ပြန်လည်နာလန်ထူလာနေတဲ့ တရုတ်စီးပွားရေးဟာ မတည်ငြိမ်သေးတဲ့အတွက် စီးပွားရေး ကျားကန်ရေး မူဝါဒတွေကို ဆက်ပြီး ကျင့်သုံးသွားမယ်လို့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) က ပြောကြားလိုက်ပါတယ်။ တရုတ်စီးပွားရေး အခြေအနေဟာ အင်မတန် နက်နဲတဲ့အတွက် တရုတ်တာဝန်ရှိသူတွေ အနေနဲ့ အကောင်းဘက်ကို မျက်စိစုံမှိတ်ပြီး မခန့်မှန်းသင့်ဘူးလို့ မစ္စတာဝမ်ကျားပေါင်က ပြောပါတယ်။
ကမ္ဘာ့စီးပွားရေး ပြဿနာတွင်းထဲကနေ အာရှက အရင်ဆုံး ပြန်ထွက်နိုင်လိမ့်မယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ထိုင်းအစိုးရက တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ တရားဝင် ကိန်းဂဏန်းတွေအရလည်း ထိုင်းနိုင်ငံဟာ စီးပွားရေး ပြန်လည်ဦးမော့လာနေပြီ ဆိုတာ ပြသနေပါတယ်။ ထိုင်ဝမ်မှာတော့ အလုပ်လက်မဲ့ဦးရေဟာ စံချိန်တင်ရလောက်အောင်ကို မြင့်မားနေပါတယ်။ တခါ ဖိလစ်ပိုင်နိုင်ငံမှာ ရေတို စီးပွားရေး ကျားကန်ပေးဖို့ အာရှဖွံ့ဖြိုးမှုဘဏ် (ADB) က ဒေါ်လာသန်း ၅၀၀ ချေးမယ်လို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ ဥရောပဘက်ကို ကြည့်ရင်တော့ နောက်ထပ် ထွက်ပေါ်လာတဲ့ သက်သေ အထောက်အထားသစ်တွေ အရ ဥရောပမှာလည်း ဘဏ္ဍာရေး အကျပ်အတည်းကနေ ပြန်လည် နာလန်ထူလာနိုင်တာကို တွေ့ရပါတယ်။
ယူရိုငွေကြေး သုံးစွဲတဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၆ နိုင်ငံမှာ စက်မှုလုပ်ငန်းပိုင်းက အမှာတွေ ဇွန်လထဲမှာ ၃% တက်လာတယ်လို့ အီးယူ ဥရောပသမဂ္ဂ စာရင်းဇယားဌာနက ပြောပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ်ကထက်စာရင် ၂၅% နည်းနေသေးတယ်လို့ ပြောပါတယ်။ လန်ဒန်မြို့တော်မှာ တနင်္လာနေ့က ထုတ်ပြန်တဲ့ စစ်တမ်းတခုအရ ဗြိတိန် စီးပွားရေးပညာရှင်တွေ ကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှုဟာ နှစ်နှစ်အတွင်း အမြင့်ဆုံးကို ရောက်နေတယ်လို့ ဖော်ပြနေပါတယ်။