သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွား


စစ်အစိုးရက သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေ အားလုံးကို နယ်ခြားစောင့်တပ်အသွင် ပြောင်းဖွဲ့ဖို့ ဖိအားပေးနေရာမှာ အခုဆိုရင် MNDAA မြန်မာပြည် အမျိုးသား သွေးစည်းညီညွတ်ရေး တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့နဲ့ စစ်အစိုးရအကြား တင်းမာမှုတွေဟာ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က စပြီး အရှိန်မြင့်တက်လာခဲ့ပါတယ်။ ဒီတင်းမာမှုဟာ ဒီကနေ့ဆိုရင် ဥက္ကဋ္ဌဟောင်း ဖုန်ကြားရှင် ခေါင်းဆောင်တဲ့ အဖွဲ့ဘက်က မြန်မာရဲတပ်ဖွဲ့ကို ဝင်ရောက်ပစ်ခတ်တဲ့အထိ ဖြစ်လာနေပါတယ်။ ဒီကနေ့ ညနေပိုင်းမှာတော့ နှစ်ဘက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာပြီး မြန်မာစစ်တပ်က ပစ်တဲ့ အမြောက်ကျည်တချို့ဟာ တရုတ်နိုင်ငံဘက် ကျပြီး အရပ်သားတွေ ထိခိုက်ကုန်တယ်လို့ သိရပါတယ်။ တရုတ်-မြန်မာ နယ်စပ်က နောက်ဆုံးဖြစ်နေတဲ့ အခြေအနေတွေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

အပစ်ရပ် ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရ တပ်တွေကြားမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ပြီး အခြေအနေတွေ တင်းမာနေရာကနေ ဒီကနေ့ မနက်ပိုင်းမှာ ကိုးကန့်တပ်ဖွဲ့က ရဲစခန်းကို သွားဝိုင်းရင်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ မြန်မာရဲတပ်ဖွဲ့ဘက်က တယောက်သေပြီး တယောက်ဒဏ်ရာရတယ်လို့ တရုတ်-မြန်မာနယ်စပ်က အခြေအနေကို စောင့်ကြည့်လေ့လာနေသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။ ဒီလို ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်တာဟာ ကိုးကန့်အဖွဲ့နဲ့ မြန်မာစစ်အစိုးရကြား ပထမဆုံး တိုက်ခိုက်မှုဖြစ်ခဲ့ပြီး ညနေပိုင်းမှာတော့ နှစ်ဘက်အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်ဖြစ်ခဲ့တယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

“ညနေ ၄ နာရီက စဖြစ်တယ်၊ ၆ နာရီ ၄၅ မှာ ပြီးတယ်။ အဲဒီမှာထပ်ပြီး တပ်တွေ သွင်းနေတယ်။ မနက်ဖြန် မနက်မှာတော့ အခြား တပ်ရင်း ၁၀ ရင်း၊ ၁၅ ရင်း သွင်းပြီး ဖြည့်မယ်နဲ့တူတယ်၊ တိုက်ပွဲက။ ဒါပေမယ့် ပထမဆုံး တိုက်ပွဲကတော့ သူဦးတော့ ဆိုးသွားတယ်။ သူ တော်တော်ထိတယ်။ စခန်းတခု ကျတယ်။ နောက် အဆိုးဆုံးက သူကနေပစ်တဲ့ အမြောက်က တရုတ်ပြည်ထဲကျပြီး တရုတ်ပြည်ထဲမှာ အရပ်သားတွေ သေကျေ ဒဏ်ရာရတာတွေ ဖြစ်ကုန်တယ်။”

ဒီတိုက်ပွဲတွေဟာ အနည်းဆုံး သုံးနေရာလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်တွေဘက်က တခြားအပစ်ရပ် မဟာမိတ်အဖွဲ့တွေလည်း ပါဝင်လာနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့တွေက ကိုးကန့်တပ်တွေဘက်က ပါဝင်နေတယ် ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ ကိုးကန့်တပ်ဖွဲ့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အပစ်ရပ်အဖွဲ့တွေကတော့ ဝအမျိုးသား သွေးစည်းညီညွတ်ရေးပါတီနဲ့ ဦးစိုးလင်း ခေါင်းဆောင်တဲ့ မိုင်းလားတပ်ဖွဲ့တွေ ဖြစ်ပါတယ်။

မကြာမီရက်ပိုင်းတွေ အတွင်းက ကချင်ပြည် လွတ်လပ်ရေး တပ်မတော်ခေါ် ကေအိုင်အေ အဖွဲ့ဟာလည်း အပစ်ရပ်အဖွဲ့တွေ အချင်းချင်း တဖွဲ့နဲ့တဖွဲ့ ကူညီကြဖို့ သဘောတူထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ရှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် မိုင်းတုံ၊ မိုင်းဆတ်ဘက်က တောင်ပိုင်း ဝတပ်ဖွဲ့တွေကိုလည်း မြန်မာစစ်တပ်တွေဘက်က ဖိအားပေးလာတာတွေ ရှိတယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနက ဦးခွန်ဆိုင်းက ပြောပါတယ်။

“မနေ့ကပဲ မိုင်းတုံက ဗျူဟာမှူးကလည်း ဒီမှာရှိတဲ့ ဝတွေကို သူတို့တပ်တွေ ရုပ်ခိုင်းတယ်။ တောင်ပိုင်းက မိုင်းတုံနဲ့ ဘီဂျီဝမ်း အနောက်ဘက်မှာရှိတဲ့ တပ်တွေ အကုန်လုံး ရုပ်ပေးပါလို့ တောင်းဆိုတယ် ပြောတယ်။”

အခုလို ကိုးကန့်တပ်တွေနဲ့ မြန်မာစစ်တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို အသေးစိတ် သတင်းတွေတော့ မသိရသေးပါဘူး။

ကိုးကန့်တပ်ဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေထဲမှာ ပထမဆုံး မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်ခဲ့တဲ့အဖွဲ့ ဖြစ်သလို သူနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အခြား တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေကလည်း တဖွဲ့နဲ့တဖွဲ့ အခက်အခဲရှိလာတဲ့ အချိန်မှာ အပြန်အလှန် ကူညီကြဖို့ သဘောတူညီထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG