သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထင်ကရ အထက်လွှတ်တော်အမတ် အက်ဒွပ် ကနေဒီ ကွယ်လွန်


ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်း ဂျွန် အက်ဖ် ကနေဒီရဲ့ ညီအငယ်ဆုံးလည်းဖြစ်၊ အမေရိကန် သမိုင်းမှာ သြဇာတိက္ကမ အကြီးမားဆုံး နိုင်ငံရေးသမားတွေထဲက တဦးလည်းဖြစ်တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် အက်ဒွပ် ကနေဒီ အသက် ၇၇ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မက်ဆာချူးဆက်ပြည်နယ် Hyannis Port မြို့က နေအိမ်မှာ မနေ့နှောင်းပိုင်းကပဲ ကွယ်လွန်သွားခဲ့တာလို့ မိသားစုက ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီရဲ့ အထက်လွှတ်တော် အမတ်ဖြစ်တဲ့ ကနေဒီဟာ ကုလို့မရနိုင်တဲ့ ဦးနှောက်ကင်ဆာ ရောဂါကို ခံစားနေရတာ ၁ နှစ်ကျော်ကြာ ရှိနေပြီ ဖြစ်ပါတယ်။ သူကွယ်လွန်ခဲ့တာဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှုအဖြစ် မိသားစုက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ သူ့ကျန်းမာရေးကြောင့်လည်း ဒီနှစ်ထဲ အထက်လွှတ်တော်ကို သူသိပ်ပြီး လာရောက်နိုင်တာမျိုး မရှိခဲ့ပဲ နေထိုင်ရာ Hyannis Port ကပဲ သူ တသက်လုံး လုပ်လာတဲ့ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှုလို ကိစ္စမျိုးတွေကို လုပ်ဆောင်ပေးနေခဲ့တာပါ။

သမ္မတဟောင်း ကနေဒီ တာဝန်ယူခဲ့ဘူးတဲ့ မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် အဖြစ်နဲ့ ၁၉၆၂ ခုနှစ် ကတည်းက တာဝန်ယူလာခဲ့တာပါ။ အထက်လွှတ်တော်အမတ် အဖြစ်နဲ့ မစ္စတာကနေဒီဟာ လူမှုအခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူဝင်မှုကိစ္စလို့ လွတ်လပ်ရေး လှုပ်ရှားမှုတွေအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမားရဲ့ မဲဆွယ်လှုပ်ရှားမှု ကာလအတွင်း ကိုယ်တိုင် ထောက်ခံခဲ့တဲ့ သူ့ကို မစ္စတာအိုဘားမားက လွတ်လပ်မှုအတွက် သမ္မတက ချီးမြှင့်တဲ့ဆုကိုလည်း မကြာသေးခင်တုန်းကပဲ ပေးအပ်ခဲ့တာပါ။ သူကွယ်လွန်ခဲ့တဲ့အတွက် သူ့အရိုက်အရာကို ဆက်ခံဖို့ အထူးရွေးကောက်ပွဲ တခုကိုလည်း ကျင်းပဖို့ ရှိနေပါတယ်။

အမေရိကန်က ပြည်နယ် အတော်များများမှာတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ဒီလို လစ်လပ်သွားတဲ့ အထက်လွှတ်တော်အမတ် နေရာကို ယာယီ အစားထိုးခွင့်ရှိပေမဲ့ မက်ဆာချူးဆက်ပြည်နယ်မှာတော့ ၂၀၀၄ ခုနှစ်တုန်းကပဲ ဒီဥပဒေကို ပြင်ဆင်ထားတာပါ။ လက်ရှိဥပဒေအရ ဆိုရင်တော့ လစ်လပ်သွားတဲ့ နေရာကို အစားထိုးဖို့ ရက်ပေါင်း ၁၄၅ ရက်ကနေ ၁၆၀ အတွင်း အထူးရွေးကောက်ပွဲ တခုကို ပြုလုပ်ရွေးချယ်သွားရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG