သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုန်းတော်ကြီး ဒလိုင်း လားမား ထိုင်ဝမ်ခရီးစဉ် တရုတ်အစိုးရ ကန့်ကွက်


အဝေးရောက် တိဗက် ဘာသာရေးခေါင်းဆောင် ဒလိုင်း လားမား (Dalai Lama) ထိုင်ဝမ်ကျွန်းကို လူသားချင်း စာနာထောက်ထားမှု ပြသတဲ့ ခရီးစဉ်အဖြစ် လာဖို့အတွက် လက်ခံလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် အလေးအနက် ကန့်ကွက်ကြောင်း တရုတ်အစိုးရက ပြောဆိုလိုက်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ရပ်တည်နေတဲ့ ထိုင်ဝမ်ကျွန်းကို ဘုန်းတော်ကြီး ဒလိုင်း လားမား လာမယ့် ဘယ်လိုခရီးစဉ်မျိုးကိုမဆို ကန့်ကွက်မှာ ဖြစ်တဲ့အကြောင်း တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာဗျူရိုက ဒီကနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ဒီလထဲမှာပဲ ထိုင်ဝမ်မှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းဒဏ် ခံခဲ့ရသူတွေကို ဖြေသိမ့်ဖို့နဲ့ ဆုတောင်းဖို့အတွက် ဖိတ်ကြားထားတာကို သမ္မတ မာရင်ဂျောင်း (Ma Ying-jeou) က လက်ခံခဲ့တာပါ။ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အခု အလည်အပတ် ခရီးစဉ်ဟာ လူသားချင်း စာနာထောက်ထားမှုနဲ့ ဘာသာရေးအရ စဉ်းစားသုံးသပ် လက်ခံခဲ့တာမို့ တခြားဆက်ဆံရေးတွေမှာ အကျိုးသက်ရောက်မှုတွေ မရှိသင့်ဘူးဆိုပြီး ပြောဆိုခဲ့ပါတယ်။ တရုတ်အစိုးရဘက်ကတော့ ဒလိုင်း လားမားဟာ ဘာသာရေးကို အသုံးချပြီး ခွဲထွက်ရေးအတွက် လုပ်နေတယ်ဆိုပြီး ထပ်တလဲလဲ စွပ်စွဲနေတာပါ။

ထိုင်ဝမ်ကျွန်းကို အခုလို ဘုန်းတော်ကြီး အလည်အပတ် လာရောက်ဖို့ အတွက်ကိုတော့ အတိုက်အခံ ဒီမိုကရက်တစ် တိုးတက်ရေးပါတီက ဖိတ်ကြားခဲ့တာကို သမ္မတက ဒီကနေ့မှာ လက်ခံလိုက်တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG