သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ယခင်ထက် ပိုတင်းကျပ်


အမေရိကန်နိုင်ငံသားတယောက်ကြောင့် တရားစွဲခံရပြီး နေအိမ်အကျယ်ချုပ် ထပ်မံကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ တကယ်တော့ ဥပဒေအရ လွတ်မြောက်နေသင့်သူ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတယောက်ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အခု တရားရုံးက ပြစ်ဒဏ် ၃နှစ်ချလိုက်တယ်။ တနှစ်ခွဲကို နအဖက ပယ်ဖျက်လိုက်တယ်။ တနှစ်ခွဲကျန်တယ်။ အဲဒီ တနှစ်ခွဲ ကို ဆိုင်းငံ့လိုက်တယ်။ ဆိုင်းငံ့တယ်ဆိုတာ ရပ်ဆိုင်းထားတာပေါ့။ အဲဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက် နေရမယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က မလွတ်မြောက်ဘူး။ နအဖရဲ့ စာအရ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ပြန်ပြီးတော့ နေနေရတယ်။”

ဥပဒေအရ အချုပ်နှောင်ကင်းကင်းနဲ့ နေရမှာဖြစ်ပေမဲ့ နေအိမ်အကျယ်ချုပ်နဲ့ ဆက်ပြီး ချုပ်နှောင်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် လက်ရှိ ကန့်သတ်ထားချက်တွေဟာ အရင်ကထက် တင်းကျပ်နေတယ်လို့လည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အရင်ကထက် လုံခြုံရေး ပိုတင်းကျပ်တယ်။ မိမိစိတ်ကြိုက် မိမိရွေးချယ်တဲ့ ဆရာဝန်နဲ့ ဆေးစစ်ခွင့်မရဘူး။ တခြား ဘယ်ကိုမှ ဘာအဆက်သွယ်မှ လုပ်လို့မရဘူး။ ဘယ်ဧည့်သည်မှလည်း တွေ့ခွင့်မရဘူး။ ကျွန်တော်တု့ိ ပိုမိုတင်းကျပ်တယ်လို့ မြင်ပါတယ်။”

လောလောဆယ် ဆိုင်းငံ့ပြစ်ဒဏ် တနှစ်ခွဲကို နေအိမ်အကျယ်ချုုပ်ဘဝနဲ့ နေနေရတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက အယူခံဝင်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒီကိစ္စအတွက် ရှေ့နေ ၄ ယောက်လုံးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ကြာသပတေးနေ့မှာ တွေ့ဆုံခွင့်ရဖို့ကိုလည်း သက်ဆိုင်ရာဆီက ခွင့်ပြုချက်ရထားပါတယ်။

“အဓိကက အယူခံကိစ္စပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ခရိုင် တရားရုံးက အပြစ်တွေ့ရှိထားတာကို အယူခံမယ်။ အယူခံနဲ့ ပတ်သက်ပြီး ဥပဒေရော၊ အကြောင်းအချင်းအရာကိုရော ရေးထားပါပြီ။ ဒေါ်အောင်းဆန်းစုကြည်နဲ့ အတည်ပြု မယ်။ လိုအပ်ရင် ထပ်ဖြည့်မယ်။ မလိုတာတွေ ဖျက်မယ်။ အဲဒီ သဘောပါပဲ။”

ဒီအမှုအတွက် အယူခံဝင်နိုင်ခွင့်ဟာ တကြိမ်ပဲရှိတာကို ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

“ဗမာပြည်မှာ လက်ရှိကျင့်သုံးနေတဲ့ ဥပဒေအရ ဒီအယူခံဟာ တကြိမ်ပဲရှိတယ်။ ဒီအယူခံမှာ မအောင်မြင်ရင် တရားရုံး ချုပ်မှာ ပြင်ဆင်မှုလို့၊ အယူခံလို့ မခေါ်တော့ဘူး၊ ပြင်ဆင်မှုလို့ခေါ်တဲ့ အဲဒါကို တကြိမ် သွားလို့ရပါတယ်။ နောက်ဆုံးမှာ မအောင်မြင်ခဲ့ရင် နောက်ထပ် အထူးအယူခံဆိုပြီး တကြိမ်သွားလို့ ရပါတယ်။”

အမေရိကန်တယောက် ခွင့်ပြုချက်မရဘဲ နေအိမ်ခြံဝင်းအတွင်း ခိုးဝင်လာတာကြောင့် ဒေါ်အောင်ဆန်းစုကြည် တရားစွဲ ခံ ရပြီး သြဂုတ်လ ၁၁ ရက်နေ့တုန်းက ရန်ကုန်မြောက်ပိုင်း အထူးတရားရုံးကနေ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ကာ ထောင်ဒဏ် ၃ နှစ် ချခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီးရဲ့ သမီးဖြစ်တဲ့အတွက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆိုင်းငံ့ထောင်ဒဏ် တဝက် လျှော့ချပေးထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG