သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမားများအပေါ် စီအိုင်အေ ကိုင်တွယ်ခဲ့မှု ပြန်စုံစမ်းမည်


အရင်သမ္မတဟောင်း ဂျော့ဂျ် ဘွတ်ရ်ှ (George W Bush) လက်ထက်တုန်းက အကြမ်းဖက်သမားလို့ မသင်္ကာသူတွေကို စီအိုင်အေ ထောက်လှမ်းရေးက စစ်ဆေးခဲ့တဲ့ ပုံစံတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ အမေရိကန် ထိပ်တန်း ဥပဒေအကျိုးဆောင် တယောက်ကို တာဝန်ပေးလိုက်ပါတယ်။

အကြမ်းဖက်သမားအဖြစ် မသင်္ကာသူတွေကို စစ်ဆေးမေးမြန်းတဲ့ နေရာမှာ စီအိုင်အေ အရာရှိတွေက ဥပဒေနဲ့အညီ လုပ်ခဲ့ရဲ့လား ဆိုတာကို စုံစမ်းဖို့ အစိုးရရှေ့နေ ဂျွန်ဒါဟမ် (John Durham) ကို တာဝန်ပေးလိုက်တယ်လို့ ရှေ့နေချုပ် အီးရစ် ဟိုလ်ဒါ (Eric Holder) က တနင်္လာနေ့က ကြေညာပါတယ်။

အကျဉ်းသားတွေကို စစ်ဆေးမေးမြန်းချိန်မှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုတိပ်ခွေတွေကို ဖျောက်ဖျက်ခဲ့တဲ့ ကိစ္စထဲက ဥပဒေကို ဘယ်သူ ချိုးဖောက်နေသလဲ ဆိုတာကို မစ္စတာဒါဟမ်က စုံစမ်းနေခဲ့တာ ဖြစ်ပါတယ်။ အရင်က ထိပ်တန်းလျှို့ဝှက်ထားတဲ့ အစီရင်ခံစာတခုကို ACLU အမေရိကန် အရပ်သား အခွင့်အရေး တောင်းဆိုတဲ့အဖွဲ့ရဲ့ ဖိအားကြောင့် စီအိုင်အေ ထောက်လှမ်းရေးဌာနက တနင်္လာနေ့မှာ လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။

ဒီအစီရင်ခံစာအရ မသင်္ကာသူတွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာ တချို့ စစ်ဆေးသူတွေဟာ Enhanced Interrogation Techniques လို့ခေါ်တဲ့ တဆင့်တိုး ညှဉ်းပန်းမှု နည်းတွေကို လုံလောက်တဲ့ အကြောင်းပြချက်တွေ မပေးဘဲ သုံးခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က တိုက်ခိုက်မှုကို အဓိက ကြိုးကိုင်သူအဖြစ် မသင်္ကာသူ ခါလစ် ရှိတ် မိုဟာမက်ကို စစ်ဆေးသူ ထောက်လှမ်းရေးအရာရှိက နောက်ထပ် ဒီလိုတိုက်ခိုက်မှုမျိုး ဖြစ်လာရင် သူ့ရဲ့ကလေးတွေ အားလုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ပြောထားပါတယ်။

၂၀၀၄ ခုနှစ်ထဲက အပြီးသတ်ရေးထားတဲ့ အစီရင်ခံစာထဲမှာ ကြမ်းတမ်းတဲ့နည်းတွေ သုံးပြီး စစ်ဆေးလို့ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ မရနိုင်ဘူးလို့ ရေးသားထားပါတယ်။ နိုင်ငံကပေးတဲ့ တာဝန်ကို နောက်မတွန့်ဘဲ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့သူ ထောက်လှမ်းရေး အရာရှိတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်သွားမယ်လို့ စီအိုင်အေ ညွှန်ကြားရေးမှူး Leon Panetta က စီအိုင်အေ ဝန်ထမ်းတွေဆီ ပေးပို့တဲ့ ရုံးတွင်း အီးမေးလ်ထဲမှာ ပြောထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG