ဗမာတပ်မတော်ဟာ နည်းပညာပိုင်းဆိုင်ရာမှာ ခေတ်နောက်ကျနေတာမို့ ရုရှား (Russia) တပ်မတော်ရဲ့ နည်းပညာနဲ့ လက်နက်ပစ္စည်းတေါ ရယူနေရကြောင်း ၂၀၀၈ ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့က ဘုရင်နောင်ရိပ်သာမှာ ကျင်းပတဲ့ ရုရှားမြန်မာအစည်းအဝေး လျှို့ဝှက်မှတ်တမ်းလို့ဆိုတဲ့ စာတမ်းမှာ ဖော်ပြပါတယ်။ ရုရှား-မြန်မာဆွေးနွေးပွဲမှာ မြန်မာဘက်က ဗိုလ်ချုပ်ကြီးသူရရွှေမန်း ရုရှားဘက်က ဗိုလ်မှုးကြီး စီမီနီခင် တို့က ဦးဆောင်ကြပါတယ်။ နိုင်ငံခြား မီဒီယာကို ရောက်လာတဲ့ စစ်အစိုးရရဲ့ လျှိုဝှက်မှတ်တမ်းတခုပါပဲ။
ဗမာစစ်တပ်ကို ခေတ်မီလက်နက်ကိုင်ဆောင်တဲ့ စစ်တပ်ကြီး ဖြစ်လာအောင် ကြိုးပမ်းရာမှာ လက်နက်ပစ္စည်းကို ဝယ်ယူရုံနဲ့ မလုံလောက်သေးပဲ မိမိကိုယ်တိုင်ထုတ်လုပ် ထိန်းသိမ်းနိုင်ဖို့လည်း လိုအပ်တာမို့ ၂၀၀၇ က စပြီးနှစ်စဉ် သင်တန်းသား (၁၀၀၀) ကျော် ရုရှားကို စေလွှတ်နေတယ်လို့ သိရပါတယ်။ ရုရှား-မြန်မာ စစ်ဘက်နည်းပညာပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ကတဆင့် ဗမာစစ်တပ်ကို ခေတ်မီအောင်လုပ်ရမယ်လို့ ဆိုပါတယ်။ ခေတ်မီလက်နက်ပစ္စည်း၊ ရဟတ်ယာဉ်၊ လေယာဉ်တွေ မြန်မာပြည်မှာ ထုတ်လုပ်နိုင်အောင် ကူညီနိုင်တယ်လို့ ရုရှားဘက်က ကမ်းလမ်းပါတယ်။
ခေတ်မီလက်နက်ပစ္စည်းဆိုတာ နောက်ဆုံးပေါ် လက်နက်ကြီးတွေကို ဆိုလိုတာပါ။ ဒုံးလက်နက်ကို ဗမာဘက်က အထူးစိတ်ဝင်စားပါတယ်။ လိုအပ်သလို ပစ်ခတ်နိုင်တဲ့ guided missile ဒုံးလက်နက်စနစ်ကို မြန်မာပြည်မှာ ထုတ်လုပ်လိုတဲ့အတွက် အကူအညီပေးဖို့ ဒု-ဗိုလ်ချုပ်မှုးကြီးမောင်အေးတို့အဖွဲ့က ၂၀၀၆ ဧပြီလ ရုရှားခရီးစဉ်မှာ တင်ပြခဲ့ပါတယ်။ မြေပြင်က မြေပြင်ပစ် ဒုံးလက်နက်အများအပြား ထုတ်လုပ်ရင် တိုင်းရင်းသားလက်နက်တွေထက် အမြဲတမ်း တပန်းသာနေမယ်လို့ ယုံဆပုံရပါတယ်။
လက်နက်ပစ္စည်း ဝယ်ယူရုံတင်မကပဲ သင်တန်းသားအများအပြား နိုင်ငံခြားကို စေလွှတ်တာဟာ လက်ရှိစစ်အစိုးရရဲ့ ထူးခြားချက်တခုပါပဲ။ လွတ်လပ်ရေးရချိန်က ၁၉၆၂ စစ်အာဏာသိမ်းချိန်အထိ (၁၄) နှစ်ကာလမှာ စစ်မှုထမ်း (၂၀၀၀) နီးပါး နိုင်ငံခြားမှာ သင်တန်းတက်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်က ၁၉၈၈ ခုနှစ်အထိ ဗိုလ်ချုပ်နေဝင်းကြီးစိုးတဲ့ မဆလခေတ် (၂၅) နှစ်မှာတော့ စစ်မှုထမ်း (၅၀၀) လောက်သာ နိုင်ငံခြားမှာ သင်တန်းတက်နိုင်ခဲ့ပါတယ်။ လက်ရှိ စစ်အစိုးရလက်ထက် ၁၉၉၀ ကနေ ၂၀၀၀ အထိ (၁၀) နှစ်ကာလမှာတင် စစ်မှုထမ်း (၁၀၀၀) နီးပါး နိုင်ငံခြားမှာ သင်တန်းတက်ခဲ့ပါတယ်။ ဒီအထဲမှာ (၆၀၀) ကျော်က တရုတ်ပြည်ကို သွားရပြီး ကျန်တဲ့လူတွေက အိန္ဒိယ (India) - ပါကစ္စတန် (Pakistan) - စင်္ကာပူ (Singapore) နဲ့ ယူဂိုစလားဗီးယား (Yugoslavia) ကို သွားခဲ့ကြပါတယ်။ အဲဒီတုန်းက ရုရှားကိုသွားတဲ့ စစ်မှုထမ်းဟာ (၃) ကျော်သာ ရှိပါသေးတယ်။
တရုတ်စစ်ပစ္စည်းအဝယ်များချိန်မှာ တရုတ်ပြည်မှာ သင်တန်းတက်တဲ့ စစ်ှုထမ်းတွေများလာပြီး ရုရှားပစ္စည်းအဝယ်များချိန်မှာ ရုရှားမှာ သင်တန်းတက်တဲ့ စစ်မှုထမ်းဦးရေများလာတာ တွေ့ရပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ရုရှား-အိန္ဒိယ နဲ့ ယူခရိန်း (Ukraine) လုပ်စစ်ပစ္စည်းတွေကို အဝယ်များလာပါတယ်။ တရုတ်လုပ် F-7 ချန်ဒူး (Chengdu) တိုက်လေယာဉ် အစင်း (၅၀) ကို ဗမာလေတပ်က ဝယ်ထားပေမယ့် ဒုက္ခပေးလွန်းပြီး ပျက်ကျသေဆုံးတာတွေ ရှိလာလို့ အစ္စရေး (Israel) က ပြင်ဆင်မွန်းမံပေးရတယ်လို့ သိရပါတယ်။
ဗမာစစ်တပ်ဟာ တင့်ကားအစီး (၄၀၀) လောက် တရုတ် နဲ့ ယူခရိန်း က ဝယ်ယူထားတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ APC ခေါ် လူစီးသံချပ်ကာကား အစီး (၃၀၀) တရုတ်ဆီက ဝယ်ယူထားပြီး ယူခရိန်းအကူအညီနဲ့ မြန်မာပြည်မှာ အစီး (၁၀၀၀) လောက် ထုတ်လုပ်ဖို့ အစီအစဉ် လုပ်ထားတယ်လို့ ခန့်မှန်းကြပါတယ်။ လေးလံနှေးကွေး တင့်ကား နဲ့ သံချပ်ကာကားတွေကို အသုံးပြုပြီး တောတောင်ထူထပ်တဲ့ နေရာမှာ စခန်းချနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါ။ ဒါကြောင့် တင့်ကား နဲ့ လူစီးသံချပ်ကာကားတွေကို မြို့နေလူထုအုံကြွမှု နှိမ်နှင်းရာမှာ အသုံးပြုဖို့ ရည်ရွယ်တာပဲ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။
တရုတ်-အိန္ဒိယ-အစ္စရေး နဲ့ မြောက်ကိုရီးယား (North Korea) လုပ် အမြောက်ကြီးငယ်အမျိုးမျိုး အစိုးရတပ်မှာရှိပေမယ့် ကရင်ပြည်နယ် စစ်ဆင်ရေးမှာ ၁၂၀ မမ မော်တာကိုသာ အသုံးပြုကြောင်း သိရပါတယ်။ စစ်လေယာဉ်ကိုလည်း အသုံးပြုတာ မတွေ့ရဘူးလို့ ဆိုပါတယ်။ ခြေလျင်လျှောက်ပြီး တိုက်ခိုက်နေတဲ့ ဗမာစစ်တပ်ဟာ လက်နက်ကြီးတွေကို ယူဆောင်ဖို့ အခက်အခဲရှိဟန် တူပါတယ်။ အဓိကအချက်ကတော့ ပြောက်ကြားစနစ်နဲ့ အမြဲတမ်းလှုပ်ရှားပြီး နယ်မြေကျွမ်းကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ခေတ်မီလက်နက်ကြီးတွေနဲ့ မတိုက်တာပဲ ဖြစ်ပါတယ်။
အစိုးရစစ်ဆင်ရေးမှာ တကယ်အသုံးဝင်နေတာဟာ တရုတ် နဲ့ ဂျပန်ဆီကရထားတဲ့ ထရပ်ကား (truck car) တွေသာ ဖြစ်ပါတယ်။ တပ်မ၊ တပ်ရင်း ရွှေ့ပြောင်းရာမှာ ထရပ်ကားတွေကို သုံးနိုင်တာကြောင့် စစ်ဆင်ရေးမှာ မကြာခဏ လူလဲပေးနိုင်ပါတယ်။ ထောက်ပို့ပစ္စည်း သယ်ယူပို့ဆောင်ရာမှာလည်း အဆင်ပြေပါတယ်။ ဒါကြောင့် ခေတ်မီလက်နက်ရှိတိုင်း စစ်မြေပြင်မှာ အသုံးတည့်တာ မဟုတ်ပါဘူး။
အာဖဂန် (Afghan) ပြည်တွင်းစစ်မှာ ဒေသခံ မူဂျာဟီဒင် (Mujahideen) ပြောက်ကျားတွေကို အမေရိကန်က ဒုံးလက်နက်တွေ ထောက်ပံ့တဲ့အတွက် ဆိုဗီယက် (Soviet) တပ်ကြီး ဆုတ်ခွာသွားခဲ့ရတဲ့ သမိုင်း သာဓကရှိခဲ့ပါတယ်။