သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျင်မ် ဝက်ဘ် တိုက်တွန်းမှု အမေရိကန်အစိုးရ အလေးအနက်ထား


အမေရိကန်ပြည်ထောင်စု အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်တွေကတဆင့် စပြီး မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေး စသင့်တယ်လို့ မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ခဲ့တဲ့ အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) က သြဂုတ်လ ၂၆ ရက်နေ့ထုတ် နယူးယောက်ခ် တိုင်းမ်စ် (New York Times) သတင်းစာမှာ သူ့ရဲ့အယူအဆ အကြံပြုချက်ကို ရေးသားခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံ သွားရောက်ခဲ့တဲ့ မစ္စတာဝက်ဘ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြင် အယူအဆတွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ မစ္စတာဝက်ဘ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် (Clinton) တို့ မကြာခင် တွေ့ဆုံဖို့ရှိပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အီယန် ကယ်လီ (Ian Kelly) က ပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ အထက်လွှတ်တော်အမတ် မစ္စတာဝက်ဘ်ကို တွေ့ဆုံပြီးတော့ သူ့ မြန်မာနိုင်ငံ ခရီးစဉ်ကိစ္စ ဆွေးနွေးကြဖို့ ရှိပါတယ်။ ဘယ်တော့ဖြစ်မလဲတော့ အသေအချာ မပြောနိုင်သေးပါဘူး။ သူ့ရဲ့အမြင် အယူအဆတွေကို ကျနော်တို့ သိရှိဖို့ မျှော်လင့်ထားပါတယ်။ နယူးယောက် တိုင်းမ်စ်မှာ ရေးသားတဲ့ သူ့အမြင် အယူအဆတွေကို ကျနော်တို့ အလေးအနက် ထားပါတယ်။”

မြန်မာနိုင်ငံအပေါ်ထားတဲ့ အမေရိကန်အစိုးရ မူဝါဒကို အိုဘားမား အစိုးရသစ်က ပြန်သုံးသပ်နေတာဟာ မကြာခင်မှာ အဖြေထွက်လာဖွယ် ရှိနေပါတယ်။ ဒီလို သုံးသပ်နေချိန်မှာ အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု ကြောင့် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးနဲ့ နိုင်ငံရေးအရ ပိုပြီး သြဇာလွှမ်းမိုးလာတယ်လို့ အထက် လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်က နယူးယောက်တိုင်းမ်စ် သတင်းစာထဲမှာ သုံးသပ်ရေးထားပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ သတ္တုတွင်း လုပ်ငန်းတွေမှာ အတော်များများ ရင်းနှီး မြှုပ်နှံ ထားသလို၊ ဒေါ်လာ ၂.၉ ဘီလီယံ တန်ဖိုးရှိတဲ့ တရုတ် မြန်မာ ရေနံပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်း ကိုလည်း ရရှိ ထားတယ်လို့ ဆိုပါတယ်။ တရုတ်အနေနဲ့ အခုလို မြန်မာနိုင်ငံအပေါ် စီးပွားရေး သြဇာလွှမ်းနေဦးမယ်ဆိုရင် နောက်ပိုင်းမှာ စစ်ရေးအရလည်း မြန်မာနဲ့ ပတ်သက်လာနိုင်တယ်ဆိုပြီး သတိပေးရေးထားပါတယ်။

ဒါကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အချို့ကို ဖယ်ရှားပြီး မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးသစ်ကို ထူထောင်ဖို့ အကြံပြုထားပါတယ်။ တဘက်မှာ မြန်မာနိုင်ငံ အရေးကိစ္စဟာ ဒေသတွင်း အင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်မှာလည်း တာဝန်ရှိတာကြောင့် မြန်မာနိုင်ငံရေးနဲ့ ပတ်သက်လို့ တရုတ်အစိုးရက ပါဝင်ပြောဆိုတာတွေ လုပ်လာဖို့ အမေရိကန်အနေနဲ့ တရုတ်ကို တွန်းအားပေးသွားဖို့ မကြာခင်က မြန်မာနိုင်ငံကို သွားခဲ့တဲ့ အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်က နယူးယောက်တိုင်းမ်စ် သတင်းစာကြီးထဲမှာ တိုက်တွန်း ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG