သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ မြန်မာဝန်ကြီး ခရီးစဉ်အတွင်း ဂျပန်အစိုးရ တိုက်တွန်း


မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့တို့အတွက် စစ်အစိုးရကို ဂျပန်နိုင်ငံက ထပ်မံတိုက်တွန်းလိုက်ပါတယ်။ ဂျပန်နိုင်ငံကို တရားဝင် အလည်အပတ် ရောက်ရှိနေတဲ့ စစ်အစိုးရ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးလည်းဖြစ်၊ ကြံခိုင် ဖွံ့ဖြိုး ရေးအသင်းရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ဌေးဦးကို ဂျပန်အစိုးရက အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်ဌေးဦးဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်ပေမယ့် မြန်မာနိုင်ငံအတွက် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကြောင့် သူ့ကို လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး အဖြစ်နဲ့ပဲ ဖိတ်ကြားခဲ့တဲ့အကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် တာကဲရှိ အာခါမတ်ဆု (Takeshi Akamatsu) က ပြောပါတယ်။

“ဒါက ဂျပန်နိုင်ငံကနေ မြန်မာ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးကို ဖိတ်ကြားတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်နဲ့ မြန်မာအကြားမှာ အပြန်အလှန် ပြောဆိုဆွေးနွေးနေတဲ့ လုပ်ငန်းတွေ အများကြီးရှိနေပါတယ်။ ဒါဟာ အဲဒီအထဲက တခုပဲ ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းက မြန်မာပြည်အတွက် အရေးပါတယ်လို့ ကျနော်တို့ ယူဆပါတယ်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနဲ့ ပတ်သက်လို့ နှစ်ဖက် အပြန်အလှန် ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိနေပါတယ်၊ ဥပမာ စိုက်ပျိုးရေးဆိုင်ရာ စွမ်းရည်မြင့်မား တိုးတက်ရေး လုပ်ဆောင်တဲ့ နေရာမျိုးမှာ ဖြစ်ပါတယ်။”

မကြာခင်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဆိုင်းငံ့ပြစ်ဒဏ် တနှစ်ခွဲ ချမှတ် လိုက်တဲ့ ကိစ္စနဲ့ အခု ဗိုလ်ချုပ်ဌေးဦးရဲ့ ဂျပန်ခရီးစဉ် မသက်ဆိုင်ပေမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့တို့အတွက် ဗိုလ်ချုပ်ဌေးဦးကတဆင့် စစ်အစိုးရ ခေါင်းဆောင်ပိုင်းကို ဂျပန်အစိုးရက တိုက်တွန်းခဲ့တယ်လို့ မစ္စတာ အာခါမတ်ဆုက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး ဖော်ဆောင်ဖို့ အရေးကြီးတယ် ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ ဒါကြောင့်လည်း သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံး ပါဝင်နိုင်မယ့် ဒီမိုကရေစီအရေး တိုးတက်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဗိုလ်ချုပ် ဌေးဦးက တဆင့် စစ်အစိုးရကို ကျနော်တို့ တိုက်တွန်းလိုက်ပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့လည်း ကျနော်တို့ တိုက်တွန်းခဲ့ပါတယ်။ ဒီကိစ္စတွေအပေါ် ပူးပေါင်း ဆောင်ရွက်ဖို့ လည်း ဗိုလ်ချုပ်ဌေးဦးကို တိုက်တွန်းခဲ့ပါတယ်။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းချုပ်ထားတဲ့ ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အစိုးရက ဆိုင်းငံ့ပြစ်ဒဏ် တနှစ်ခွဲ ချမှတ်အပြီး သီတင်းနှစ်ပတ်လောက် အကြာမှာ ဂျပန်အစိုးရက စစ်အစိုးရ ဝန်ကြီးတဦးကို အခုလို ဖိတ်ကြားခဲ့တဲ့အတွက် မြန်မာ့အရေး လှုပ်ရှားသူတွေကြား စိုးရိမ် ပူပန်မှု တွေ ဖြစ်ပေါ်နေတာပါ။

မြန်မာနိုင်ငံမှာ စစ်အစိုးရက နိုင်ငံရေးအရ ဖိနှပ်ချုပ်ချယ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ပြုလုပ်နေ တာ ကြောင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံ အများစုက စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်နေ ပေမဲ့ ဂျပန်နိုင်ငံကတော့ အကူအညီ အထောက်အပံ့တွေ ဆက်လက် ပေးနေခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံ ကို အကူအညီ အများဆုံးပေးနေတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ၁၉၉၉ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်အကြား ODA ခေါ် ဂျပန်အစိုးရရဲ့ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ အမေရိကန်ဒေါ်လာ သန်း ၃,၀၀၀ နီးပါး ကူညီထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဌေးဦးရဲ့ အခုခရီးစဉ်ကတော့ ၂၀၀၅ ခုနှစ်က စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ဂျပန်နိုင်ငံကို တရားဝင် သွားရောက်ပြီးနောက်ပိုင်း မြန်မာစစ်အစိုးရ အဆင့်မြင့် အရာရှိတယောက် အနေနဲ့ ပထမဆုံးသွားတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG