သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရဲ့ မူဝါဒသဘောထား အစစ်အမှန်


မကြာသေးခင်က ပြန်ကြားရေးဌာန တာဝန်ခံဖြစ်သူ ဥက္ကဋ္ဌ ဦးအောင်ရွှေ ကျန်းမာရေးမကောင်း၊ ရုံးမလာနိုင်တာကြောင့် သတင်းအချက်အလက်များ အချိန်မီ ထုတ်ပြန်ရေးအတွက် ပြန်ကြားရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပြန်ကြားရေးအဖွဲ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) ခေါင်းဆောင်တဦးဖြစ်သော ဦးခင်မောင်ဆွေကို ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ အန်န်အယ်လ်ဒီရဲ့ လက်ရှိနိုင်ငံရေး လှုပ်ရှားမှု၊ ပါတီမူဝါဒ သဘောထား၊ ၂၀၁၀ ရွေးကောက်ပွဲ စသည်တို့ကို သိရှိနိုင်ဖို့ ဦးကျော်ဇံသာက ဦးခင်မောင်ဆွေကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ခင်ဗျာ။ အဲဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်မယ့် သတင်းအချက်အလက်တွေ အရင်တုန်းက ဆုံးဖြတ်ကြတဲ့အခါမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးဆောင်ပြီးတော့ ဆွေးနွေးတယ်။ အခု ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ဘယ်နှစ်ယောက် တရားဝင် ရုံးတက်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ရှိပါသလဲ။

ဦးခင်မောင်ဆွေ ။ ။ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကတော့ ရုံးမတက်နိုင်ပါဘူး။ ကျန်တဲ့ ဦးဝင်းတင်လည်း နှလုံးခုန်စက် တပ်ထားတော့ မလာနိုင်ပါဘူး။ ဦးလွန်းတင်ကလည်း ရံဖန်ရံခါမှ လာနိုင်ပါတယ်။ တနင်္လာနေ့မှာ တခါတရံ လာနိုင်ပါတယ်၊ တခါတရံ မလာနိုင်ပါဘူး။ ကျန်တဲ့ ရုံးတက်နေတာတော့ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေနဲ့ ကျနော်တို့ ဖြစ်ပါတယ်။ ကျနော်တို့ ၅ ယောက်ပဲ တက်နိုင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဆိုတော့ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်က အရေးကြီးတဲ့ကိစ္စ တစုံတရာ ဆုံးဖြတ်မယ်ဆိုရင် လောလောဆယ်မှာ ဒီပုဂ္ဂိုလ် ၅ ဦးက ဆုံးဖြတ်ကြတယ် ဆိုပါတော့။

ဦးခင်မောင်ဆွေ ။ ။ ပုဂ္ဂိုလ် ၅ ဦးက ဆုံးဖြတ်ပြီးတော့ ဥက္ကဋ္ဌ ဦးအောင်ရွှေဆီကို ကျနော်တို့ ဆုံးဖြတ်ချက်ကို ပို့ပေးပါတယ်။ ပို့ပေးပြီးရင် သူက အတည်ပြုပြီးတော့ ကျနော်တို့ ထုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ခင်ဗျာ။ ကျနော် ဒီဟာမေးရတာက အခု သတင်းတွေ အမျိုးမျိုးထွက်နေတော့ ဘယ်လိုအဆုံးအဖြတ် လုပ်တယ်ဆိုတာကို သိစေချင်လို့ပါ။

ဦးခင်မောင်ဆွေ ။ ။ ဥက္ကဋ္ဌနဲ့ ကျနော်တို့ ဗဟိုအလုပ်မှုဆောင် အဖွဲ့တို့က စဉ်ဆက်မပျက် ထိတွေ့ပြီးတော့ အလုပ်တွေ လုပ်နေတာ ဖြစ်ပါတယ်။ ယာယီအားဖြင့် မလာနိုင်တဲ့ ဦးဝင်းတင်နဲ့ ဦးလွန်းတင် လာနိုင်တဲ့အခါကြတော့ ကျနော်တို့ နောက်ထပ် ၂ ယောက် ထပ်တိုးပြီးတော့ ကျနော်တို့ ဆုံးဖြတ်ကြပါတယ်။

ဦးကျော်ဇံသာ ။ ။ စစ်အစိုးရ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လာတယ်။ စစ်အစိုးရဘက်ကတော့ ဘာမှ ဥပဒေတွေ ဘာတွေ ထုတ်ပြန်တာ မရှိသေးပေမယ့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပတ်သက်ပြီးတော့ လူတွေက အမျိုးမျိုး တွက်ဆနေကြပါတယ်။ ဘယ်လိုဆုံးဖြတ်လာမလဲ၊ ဒီအဖွဲ့ဟာ ၉၀ ပြည့် ရွေးကောက်ပွဲမှာလည်း ပြည်သူကို ဦးဆောင်မှုပေးခဲ့တာ၊ ဒီအဖွဲ့က ဘာပြောလာမလဲဆိုတာ ပြည်သူတွေ စောင့်ကြည့်နေကြပါတယ်။ ပြည်သူကို ပြောဖို့စကား တရားဝင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာပြောမယ်ဆိုတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆင်သင့်ဖြစ်ပြီလား။

ဦးခင်မောင်ဆွေ ။ ။ ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အခုလို နေအိမ်ကို ပြန်ပြီးတော့ မရောက်ခင်အထိတော့ ကျနော်တို့က အဖွဲ့ချုပ်က ထုတ်ထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်း ရှိပါတယ်။ အဲဒီ ရပ်တည်ချက်အတိုင်း ကျနော်တို့ ဆက်ပြီး ရပ်တည်နေတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ကျနော်တို့က အချက် ၃ ချက်နဲ့ တွေ့ဆုံဆွေးနွေးရေးကို မူလတောင်းပြီး တွေ့ဆုံဆွေးနွေးရေး မဖြစ်ပေါ်လို့ရှိရင်တော့ အချက် ၃ ချက်ကို တောင်းပြီးတော့ အဲဒီအချက် ၃ ချက်ကို သက်ဆိုင်ရာ အာဏာပိုင်တွေဘက်ကနေ ဆောင်ရွက်ပေးမယ်ဆိုရင် ကျနော်တို့က ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ဖို့ ရည်ရွယ်ပါတယ်လို့ ကျနော်တို့ ပြောထားပြီး ဖြစ်ပါတယ်။ ဒါဟာ အခြေခံမူပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ အခု ဒေါ်အောင်ဆန်းစုကြည်က အမှုပြီးသွားတဲ့အခါမှာ ရံဖန်ရံခါမှာ သူ့သဘောထားတွေကို သူ့ရှေ့နေ ဦးဉာဏ်ဝင်းကတဆင့် ထုတ်ပြန်နေတာကို ကြားမှာဖြစ်ပါတယ်။ အဲဒီတော့ အဲဒီလိုအခါမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောမယ်ဆိုရင်တော့ ကျနော်တို့ မှတ်သားမိတာတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ဖြေကြားထားတာ၊ ပြောထားတာ ဦးဉာဏ်ဝင်း ပြောထားတာ ရှိပါတယ်။ အဲဒီမှာ ဘာလဲဆိုတော့ တကယ်လို့ ၂၀၁၀ ရွေးကောက်ပွဲကို ဆုံးဖြတ်ကြမယ်ဆိုရင် အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ တိုင်ပင်ပြီးတော့ ဆုံးဖြတ်သွားမယ်။ အခုတော့ မပြောနိုင်သေးဘူးလို့ မစ္စတာ ဂျင်မ်ဝက်ဘ် လာတုန်းက ထုတ်ပြန်ထားတာ ရှိပါတယ်။ အဲဒီအတိုင်းပဲ ကျနော်တို့ ရှိနေပါတယ်။ ပြတ်ပြတ်သားသား ဒီထက်ထပ်ပြီးတော့ ပြောစရာ မရှိသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့၊ ဆိုတော့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဖို့ အခွင့်အခါ ရနိုင်ပါ့မလား။

ဦးခင်မောင်ဆွေ ။ ။ အချက် ၈ ချက်ထဲမှာတော့ ဧည်သည်တွေ့ခွင့် ရှိတယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။ အခုထိတော့ ဒီကိစ္စဟာ ဘာမှ ကျနော်တို့ သတင်းတစုံတရာ မကြားရသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေရဲ့ တဦးချင်း၊ အဖွဲ့ချုပ်ရဲ့ သဘောထားအနေနဲ့ မဟုတ်ဘဲ တဦးချင်း ပြောနေကြတဲ့နေရာမှာ တချို့က ရွေးကောက်ပွဲအပေါ်မှာ သဘောထား ပျော့ပျော့ပြောင်းပြောင်းရှိတဲ့ လေသံတချို့လည်း တွေ့ရပါတယ်။ တချို့ကတော့ တင်းတင်းမာမာ သဘောထားတွေ ရှိကြပါတယ်။ ဦးခင်မောင်ဆွေတို့ အနေနဲ့ ဘယ်ဘက်က ပိုပြီး များတယ်လို့ လေ့လာမိပါသလဲ။

ဦးခင်မောင်ဆွေ ။ ။ ဟုတ်ကဲ့၊ ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အခါမယ် အဲဒါမပြောခင် ရွှေဂုံတိုင် ကြေညာစာတမ်းကို ပြောရမှာ ဖြစ်ပါတယ်။ ရွှေဂုံတိုင် ကြေညာစာတမ်းဟာ အဖွဲ့ချုပ်မူအဖြစ်နဲ့ ကျနော်တို့ တိုင်းနဲ့ပြည်နယ် အဖွဲ့ချုပ်တွေနဲ့ အဆင့်ဆင့်သော မြို့နယ်အဖွဲ့ဝင်တွေအထိ ကျနော်တို့ တက်ရောက်တဲ့အခါကြတော့ ဒီအပေါ်မှာ တစုံတရာ ကန့်ကွက်ခြင်း၊ ပြန်လည်ဆွေးနွေးခြင်း မရှိတဲ့အတွက်ကြောင့် ဒီဟာက အားလုံးခံယူထားတဲ့ အချက်ကြီး ဖြစ်ပါတယ်။ အဲဒီတော့ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ချင်တဲ့လူတွေက တဦးချင်း တယောက်ချင်း ရှိကောင်းရှိပါလိမ့်မယ်။ ထိုနည်းလည်းကောင်းပဲ မဝင်ဘူးဆိုပြီး ဆုံးဖြတ်တဲ့လူလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ ရွှေဂုံတိုင် ကြေညာစာတမ်းမှာ အဖွဲ့ချုပ်ဟာ ဒီမိုကရေစီတိုက်ပွဲကို စွန့်ခွာမသွားဘူး၊ ပြည်သူနဲ့အတူ ရှိမယ်ဆိုတာ ရေးထားတာကို ဖတ်မိကြမယ်ဆိုလို့ရှိရင် ဒီမိုကရေစီ နိုင်ငံရေးပါတီ တခုအနေနဲ့ ရွေးကောက်ပွဲတွေကို မဆန့်ကျင်ဘူးဆိုတဲ့ သဘောကို တွေ့ရမှာဖြစ်တယ်။

သို့သော်လည်းပဲ မဆန့်ကျင်တာနဲ့ ဝင်တာနဲ့ မတူပါဘူး။ မဆန့်ကျင်ဘူးဆိုတာ မူဖြစ်ပြီး ဝင်တာ မဝင်တာက အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ အဲဒီတော့ ဒီအပေါ်မှာ တဦးချင်း တယောက်ချင်းရဲ့ ဝင်ခြင်း၊ မဝင်ခြင်းဆိုတာ တဦးချင်း၊ တယောက်ချင်းရဲ့ သဘောထားသာ ဖြစ်ပြီးတော့ အဖွဲ့ချုပ်ရဲ့ သဘောထား မဟုတ်ပါဘူး။ အဲဒီတော့ ကျနော်တို့က သေချာပေါက် စစ်တမ်းကောက်ထားတာ မရှိတော့ အတိအကျတော့ မပြောနိုင်ပါဘူး။ သို့သော်လည်း အများစုက ရွှေဂုံတိုင် ကြေညာစာတမ်း အပေါ်မှာ ရပ်တည်နေလျက် ရှိပါတယ်လို့ ကျနော် သေချာပေါက် ပြောနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရွှေဂုံတိုင် ကြေညာစာတမ်း ၃ ချက်ကို အကြမ်းဖျင်း ပြန်ပြောရင် ကောင်းမယ်ထင်ပါတယ်။ ဘာတွေလဲလို့။

ဦးခင်မောင်ဆွေ ။ ။ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတာ ကျနော်တို့ရဲ့ မူကြီးပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံဆွေးနွေးရေးကို ကမ်းလှမ်းပြီး ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံးကြေညာချက်မှာလည်း တကယ်လို့သာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လိုချင်ကြတယ်ဆိုရင် အချိန်မနှောင်းသေးပါဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးနဲ့ ဖြေရှင်းပါဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က နံပါတ်တစ် တွေ့ဆုံဆွေးနွေး အဖြေရှာရေးနဲ့ အားလုံးသော ဥပဒေရေး ပြဿနာ၊ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့က အလေးအနက် ယုံကြည်ထားပါတယ်။

သို့သော် တွေ့ဆုံဆွေးနွေးရေး မဖြစ်လို့ရှိရင် နံပါတ်တစ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းသားအားလုံးကို လွှတ်ပေးရမယ်။ နံပါတ်နှစ် အခြေခံဥပဒေမှာ ဒီမိုကရေစီကို သွားနိုင်မယ့် တံခါးပေါက် ဖွင့်ထားပေးဖို့၊ ပြင်ဆင်ဖို့ တောင်းထားပါတယ်။ နံပါတ်သုံးအချက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံတကာက စောင့်ကြည့်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ရွေးကောက်ပွဲကြီးကို ကျင်းပပေးမယ်ဆိုရင် ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ပါတယ်ဆိုပြီး ကျနော်တို့ ပြောထားတာ အတိအလင်း ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့၊ လူတွေက ရွှေဂုံတိုင် ကြေညာစာတမ်း ထုတ်ပြန်ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲတယ်၊ အခု ပြစ်ဒဏ်စီရင်တယ်ဆိုတာ လုပ်လိုက်တော့ ဒါဟာ ရွှေဂုံတိုင် ကြေညာစာတမ်းကို လက်မခံနိုင်ဘူးဆိုတာ စစ်အစိုးရဘက်က ပြသလိုက်ခြင်း ဖြစ်တယ်လို့ တချို့က အဓိပ္ပာယ် ကောက်ယူကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရော ဒီလို မကောက်ယူဘူးလားခင်ဗျ။

ဦးခင်မောင်ဆွေ ။ ။ ကျနော်တို့ကတော့ ပြဿနာတွေကို တွဲပြီး မမြင်ပါဘူး၊ ခွဲပြီး မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တဲ့ကိစ္စက အမှုကြောင်းအရ ဖြစ်ပြီးတော့ ရွေးကောက်ပွဲကိစ္စက ရွေးကောက်ပွဲကိစ္စပဲ ဖြစ်ပါတယ်။ နိုင်ငံရေးကိစ္စက နိုင်ငံရေးကိစ္စပဲ ဖြစ်ပါတယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ချမှတ်ထားတဲ့ အပြစ်တွေရဲ့ ကာလကိုကြည့်ပြီး တချို့ကလည်း ရွေးကောက်ပွဲကို မဝင်နိုင်အောင် ကန့်သတ်တယ်ဆိုတဲ့ သဘောတွေ ပြောလာတာ ရှိပါတယ်။ ဒါဟာတော့ ဖြစ်နိုင်ခြေတွေက အများကြီးပါပဲ။ ဘယ်ဟာကိုမှ ကျနော်တို့က လက်ဆုပ်လက်ကိုင်ပြောလို့ မရသေးပါဘူး။

ကျနော်တို့က နိုင်ငံရေးကို ဗေဒင်ဟောသလို ဟောလို့မရတဲ့ အခါကြတော့ ဖြစ်စဉ်တွေရဲ့ လားရာတွေကို ကြည့်ပြီးတော့သာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကြိုပြီးတော့ ပြောလို့မရတဲ့ အနေအထားမှာ ရှိပါတယ်။ မြန်မာပြည်နိုင်ငံရေးဟာ အင်မတန်မှလည်း ရှုပ်ထွေးပါတယ်။ ပြီးတော့ ဒီနေ့ ဒီလိုပြောပြီး မနက်ဖြန် ဟိုလိုဖြစ်တာလည်း ရှိပါတယ်။ အဲတော့ ကျနော်တို့က မူပေါ်မှာ အသေအချာ ရပ်တည်ပြီးတော့ ကိုယ့်မူကိုယ် ကိုင်စွဲပြီးတော့ ရပ်တည်နေဖို့သာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ဆက်လက် ရှေ့ကိုလည်းပဲ မူကိုကိုင်စွဲပြီးတော့ ရပ်တည်သွားမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု လောလောဆယ်မှာ လူတွေက ပြောကြပါတယ်၊ ပြစ်ဒဏ် လျှော့ပေါ့တယ်ဆိုတာက သူတို့ စကားအလှ သုံးထားတာ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်မှုထင်ရှား ကျူးလွန်ခဲ့သူ ဖြစ်တယ်ဆိုတဲ့ မှတ်တမ်းအရ သူ့ကို နိုင်ငံရေးက ပိတ်တာတို့၊ ရွေးကောက်ပွဲဝင်ခွင့် ပိတ်တာတို့ လုပ်လာဖို့အတွက် လုပ်တယ်ဆိုပြီး ယုတ်စွအဆုံး တွက်ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်လိုမြင်ပါသလဲခင်ဗျ။

ဦးခင်မောင်ဆွေ ။ ။ ကျနော်ကတော့ဗျာ အဆိုးမမြင်သလို အကောင်းလည်း မမြင်ဘူးဗျ။ ကျနော် အဆိုးမြင်ဘက်က မရပ်တည်သလို အကောင်းမြင်ဘက်ကလည်း မရပ်တည်ပါဘူး။ ကျနော်တို့က နိုင်ငံရေးဖြစ်စဉ်တွေကို ကြည့်ပြီး လက်တွေ့ကျတဲ့ သဘောက သွားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အခု ဆိုင်းငံ့ပြစ်ဒဏ် တနှစ်ခွဲ ထားပြီးတော့ ခြံထဲမှာ အကျယ်ချုပ်ထားတဲ့ သဘော ဖြစ်ပါတယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထပ်ပြီး အယူခံဝင်ခွင့် ရှိမယ်ဆိုတဲ့ သဘောလည်း တွေ့ရပါတယ်။ အောက်ရုံးက အမှုတွေဟာ အထက်ရုံး အထက်ရုံးတွေမှာ တရားရင်ဆိုင်ပြီးတော့ ဖြေရှင်းခွင့်လည်း ရှိနေပါသေးတယ်။ အဲဒီဖြေရှင်းခွင့်တွေ ရမရဆိုတဲ့ အဖြေပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ကြရဦးမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့၊ ဦးခင်မောင်ဆွေက အကောင်းလည်း မမြင်ဘူး၊ အဆိုးလည်း မမြင်ဘူးဆိုတော့ ရွေးကောက်ပွဲဝင်မယ့် ကိစ္စကိုရော ဦးခင်မောင်ဆွေရဲ့ ပုဂ္ဂိုလ်ရေး သဘောထား ဘယ်လိုရှိပါသလဲ။

ဦးခင်မောင်ဆွေ ။ ။ ကျနော့်အမြင်ကို ပြောမယ်ဆိုရင်တော့၊ ၂၀၁၀ ရွေးကောက်ပွဲကို မေးတာကိုး၊ ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အကျိုးစီးပွားကို ဆောင်နိုင်မယ့် ရွေးကောက်ပွဲ ဆိုရင်တော့ ပြည်သူလူထုနဲ့ တိုင်းပြည် အကျိုးဖြစ်မှာပဲ။ ဒီမိုကရေစီ အကျိုးစီးပွားကို မဆောင်ဘဲ ဆိုရင်တော့ ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ အခြေအနေတွေ ဘာမှမထူးဘဲ၊ ဘာမှ ပြောင်းလဲခြင်းမရှိတဲ့ အခြေအနေတွေ ဖြစ်မှာမို့ နှစ် ၆၀ ကျော် နိုင်ငံရေး နာတာရှည် ရောဂါကြီးကိုလည်း ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ တပွဲတည်းနဲ့တော့ ဘယ်ပြဿနာမှ ဖြေရှင်းလို့ မရနိုင်ပါဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တုတ်တုတ်ထိ မသွားဘဲနဲ့ ဆိုရင်တော့ ရွေးကောက်ပွဲတွေဟာ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်မယ့်အချက် မဟုတ်ဘူး ဆိုတာကိုတော့ ကျနော် ခံယူထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လုပ်မယ်ဆိုရင်တော့ ဦးခင်မောင်ဆွေ ပြောသလို ဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်ဘူးလို့ သတ်မှတ်တယ်လို့ ယူဆပါတယ်။ ဆိုတော့ အဲဒီဥပဒေထဲမှာ ပြင်စေချင်တယ်ဆိုတာ အဓိကအားဖြင့် ဘယ်လိုအချက်မျိုးကို ဘယ်လိုပြင်သင့်တယ်လို့ အကြမ်းဖျင်း ပြောနိုင်မလားခင်ဗျ။

ဦးခင်မောင်ဆွေ ။ ။ ကျနော် ဒီမှာ မပြောနိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဖွဲ့စည်းပုံဥပဒေကိုတော့ ပြင်သင့်တယ်ပေါ့။

ဦးခင်မောင်ဆွေ ။ ။ ကျနော်ပြောတာ ရှင်းပါတယ်။ အခြေခံဥပဒေမှာ ပြည်သူတွေကို ဒီမိုကရေစီလူ့ဘောင် ရောက်နိုင်မယ့်၊ သွားနိုင်မယ့် လမ်းကြောင်း၊ တံခါးတပေါက် ဖွင့်ရင်ကိုပဲ ရွေးကောက်ပွဲထဲကို ကျနော်တို့က သွားနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်က အထမြောက် အောင်မြင်နိုင်ပါတယ်။ အခြေခံဥပဒေမှာ ပြည်သူတွေ ဒီမိုကရေစီကို သွားနိုင်မယ့် တံခါးပေါက် တချပ်တောင်မှ ဖွင့်မထားဘူးဆိုရင်တော့ ကျနော်တို့ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးလည်း မရနိုင်သလို နိုင်ငံရေးပြဿနာတွေလည်း ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို တကယ်တမ်း သယ်ဆောင်နိုင်မယ့် အဖြစ်မျိုး၊ အခြေအနေ အပြောင်းအလဲကြီးတခုကို သယ်ဆောင်နိုင်မယ့် အဖြစ်မျိုး၊ ငြိမ်းချမ်းခြင်း၊ သာယာခြင်း၊ ဝပြောခြင်းဆိုတဲ့ အဆင့်ကိုလည်း ရောက်မယ့် အဖြစ်မျိုးကိုတော့ တုတ်တုတ်ထိ မရောက်နိုင်ဘူးလို့ ပြောနေတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဖြစ်စေချင်တာက ပြင်ပါ၊ ဘယ်လိုပြင်ရမယ်၊ ဘယ်အချက်ဆိုတာတော့ ပြောလို့မဖြစ်ဘူးပေါ့။

ဦးခင်မောင်ဆွေ ။ ။ ဒါတွေက ကျနော်တို့ သတင်းမီဒီယာတွေကို ထုတ်ပြောရမယ့် အကြောင်းတွေ မဟုတ်ပါဘူး။ ကျနော်တို့က တွေ့ဆုံဆွေးနွေးပြီးတဲ့ အခါကြမှသာလျှင်၊ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေး ဆိုတာကလည်း ကြိုတင် စည်းကမ်းသတ်မှတ်ထားချက် မရှိတဲ့အခါကြတော့ ဆွေးနွေးမယ့် အရာတွေကို ကြိုတင်ထုတ်ဖော် ပြောဆိုဖို့ အခြေအနေ မရှိပါဘူး၊ ပြောလည်း မပြောသင့်ပါဘူး။ အဲဒါကို မေးမယ်ဆိုရင် ဖြေမှာမဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့၊ ဆွေးနွေးတဲ့အခါမှာသာလျှင် ဘယ်ဟာကိုပြင်ပါ ဘာညာ ပြောသွားမှာပေါ့၊ သဘောက။

ဦးခင်မောင်ဆွေ ။ ။ ဆွေးနွေးတဲ့အခါမှာ ခင်ဗျားတို့ကိုပြောမှာ မဟုတ်ပါဘူး။ ကျနော် အာဏာပိုင်တွေကို ဒီဟာဒီဟာတွေကတော့ဖြင့်ရင် ဒီမိုကရေစီ အကျိုးစီးပွားကို သယ်ဆောင်ဖို့ မထိုက်တဲ့အတွက်ကြောင့် ဒါတွေကိုတော့ ပြင်ပေးမှ သင့်တော်ပါမယ်။ ဒါမှသာလျှင် ကျနော်တို့က ပြည်သူနဲ့အတူ၊ ဒီမိုကရေစီ အကျိုးစီးပွားနဲ့အတူ ဆက်ပြီးတော့ ရှေ့နိုင်ငံရေးခရီးကို လျှောက်နိုင်မှာ ဖြစ်ပါတယ်၊ ညှိနှိုင်းနိုင်မှာ ဖြစ်ပါတယ်လို့ ကျနော် ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထား အစစ်အမှန်ကို သုံးသပ်တင်ပြနိုင်ဖို့အတွက် ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ အဖွဲ့ချုပ် သတင်းပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေရဲ့ ပြောကြားချက်တွေထဲမှာ နံပါတ်တစ်အချက်ကတော့ သူတို့ဟာ ရွှေဂုံတိုင် ကြေညာချက်ကို စွဲကိုင်ဆဲ၊ နံပါတ်နှစ် စစ်အစိုးရဘက်က ဒီကြေညာချက်အပေါ် တုံ့ပြန်မှု မရှိသေးဘူးလို့ သူတို့ မှတ်ယူဆဲ၊ နံပါတ်သုံးကတော့ တချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောလာမယ့် စကားကိုလည်း စောင့်စားဆဲလို့ နားလည်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG