သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲ အတွက် စစ်အစိုးရ တဖက်သတ် ပြင်ဆင်


စစ်အစိုးရက ၂၀၁၀ ခုနှစ်မှာကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် စည်းမျဉ်း ဥပဒေတွေ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမဲ့ တချို့ဒေသတွေမှာ သူတို့ဖက်ကတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ကရင် ပြည်နယ် ကော့ကရိတ်ဒေသဘက်မှာဆိုရင် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတွေတောင် ကြိုတင် သတ်မှတ် နေ ကြပြီ လို့ မကြာခင်က အဲဒီဒေသကို သွားရောက်ခဲ့တဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဗွီအိုအေကို ပြောပြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ဘက်ကို သွားရောက်ခဲ့တဲ့ NLD လွှတ်တော်အမတ်ကတော့ သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒ နယ်မြေ အမှတ် (၁) ကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ဖြစ်ပါတယ်။ သူ ကော့ကရိတ် မြို့ ကို ရောက်တဲ့အခါမှာ ဒေသခံတွေက သူ့ကို ပြောပြခဲ့တာတွေနဲ့ပတ်သက်လို့ သူက အခုလို ပြောပြပါတယ်။

“ဘယ် မဲဆန္ဒနယ်မှာ ဘယ်သူ့ကို ကြိုလျာထားတယ်၊ ဘယ်သူ့ကို ဘယ်လို ဆိုတာတွေ သူတို့လူထုတွေက နံမည်တွေနဲ့ကို ကျနော့်ကို ပြောကြပါတယ်။ ကျနော်ကတော့ တလုံးပဲ အံအားသင့်ပြီး ပြန်ပြောတာရှိတယ်။ ဘယ်မှာလဲ ရွေးကောက်ပွဲ ဥပဒေ၊ အဲဒါတွေ မထွက်ဘဲနဲ့ ကြိုတင် လျာတယ်။ ရွေးကောက်ပွဲအတွက် စည်းရုံးလှုပ်ရှားတယ်ဆိုတာ သဘာဝလည်း မကျဘူး။ ဒါမျိုးက တရားမျှတမှု ကင်းမဲ့ရေးကို ဦးတည်သွားနိုင်တယ်လို့ ကျနော် သူတို့ကိုတော့ ရှင်းလင်းပြခဲ့ပါတယ်။ သူတို့ ပြောတဲ့အရ ဆိုရင်တော့ အဲဒီဒေသမှာ တကြိမ်တခါက တာဝန်ပေးအုပ်စိုးသွားတဲ့ အရာရှိဟောင်းကြီးတွေပေါ့၊ ဥပမာ - ကော့ကရိတ်ကို ဘယ်သူ၊ ဖားအံကို ဘယ်သူ၊ လှိုင်းဘွဲ့ကို ဘယ်သူ၊ ကြာအင်းဆိတ်ကြီးကို ဘယ်သူပေါ့ဗျာ။ သူတို့ နံမည်တွေ နဲ့ ပြောပါတယ်။ အရာရှိဟောင်းတွေပေါ့ဗျာ။”

ဒါပေမယ့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အတွေ့အကြုံအရ အနိုင်ရခဲ့တဲ့ NLD ပါတီကို စစ်တပ်က အာဏာလွဲပြောင်းပေးဖို့ ပျက်ကွက်ခဲ့တာတွေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးကိစ္စမှာ ဒေသခံအများစုက ကန့်ကွက်မဲ ပေးခဲ့ကြ ပေမဲ့ အာဏာပိုင်တွေဘက်က ထောက်ခံမဲ အများစုရခဲ့တဲ့အကြောင်း အဓမ္မ ကြေညာခဲ့တာတွေကြောင့် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာလည်း အလားတူ အဖြစ်မျိုးနဲ့ ရင်ဆိုင်ရမှာ လူထုအနေနဲ့ စိုးရိမ် ပူပန်နေတဲ့အကြောင်း ပြောပြပါတယ်။

“ကျနော်တို့အဖွဲ့ဝင်တွေရော၊ ဒေသခံပြည်သူတွေရောက သူတို့စိုးရိမ်ချက်တခု ရှိပါတယ်။ ဒါက ဘာလဲဆိုတော့ ပူပူနွေးနွေး ပြန်ပြောရင် ၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲလို သူတို့ဆုံတွေ့ရမယ့်ဟာမျိုး အခြေအနေမျိုးကို မလိုလားဘူး။ ဥပမာ သူတို့ ပြောင်ပဲ ပြောတယ်ဗျာ။ သူတို့မဲပေးတဲ့အချိန်တုန်းက ကန့်ကွက်မဲ ၇၅ % ကျော် ပေးခဲ့တယ်။ အဲဒီ ကန့်ကွက်မဲတွေကို ဒါနဲ့ ပတ်သက် ပြီးတော့ တကယ်ထွက်ပေါ်လာတဲ့ ရလဒ်ကျတော့ သူတို့ အံ့အားသင့်ပြီးတော့ မကျေနပ်မှုတွေ ဖြစ်ခဲ့ရတယ်။ အဲဒါမျိုးတွေကို နောက်လာမယ့်ရွေးကောက်ပွဲတွေမှာ သူတို့ မဖြစ်စေချင်ဘူး။ ၁၉၉၀ ခုနှစ် ရွေးကာက်ပွဲတုန်းကလည်း သူတို့ တောင်ပေါ် ကနေ ဆင်းပြီးတော့ မဲရုံရှိရာကို လာတယ်။ အပင်ပမ်းခံပြီး ရွာစင်ဖြတ်လာကြတယ်။ အမျိုးမျိုးသော အကျပ်အတည်းတွေ ကြားထဲက သူတို့ မဲရုံရောက်အောင်လာတယ်။ ဒါပေမယ့် သူတို့ ပေးလိုက်တဲ့ မဲတွေက အခု အနှစ် ၂၀ ကာလအထိ အချည်းနှီး ဖြစ်နတဲ့ အဖြစ်မျိုးကိုတော့ နောက်ထပ် သူတို့ ဒီအပေါ်မှာ သံသယဝင်နေတာရှိတယ်။ အဲဒီတော့ သူတို့ ဒေသခံ လူထုအနေနဲ့ ဒီတိုင်းပြည်မှာ ကြုံနေတဲ့ နိုင်ငံရေးပြဿနာကိုတော့ ငြိမ်းငြိမ်းချမ်းချမ်း တရားဥပဒေဘောင်အတွင်းက ဖြေရှင်းတဲ့ဟာကိုတော့ ဒေသခံလူထုက အင်မတန် လိုလားပါတယ်။”

အရင်ကတော့ ဒီဒေသမှာ ပေါ်တာဆွဲ၊ လုပ်အားပေးတွေ အရမ်းများခဲ့ပေမယ့် အခုတော့ နိုင်ငံတကာက သတင်းမီဒီယာ တွေက ဒီကိစ္စတွေကို ထုတ်ဖော်ပြောဆိုမှုတွေ လုပ်ဆောင်လာတာ၊ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ကို တိုင်ကြားခွင့် ရလာတွေ ကြောင့် ပေါ်တာဆွဲ လုပ်အားပေးခိုင်းစေတာတွေ ဒီဒေသမှာ သိသိသာသာ နည်းလာတယ်လို့ ဆိုပါတယ်။

“ခုကျတော့ သတင်းမီဒီယာတွေရဲ့ သတင်းလွှင့်မှုတွေ၊ အိုင်အယ်လ်အိုရဲ့ ဆောင်ရွက်မှုတွေကြောင့် အခု ကျနော်တို့ဘက်မှာ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းတာတွေ မရှိသလောက် ဖြစ်သွားပြီ။ မရှိတော့ဘူးလို့တောင် ဆိုနိုင်တဲ့အဆင့် ရှိတယ်လို့ မြို့ခံတွေက ပြောကြတယ်။”

ဒီလို ပေါ်တာဆွဲတာတွေ လုပ်အားပေး ခိုင်းစေတာတွေ နည်းလာတာဟာ တနည်းအားဖြင့် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ မှာ လူထုက စစ်တပ်ကို ထောက်ခံလာအောင် တမင်စည်းရုံးရေး လုပ်ဆောင်တာလား ဆိုတာတော့ အတိအကျ မသိနိုင်ပါ ဘူး။ ဒါပေမဲ့ ဒီအပေါ်မှာ ဒေသခံလူထုကတော့ ကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။

စစ်အစိုးရက သူတို့ရဲ့ လမ်းပြမြေပုံအစီအစဉ်အရ လာမယ့် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတဲ့အကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားပေမဲ့ ခုချိန်ထိ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို ထုတ်ဖော် ကြေညာခြင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG