သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်စစ်ပွဲအပေါ် အမေရိကန်လူထုထောက်ခံမှု ကျဆင်း


ပြီးခဲ့တဲ့အပတ်က လုပ်တဲ့ အာဖဂန် အထွေထွေရွေးကောက်ပွဲ ကာလအတွင်း အကြမ်းဖက်မှုများနဲ့ တင်းမာမှုတွေ ရှိခဲ့ပေမဲ့ လည်း အာဖဂနစ္စတန်ရဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေရတယ်လို့ သမ္မတအိုဘားမား အစိုးရအဖွဲ့က ပြော လိုက်ပါတယ်။ ဒီအတောအတွင်းမှာပဲ အာဖဂန်စစ်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်ပြည်သူတွေ ထောက်ခံမှု လျော့ကျလာ တဲ့ လက္ခဏာကြောင့် အမေရိကန် စစ်ဘက်တာဝန်ရှိသူတွေက စိုးရိမ်ပူပင်ကြောင်း ဝန်ခံခဲ့ကြပါတယ်။ သမ္မတ အိမ်ဖြူတော် ကနေ ဗွီအိုအေ သတင်းထောက် Paula Wolfson သတင်းရေးသားပေးပို့ချက်ကို ကိုသားညွှန့်ဦး က တင်ပြပေးပါတယ်။

စီအန်အန် ရုပ်မြင်သံကြားဌာနနဲ့ မေးမြန်းခန်းတခုမှာ အာဖဂန် အခြေအနေဟာ စိုးရိမ်စရာ ယိုယွင်း ပျက်စီးနေတယ်လို့ အမေရိကန် စစ်ဘက် ထိပ်တန်းတပ်မှူးကြီး ရေတပ်ဗိုလ်ချုပ်ကြီး Mike Mullen က ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။ အန်ဘီစီ ရုပ်မြင်သံကြား မေးမြန်းခန်းမှာတော့ အခုလို အခြေအနေကြောင့် အမေရိကန်လူထုရဲ့ တုံ့ပြန်ချက် သဘောထားနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ကြီးမူလန်ကို သတင်းထောက်က မေးမြန်းပါတယ်။ ဝါရှင်တန်ပို့စ် သတင်းစာကြီးနဲ့ အေဘီစီ ရုပ်သံ ဌာနတို့ က လုပ်တဲ့ မကြာခင်က လူထုစစ်တမ်းတွေမှာတော့ ဖြေကြားသူ ၅၀ ရာခိုင်နှုန်းကျော်က ဒီ အာဖဂန်စစ်ပွဲဟာ တိုက်သင့်တဲ့ စစ်ပွဲ မဟုတ်တော့ဘူးလို့ တုံ့ပြန်ခဲ့ကြပါတယ်။

အခုလိုမျိုး အာဖဂန်စစ်ပွဲကို လူထုထောက်ခံမှု လျော့ကျလာတာဟာ စိုးရိမ်စရာ အခြေအနေဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး ဦးစီးအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး မူလန်က ပြောသွားပါတယ်။

“ကျွန်တော်ကိုယ်တိုင်ဟာ ဗီယက်နမ် စစ်ပြန်တဦးပါ။ ဒီစစ်ပွဲရော ဘယ်စစ်ပွဲ မဆိုပါ အမေရိကန်လူထု ထောက်ခံမှုဟာ အလွန်တရာ အရေးကြီးတယ်ဆိုတာ ကျိန်းသေ သတိပြုထားပါတယ်။ ဒါကြောင့်လည်း အခု ကိန်းဂဏန်းဟာ စိုးရိမ်စရာပါ။”
ဒါပေမဲ့လည်း အစိုးရအနေနဲ့ အာဖဂန်မှာ မဟာဗျူဟာအသစ် တရပ် ချမှတ်ထားပြီး၊ ဒါကို ရှေ့တိုး လုပ်ဆောင်သွားမယ်လို့ ဗိုလ်ချုပ်ကြီးမူလန်က ပြောပါတယ်။ ဒေသအတွင်း စစ်သွေးကြွရဲ့ ခြိမ်းခြောက်မှုကြောင့် အမေရိကန်တပ်တွေ ဆုတ်ခွာသွား လို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

“အာဖဂနစ္စတန်ဟာ တာလီဘန်တွေနဲ့ အစွန်းရောက်တွေ ပြန်ပြီး အာဏာထိန်းချုပ်သွားနိုင်တဲ့ အလားအလာ အခြေအနေ မှာ ရှိပါတယ်။ ဒီခြိမ်းခြောက်မှုကြီးက အခုအချိန်အထိ ရှိတုန်းပါပဲ။ အစွန်းရောက်တွေဟာ ဖြစ်နိုင်သမျှ အမေရိကန် နိုင်ငံသားတွေကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ် အကွက်ချနေတုန်းပါ။”

အိုဘားမား အစိုးရဟာ အခု ဒီနှစ်အတွင်း အာဖဂနစ္စတန်ကို နောက်ထပ် ထောင်နဲ့ချီတဲ့ အမေရိကန်စစ်သားတွေ စေလွှတ် ခဲ့ပါတယ်။ အဲဒီက အမေရိကန် တပ်မှုးသစ် ဗိုလ်ချုပ်ကြီး Stanley McChrystal အနေနဲ့ သမ္မတအိမ်ဖြူတော်ကို သူ့ရဲ့ ပထမဆုံး အစီရင်ခံစာ လာမယ့် သတင်းပတ်တွေအတွင်းမှာ တင်သွင်းမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအစီရင်ခံစာကနေ အာဖဂန်မှာ ထားရှိမယ့် အမေရိကန်စစ်သည် အရေအတွက်ကိစ္စ အငြင်းပွား ဆွေးနွေး လာစရာရှိပါတယ်။

အခု သတင်းပတ် အေဘီစီ ရုပ်သံရဲ့ This Week အစီအစဉ် မေးမြန်းခန်းမှာတော့ အထက်လွှတ်တော် လက်နက်ကိုင် တပ်များ ဆိုင်ရာ ကော်မတီက ထိပ်တန်း ရီပတ်ပလင်အမတ် John McCain က နောက်ထပ်စစ်အင်အားတွေ ရောက်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

အီရတ်မှာ စစ်အင်အား တိုးမြှင့်ချထားတုန်းကလို သဘောထား ပြင်းပြင်းထန်ထန်နဲ့ ချဉ်းကပ်ဖို့ Mr.McCain က လိုလား ပါတယ်။

“အီရတ်မှာ ဗိုလ်ချုပ်ကြီး Petraeus လုပ်ခဲ့သလိုပဲ အခုဗိုလ်ချုပ်ကြီး McChrystal လည်း လုပ်သင့်တယ်လို့ ထင်ပါတယ်။ အဲဒီ တုန်းက သူ့အတွက် လိုအပ်တဲ့ စစ်အင်အား အရေအတွက်ကို ဆုံးဖြတ်ပြီး တင်ပြတယ်။ လွှတ်တော်မှာ ငြင်းခုံ ဆွေးနွေး တယ်။ နောက်ဆုံးအဖြေကို သမ္မတက ဆုံးဖြတ်ပေးခဲ့တယ်။”

အာဖဂနစ္စတန်နဲ့ ပတ်သက်လို့ အိုဘားမား အစိုးရက သုံးချောင်းထောက်မူနဲ့ ချဉ်းကပ်ပါတယ်။ နိုင်ငံရေးတိုးတက်မှု၊ ဖွံ့ဖြိုး တိုးတက်မှုနဲ့ လုံခြုံရေးအခြေအနေ တိုးတက်မှုတို့ ဖြစ်ကြပါတယ်။ Karl Eikenberry ဟာ အငြိမ်းစား ဗိုလ်ချုပ်ကြီး တဦး ဖြစ်ပြီး အခုတော့ အာဖဂနစ္စတန်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဖြစ်လာသူပါ။ အခု အာဖဂန်သမ္မတ ရွေးကောက်ပွဲဟာ သမိုင်းဝင်ဖြစ်ခဲ့တယ်လို့ အခုအပတ် Meet the Press ရုပ်သံအစီအစဉ်မှာ သူက ပြောသွားပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ တာလီဘန်တွေရဲ့ ခြိမ်းခြောက်နှောက်ယှက်မှု ဘယ်လောက် ရင်ဆိုင်ခဲ့ရသလဲဆိုတာကိုလည်း ပြောသွားပါတယ်။

“အာဖဂန်ပြည်သူတွေအနေနဲ့ သူတို့ရဲ့ တိုင်းပြည် သူတို့ရဲ့ အချုပ်အခြာအာဏာကို ပြန်ရဖို့အတွက် ဒါဟာ အင်မတန်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အဖြစ်အပျက်ပါ။ နှစ်လကြာ တကယ့်ကို ထူးကဲတဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့ ကြပါတယ်။ ဒါဟာ အရင်တုံးက လုံးဝမရှိခဲ့ဘူးတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ဖြစ်တာကြောင့် အလွန့်ကို စိတ်လှုပ်ရှားစရာ အချိန်ကာလပါပဲ။”

စီအန်အန် ရုပ်မြင်သံကြားနဲ့ မေးမြန်းခန်းမှာတော့ အခု အာဖဂန်ရွေးကောက်ပွဲမှာ မဲပေးသူ အရေအတွက် ဘယ်လောက် ရှိသလဲဆိုတာကိုတော့ အတိအကျ မပြောနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ တာလီဘန်တွေရဲ့ ခြိမ်းခြောက်မှုတွေရှိပြီး အချို့နေရာတွေ အထူးသဖြင့်ဆိုရင် အာဖဂန်တောင်ပိုင်းမှာ ဒီအတွက် မဲပေးမှုကို ထိခိုက်ခဲ့တယ်ဆိုတာကိုတော့ ဝန်ခံပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG