သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အထက်လွှတ်တော် ကျွမ်းကျင် တာဝန်ရှိသူတွေ အန်န်အယ်လ်ဒီနဲ့ တွေ့မည်


အမေရိကန် အထက်လွှတ်တော်အမတ်တွေရဲ့ ကျွမ်းကျင်သူတွေဟာ သြဂုတ်လ ၂၈ ရက်၊ သောကြာနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တာဝန်ရှိသူတွေနဲ့ လာရောက်ဆွေးနွေးဖို့ ရှိနေပါတယ်။ ဘယ်အကြောင်းအရာတွေကို ဆွေးနွေးမှာလဲဆိုတာ တိတိကျကျ မသိရသေးပေမယ့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ ပတ်သက်တာတော့ ပါလိမ့်မယ်လို့ NLD တာဝန်ရှိသူတဦးက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဗာဂျီးနီးယားပြည်နယ်က အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) မြန်မာနိုင်ငံက ပြန်သွားပြီး သီတင်းနှစ်ပတ်တောင် မရှိသေးတဲ့ အချိန်အတွင်းမှာပဲ အမေရိကန် အထက်လွှတ်တော်နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံ ထပ်ရောက်သွားပြီး အခုလို NLD နဲ့ တွေ့ဆုံဖို့ ရှိနေတာပါ။ ဗုဒ္ဓဟူးနေ့ကပဲ New York Times သတင်းစာထဲမှာ မစ္စတာဝက်ဘ်က ဆောင်းပါးတစောင် ရေးသားပြီး မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူထားတာကို ဂရုတစိုက် သတိကြီးကြီးထားပြီး အမြန်ဆုံး လျှော့ချဖို့နဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စကားပြောဆိုဖို့ အမေရိကန် အစိုးရကို တိုက်တွန်းရေးသားခဲ့ပါသေးတယ်။

တွေ့ဆုံမယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

“ကျနော်တို့နဲ့ မနက်ဖြန် ချိန်းထားပါတယ်၊ ညနေပိုင်း။ အမတ်တွေ မဟုတ်ပါဘူး၊ Staff တွေပါ။ အမတ်တွေရဲ့ Staff။ ကျနော်တို့ သိသလောက်တော့ ဆီနိတ်တာ (Senator) တွေရဲ့ Staff လို့ အဲဒီလို သိရပါတယ်။ Professional Staff လို့ အဲဒီလိုသိရပါတယ်။ တဦးချင်း တယောက်ချင်းရဲ့ Staff တွေ မဟုတ်ဘူး။ ဆီနိတ်တာတွေအတွက် Subject အလိုက် Staff လုပ်ရတဲ့ Professional Staff တွေလို့ ကျနော်တို့ အဲဒီလို နားလည်ထားပါတယ်။”

ဒီလို တွေ့ဆုံဖို့ကိစ္စကို ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက အကြောင်းကြားခဲ့တာဖြစ်ပြီး NLD ရုံးချုပ်မှာ လာတွေ့ကြမှာ ဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

အခုအချိန်ကာလဟာဖြင့် အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကျင့်သုံးမယ့် မူဝါဒ သဘောထားတွေကို ပြန်ပြောင်း သုံးသပ်နေချိန် ဖြစ်ပါတယ်။ စတင်သုံးသပ်ခဲ့တဲ့ အချိန်ကာလမှာပဲ မြန်မာအာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုခဲ့တာကြောင့် မူဝါဒပိုင်း သုံးသပ်တာတွေ နှောင့်နှေးရတယ်လို့ အမေရိကန် တာဝန်ရှိသူတွေ ကိုယ်တိုင်က ပြောထားဖူးပါတယ်။ ဒီကာလကြားထဲမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်ဟာ နိုင်ငံခြားရေးရာ မူဝါဒ ချမှတ်ရာမှာ သြဇာကြီးတဲ့ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ကော်မတီခွဲ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

New York Times သတင်းစာမှာ ရေးသားခဲ့တဲ့ ထင်မြင်ချက် ဆောင်းပါးမှာလည်း မြန်မာနိုင်ငံကို ဒဏ်ခတ်အရေးယူမှု လျှော့ချရေးကိစ္စ၊ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ဝင်ပြိုင်ရေး ကိစ္စတွေကို အလေးထား ရေးသားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အစီအစဉ်တွေကတဆင့် မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေး စတင်သင့်တယ် ဆိုပြီးတော့လည်း ရေးသားခဲ့ပါတယ်။

သောကြာနေ့မှာ တွေ့ဆုံကြတဲ့အခါ ဘယ်ကိစ္စတွေ ဆွေးနွေးကြမယ်ဆိုတာ တိတိကျကျ မသိရသေးပေမယ့် အဲဒီ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကိစ္စ ပါလိမ့်မယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အသေးစိတ်တော့ ကျနော်လည်း မပြောနိုင်ဘူးဗျ။ ကျနော်နားလည်သလောက် သူတို့က Humanitarian Aid နဲ့ ပတ်သက်ပြီး အဓိကအချက် ပါတယ်လို့ ပြောတယ်။ Humanitarian Aid နဲ့ပတ်သက်ရင် ကျနော်တို့ဘက်က ဘယ်လိုပြောမယ်ဆိုတာ တကဏ္ဍ၊ ကျနော်တို့မှာ Policy ရှိပြီးသားပဲလေ။ Humanitarian Aid က Accountability, Transparency ဒီလိုဟာတွေ ရှိရမယ်လေ။ ဒီအပေါ်မှာပဲ ကျနော်တို့ဘက်ကတော့ ရပ်တည်ပြီး ပြောမှာပါ။”

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မစ္စတာဝက်ဘ်က မြန်မာနိုင်ငံကို ရောက်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ရော၊ အကျဉ်းကျနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ရှားရှားပါးပါး တွေ့ဆုံခွင့်ရခဲ့သူ ဖြစ်သလို နှစ်များစွာအတွင်း အခုလို တွေ့ဆုံခဲ့ရတဲ့ ပထမဆုံး အမေရိကန် နိုင်ငံရေးခေါင်းဆောင် တဦးလည်း ဖြစ်နေတာမို့ အမေရိကန် ပြည်ထောင်စုမှာ မြန်မာ့အရေး သူ့ရဲ့ ပြောဆိုချက်တွေဟာ အနည်းနဲ့အများတော့ ထိရောက်မှု ရှိလာနိုင်ပါတယ်။ အခုကိုပဲ သူ သတင်းစာထဲမှာ ရေးသားတဲ့ အမြင် အယူအဆတွေကို အလေးအနက် ထားပါတယ်လို့ သမ္မတအိုဘားမား အစိုးရဘက်က ပြောလာရပါပြီ။

အခု အထက်လွှတ်တော် ဝန်ထမ်းတွေရဲ့ ခရီးစဉ်ဟာ မစ္စတာဝက်ဘ် ခရီးစဉ်ရဲ့ နောက်ဆက်တွဲ ပထမဆုံး ဖြစ်ပေါ်တိုးတက်မှုလို့ ဆိုမယ်ဆိုရင် မမှားပါဘူး။

ဒီအဖွဲ့ဟာ အခု NLD နဲ့ တွေ့ဆုံတာအပြင် တခြား ဘယ်သူတွေနဲ့ တွေ့ဆုံမှာလဲ၊ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေနဲ့ရော တွေ့ဆုံဦးမှာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

XS
SM
MD
LG