့ကို လာအကြောင်းကြားခဲ့တာကြောင့် သွားတွေ့ခဲ့ကြတာပါ။ အခု ဒီသီတင်းပတ်ထဲမှာ ပြန်တွေ့ကြမယ်လို့ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပေမဲ့ ဒီကနေ့ထိတော့ ဘာမှအကြောင်းမကြားသေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

စည်းကမ်းသတ်မှတ်ချက်ထဲမှာ မြန်မာ့ရုပ်မြင်သံကြားကြည့်ရှုခွင့်ရှိတယ်၊ တရားဝင်ထုတ်ဝေတဲ့ သတင်းစာတွေ ဖတ်ခွင့် ရှိတယ်လို့ ပါရှိပေမဲ့ ရေဒီယိုနားထောင်ခွင့်နဲ့ ပတ်သက်လို့ ဘာမှဖော်ပြမထားသလို ဒေါ်အောင်ဆန်းစုကြည် ဆီမှာ ရေဒီယို ရှိမရှိလည်း သူ သေချာမသိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမယ့် ရုပ်မြင်သံကြားတော့ သူမတွေ့မိပါဘူးလို့ ပြောပါတယ်။

"ဟုတ်တယ်။ မပါဘူး။ ကျနော်လည်း သိပ်တော့မသိဘူးဗျ။ ရှိမရှိ။ တီဗွီလည်း ကျနော် မတွေ့ဘူး။"

သတ်မှတ်ချက်တွေထဲမှာ ဆရာဝန်တို့၊ သူနာပြုတို့နဲ့တွေ့ခွင့်ရှိတာတွေပါဝင်ပါတယ်။ အိမ်ပြန်ရောက်ပြီးတဲ့နောက် အာဏာပိုင်တွေ က ဆရာဝန်တဦးကို လွှတ်ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သူတွေ့နေကျ ဆရာဝန် မဟုတ်တဲ့အတွက် လက်မခံခဲ့ပါဘူး။

"ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ သူ ကုသနေကျဆရာဝန်နဲ့ပဲ သူ ကုသချင်တယ်လို့ ကျနော်တို့ သိတယ်။"

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပါ။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်မပို့ခင်မှာ နေအိမ်ခြံဝင်းကိုရှင်းလင်းတာ၊ အင်းလျားကန်ဘက်ခြမ်းမှာ ခြံစည်းရိုး ကာတာတွေ ကို အာဏာပိုင်တွေက လုပ်နေပါတယ်။ လုံခြုံရေးကတော့ အရင်ကာလတွေတုန်းကပဲ တင်းကျပ်ထားပြီး အစောပိုင်းမှာ NLD လူငယ်အဖွဲ့ဝင်နှစ်ဦးကို လုံခြုံရေးအဖြစ် လက်ခံခဲ့သေးပေမဲ့ နောက်ပိုင်းမှာတော့ ဘာအကြောင်း ကြောင့်မှန်း မသိရဘဲ ဆက်ပြီး လက်မခံတော့ဘူးလို့ ဦးဉာဏ်ဝင်းကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထပ်ပြီး ချမှတ်ခံရတဲ့ထိဖြစ်စေခဲ့တဲ့ အဓိက လက်သည်ဖြစ်သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်တော ကတော့ အခုဆိုရင် သူ့ရဲ့နေအိမ်ကို ပြန်ရောက်သွားပြီဖြစ်ပြီး မိသားစုနဲ့အတူ ရှိနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရပ်အတွက် နောင်တမရပါဘူးလို့ မစ္စတာယက်တောက ပြောဆိုထားသလို လိုအပ်ဦးမယ် ဆိုရင် နောက်ထပ် အကြိမ်ရာ နဲ့ချီပြီး လုပ်ရဦးမယ်ဆိုရင်လည်း အလားတူ လုပ်ဦးမှာပါလို့ ပြောကြောင်း သူ အမေရိကန် ပြည်ထောင်စု ကို ရောက်တဲ့အချိန်မှာ ပြောတာတွေကို သတင်းတွေမှာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုအချိန်မှာ ချမှတ်ခံထားရတဲ့ ထောင်ဒဏ်ကို အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG