သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုံမှန် မိသားစု ဆရာဝန်နဲ့သာ ဒေါ်စု တွေ့လို


ဆိုင်းငံ့ပြစ်ဒဏ် ၁ နှစ်ခွဲနဲ့ နေအိမ်မှာ ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရက စီစဉ်ပေးတဲ့ ဆရာဝန်အစား သူ့ရဲ့ အရင် မိသားစု ဆရာဝန်ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့သာ ဆေးကုသ လိုကြောင်း ပြောဆိုတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ အင်းစိန်ထောင်ကနေ နေအိမ်ကို ပြန်ပို့ခံရပြီးတော့မှ စစ်အစိုးရက အခုလို ဆရာဝန်အသစ်ကို ပြောင်းလဲစီစဉ်ခဲ့တာပါ။ အကြောင်းစုံကို စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို စစ်အစိုးရက ကြိုတင်အသိပေးခြင်း မရှိဘဲ သူ့အရင် မိသားစု ဆရာဝန်ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းအစား အခြားတယောက်ကို မကြာသေးခင်က စီစဉ်ပေးခဲ့တာပါ။ ဒါပေမယ့်လို့ အဲဒီဆရာဝန်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မသိရ တဲ့အကြောင်း အန်န်အယ်လ်ဒီ ပြောခွင့်ရသူလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

“ကျနော်တို့ သိတာက အဲဒီ အမျိုးသမီးဆရာဝန် လာတယ်၊ သူကမေးတယ်၊ ဘာဖြစ်လို့ လာတာလဲဆိုတော့ ဒီလိုပဲ အစိုးရ စီစဉ်တယ်ဆိုတာ ပြောတယ်။ သူက အစိုးရက စီစဉ်လာတဲ့ ဆရာဝန်ကို လက်ခံရေး မခံရေး ဆိုတာထက် သူ့ရဲ့ ကျန်းမာရေးကို အစဉ်တစိုက် နှစ်ရှည်လများ ကြည့်ရှုလာတဲ့ ဒေါက်တာတင်မျိုးဝင်းကိုသာ လိုချင်တယ်လို့ ပြောပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေကို သူကိုယ်တိုင်ပြောမယ်လို့ ကျနော်တို့ကို ပြောလိုက်ပါတယ်။ ကနေ့အထိတော့ ဒေါက်တာတင်မျိုးဝင်း အဲဒီကိုသွားတယ်လို့ သတင်းမရသေးပါဘူး။ ပြီးခဲ့တဲ့ သုံးလေးရက်လောက်အထိ ကျနော် ဒေါက်တာတင်မျိုးဝင်းကို တွေ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ကို ခေါ်တွေ့ မေးမြန်း အကြောင်းကြားတာ မရှိသေးဘူး လို့ သိရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်တော (John William Yettaw) ရေကူး ဝင်ရောက်ခဲ့ပြီးနောက် စစ်အစိုးရကနေ နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲ ဆိုခဲ့တာဖြစ်ပြီး သြဂုတ်လ ၁၁ ရက်နေ့ကပဲ မြန်မာနိုင်ငံ တရားရုံးကနေ ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်ခွဲနဲ့ နေအိမ်မှာ အကျယ်ချုပ် ကျခံဖို့ အင်းစိန်ထောင်ကနေ ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် ဆရာဝန် ကိုလည်း သူတို့ဘာသာ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဦးဉာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့စိတ်ကြိုက် ဆရာဝန်နဲ့ ဆေးကုသခွင့် ရှိသင့်ကြောင်း ဒီအပေါ်မှာ သူ့အမြင်ကို အခုလို ပြောခဲ့ပါတယ်။

“ကျနော် ယူဆတာကတော့ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ မိမိလုပ်ချင်တိုင်း လုပ်လို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ အဲဒီလို လုပ်နေတာလို့ပဲ နားလည်တယ်။”

အန်န်အယ်လ်ဒီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် တချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု တာဝန်ယူခဲ့ဖူးသူ လက်ရှိ ကနေဒါနိုင်ငံ အက်မွန်စတန်မြို့က အယ်လ်ဘာတန် ဆေးတက္ကသိုလ်မှာ ကထိကဖြစ်နေတဲ့ ဒေါက်တာခင်စောဝင်းကလည်း မြန်မာ စစ်အစိုးရ အနေနဲ့ လူ့အခွင့်အရေး ရှုထောင့်အရ ဒေါ်အောင်ဆန်းစုကြည်ကို သူ့မိသားစု ဆရာဝန်နဲ့ ပေးတွေ့သင့်တဲ့ အကြောင်း အခုလို ပြောခဲ့ပါတယ်။

“တကယ်ကတော့ လူ့အခွင့်အရေး ရှုထောင့်ဘက်ကပဲ ကြည့်ကြည့်၊ ဆေးပညာဘက်ကပဲ ကြည့်ကြည့်ပေါ့၊ လူနာကတော့ ကိုယ်စိတ်ကြိုက်ဆရာဝန်ကို ရွေးချယ်ခွင့်ရှိတာ အမှန်ပါပဲ။ နောက်တခုကလည်း အခုအချိန်အခါမှာ အမျိုးသမီး တယောက် လည်း ဖြစ်တယ်၊ အသက်အရွယ် ရလာတဲ့အချိန်မှာ ပိုပြီးတော့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုက စနစ်တကျနဲ့ မှန်မှန် ကန်ကန် လက်ခံရရှိဖို့က အင်မတန် အရေးကြီးပါတယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက်လည်း အင်မတန် အရေးကြီးပါတယ်။ အဲတော့ လုံခြုံရေးအရရော၊ ကျန်းမာရေး ရှုထောင့်အရရော သူ အင်မတန် ယုံကြည် စိတ်ချ ပြီးတော့ ကာလကြာရှည်ပြနေတဲ့ ဆရာဝန်နဲ့ ပြခွင့်ရဖို့တော့ လိုတာပေါ့လေ။”

ဒေါက်တာခင်စောဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေဟာ ကောင်းမွန်တယ်လို့ သူ့အကျိုးဆောင် ရှေ့နေ ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမဲ့ ဒီနှစ် မေလတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ သွေးအားနည်းတဲ့ ဝေဒနာ၊ ရေဓာတ်ခမ်းခြောက်မှုတွေကို ခံစားခဲ့ရဖူးပါတယ်။ ဒီ့မတိုင်ခင် ၂၀၀၃ ခုနှစ် စက်တင်ဘာလတုန်းကလည်း သားအိမ်ရောဂါနဲ့ ခွဲစိတ်မှုကို ခံခဲ့ရဖူးပါတယ်။ အဲဒီအချိန်က သူ့ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းဟာ ၂၀၀၃ ခုနှစ်ကစလို့ ၂၀၀၉ ခုနှစ်အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် တာဝန်ယူ ကြည့်ရှုပေးနေသူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG